အီရတ်နိုင်ငံတ၀န်း အထွေထွေမကျေနပ်မှုတွေကြောင့် သောကြာနေ့က လူထုအုံကြွမှုနေ့အဖြစ်သတ်မှတ်ပြီး ထောင်သောင်းချီတဲ့ အီရတ်ပြည်သူတွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြရာမှာ လုံထိန်းတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လို့ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ရှီအိုက်ဘာသာရေး ခေါင်းဆောင်တွေက ဆန္ဒပြပွဲကို သိပ်အားမပေးခဲ့တာကြောင့် ခန့်မှန်းထားသလောက်တော့ လူတွေပါဝင်တာမတွေ့ရပါဘူး။ ဆန္ဒပြမှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ အီရတ်ဝန်ကြီးချုပ် နူရီအယ်လ် မလိခီ က သူ့လစာကို လျှော့ချပေးလိုက်ပြီး ဆင်းရဲသားတွေအတွက် စားနပ်ရိက္ခာထောက်ပံ့ရေးစရိတ် တိုးပေးလိုက်ပါတယ်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တာရီဟာယင်ပြင်မှာ မနေ့က ထောင်သောင်းချီတဲ့လူထု စုဝေးခဲ့ကြပြီး စစ်တပ်က ကတိပေးထားတာနဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပေးဖို့ ဖိအားပေးတောင်းဆိုခဲ့ကြပါတယ်။
ယေမင်နိုင်ငံမှာလည်း သမ္မတ အလီ အက်ဘ်ဒူလာ ဆာလေရဲ့ ၃၂ နှစ်ကြာ အုပ်ချုပ်မှုသက်တမ်း ကုန်ဆုံးနိုင်ရေးအတွက် ထောင်သောင်းချီတဲ့လူထု ဆားနားမြို့တော်မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဒီလဆန်းပိုင်ကတည်းကစတင်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ အနည်းဆုံး ၁၂ ယောက်ရှိသွားခဲ့ပါပြီ။