သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းအုံကြွမှုနှင့် အရှေ့တောင်အာရှအတွေ့အကြုံ


အရှေ့အလယ်ပိုင်းအုံကြွမှုနှင့် အရှေ့တောင်အာရှအတွေ့အကြုံ

လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် အရှေ့အလယ်ပိုင်းကပြည်သူတွေ အခုဆန္ဒပြတောင်းဆိုနေကြသလိုပဲ အာရှကပြည်သူတွေဟာလည်း ၁၉၈၀နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အလားတူ ဆန္ဒပြတောင်းဆို ခဲ့ကြဖူးပါတယ်။ မြန်မာနိုင်ငံအပါအ၀င် အကျပ်အတည်းမျိုးစုံကို ခံစားခဲ့ရတဲ့ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေဟာ အောင်မြင်ခဲ့တာရှိသလို နှိမ်နှင်းခံလိုက်ရတာတွေလည်း ရှိပါတယ်။ လူထုအုံကြွမှုတွေကြောင့် အာဏာရှင်တွေဆင်းပေးလိုက်ရပြီး ဒီမိုကရေစီအသွင် ပြောင်းခဲ့ကြတဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေဟာ ဒီကနေ့ ပြည်သူတွေ တကယ်လိုလားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါရဲ့လား။ ဘန်ကောက်ရုံးက ဗွီအိုအေသတင်းထောက် Heda Bayron သုံးသပ်ချက်ကို မနော်ရှိုးက တင်ပြထားပါတယ်။

အီဂျစ်နိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေ သီတင်းပတ် ၂ ပတ်လောက် ဆက်တိုက်ဖြစ်ပွားပြီးတဲ့နောက် သမ္မတ ဟိုစနီမူဘာရက် (Hosni Mubarak) နုတ်ထွက်သွားပြီးမကြာခင်မှာပဲ ဖိလစ်ပိုင်သမ္မတ ဘန်နစ်နိုအကွီနို (Benigno Aquino III) က အီဂျစ်ပြည်သူတွေနဲ့အတူ တလုံးတ၀တည်းရှိတယ်လို့ ကြေညာခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ မစ္စတာ အကွီနိုရဲ့မိခင် ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇွန်အကွီနို (Corazon Aquino) လက်ထက်၊ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းကလည်း မနီလာမြို့တော်က လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြတဲ့ ထောင်သောင်းချီတဲ့ပြည်သူတွေရဲ့ အင်အားနဲ့အတူ စစ်တပ်ထဲကနေ ပြည်သူနဲ့လက်တွဲပြီး ပါဝင်ခဲ့ကြသူတွေလည်း ရှိတာကြောင့် သမ္မတမားကို့စ် ပြုတ်ကျပြီး အမေရိကန်နိုင်ငံကို ထွက်ပြေးခိုလုံခဲ့ရတာပါ။ ဒီဖြစ်ရပ်ဟာ တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း လူထုလှုပ်ရှားမှုတွေဖြစ်စေဖို့အတွက် တွန်းပို့ပေးခဲ့သလို ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အာဏာရှင်ကိုဖြုတ်ချပြီးတာနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးက အလိုအလျောက် လိုက်မလာဘူးဆိုတာကို ဖိလစ်ပိုင်နိုင်ငံရဲ့ ကြုံတွေ့ရပုံကိုကြည့်ပြီးသိနိုင်ပါတယ်။ သမ္မတ မားကို့စ် ပြုတ်ကျသွားပြီး ဖိလစ်ပိုင်နိုင်ငံဟာ နှစ်အတန်ကြာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အာရှတလွှား စီးပွားရေးနဲ့ အုပ်ချုပ်စီမံခန့်ခွဲမှု ပြောင်းလဲရေးလုပ်ငန်းတွေကို ပံ့ပိုးပေးနေတဲ့ အစိုးရမဟုတ်တဲ့ Asia Foundation အဖွဲ့ရဲ့ ဖိလစ်ပိုင်က တာဝန်ခံ Steven Rood က အခုလို သုံးသပ်ပြောပြပါတယ်။

“အဲဒီတုန်းက စစ်အာဏာသိမ်းတော့မယ့် အခြေအနေတွေ ခဏခဏကြုံခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ အရင်အာဏာရှင်ခေါင်းဆောင်နဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းတွင်းက စစ်တပ်နဲ့ အရပ်သားခေါင်းဆောင်တချို့က အာဏာရှင်မရှိတော့တဲ့နောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းကို အံဝင်ခွင်ကျမဖြစ်ကြတော့ပါဘူး။ အာဏာရှင်ကိုဖြုတ်ချခဲ့ရာမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍပါဝင်ခဲ့တာမှန်ပေမဲ့ သူတို့က တက်လာတဲ့အစိုးရသစ်နဲ့ လွယ်လွယ်ကူကူတော့ သဟဇာတမဖြစ်ပါဘူး။”

အီဂျစ်နိုင်ငံမှာဆိုရင်လည်း အာဏာရှင် မူဘာရက်ကိုဖြုတ်ချတဲ့အခါမှာ စစ်တပ်ရဲ့အခန်းကဏ္ဍက အရေးပါခဲ့ပါတယ်။ နောက် ၆ လအတွင်း ရွေးကောက်ပွဲတွေမကျင်းပသေးခင် ကြားကာလမှာ နိုင်ငံတော်အုပ်ချုပ်မယ့်တာဝန်ကို စစ်တပ်က အခု ထမ်းဆောင်ပေးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာလည်း ၁၉၉၈ ခုနှစ် အာဏာရှင်သမ္မတ ဆူဟာတိုပြုတ်ကျသွားပြီးတဲ့နောက် စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အများက စိုးရိမ်မကင်းဖြစ်ခဲ့တာပါ။ ဆူဟာတို မရှိတဲ့နောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံဟာ ခွဲထွက်ရေးလှုပ်ရှားမှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ကပဲ ပြန်ပြီးအာဏာသိမ်းလိမ့်မယ် ဆိုပြီးတော့ နိုင်ငံရေးအကဲဖြတ်တချို့က သုံးသပ်ခဲ့ပါတယ်။ အင်ဒိုနီးရှားမှာက စစ်တပ်ဟာ ကာကွယ်ရေးတာဝန်အပြင် လွတ်တော်မှာ အမတ်နေရာရဖို့အာမခံနဲ့ နိုင်ငံရေးတာဝန်ကိုပါ ယူထားတာပါ။ ဒါပေမဲ့ ဆူဟာတိုမရှိတဲ့နောက်ပိုင်းမှာ စစ်တပ်က ခေါင်းဆောင်တချို့က စစ်တပ်အာဏာသိမ်းမှုတွေထပ်မဖြစ်ဘဲ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာဖို့အတွက် မဖြစ်မနေ ကြိုးစားခဲ့ကြတယ်လို့ စင်္ကာပူအခြေစိုက် Rajaratnam နိုင်ငံတကာလေ့လာရေးတက္ကသိုလ်က အင်ဒိုနီးရှားအရေးကျွမ်းကျင်သူ Leonard Sebastian က ပြောပါတယ်။

“အဲဒီတုန်းကကံကောင်းတာတခုက စစ်တပ်ထဲမှာ သဘောထားတွေက အမျိုးမျိုးရှိနေလေတော့ စစ်တပ်ကအင်အားကြီးပေမဲ့ အာဏာကိုလက်ဝါးကြီးအုပ်တာမျိုး လုပ်နိုင်စွမ်းမရှိခဲ့ပါဘူး။ အဲဒီလိုမလုပ်ဖို့ကို ပြည်တွင်းကရော၊ အမေရိကန်နဲ့ နိုင်ငံတကာက ဖိအားပေးမှုတွေကလည်း ရှိနေခဲ့တာပါ။ တတိယအချက်က စစ်တပ်အတွင်းမှာ ပြုပြင်ပြောင်းလဲလိုတဲ့သူတွေက စစ်တပ်ကို နိုင်ငံရေးမှာ ၀င်စွက်တာတွေကို ဖယ်ရှားပြီးတော့ ကာကွယ်ရေးကဏ္ဍမှာရပ်တည်တဲ့စစ်တပ် ပီပီသသဖြစ်ဖို့ တစိုက်မတ်မတ် ကြိုးစားခဲ့တဲ့သူတွေ ရှိပါတယ်။”

အဲဒီလို အင်ဒိုနီးရှားနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို တစိုက်မတ်မတ်လုပ်လာတဲ့ စစ်အရာရှိတွေထဲက တယောက်ကတော့ အခုလက်ရှိသမ္မတ ဆူစီလိုဘန်ဘန်း ယူဒိုယိုနို ဖြစ်ပါတယ်။ အာဏာရှင်အစိုးရ ပြုတ်ကျပြီးတဲ့နောက် နိုင်ငံတော်အာဏာကို အရပ်သားခေါင်းဆောင်တွေလက်ထဲ တိတိပပလွှဲပြောင်းပေးနိုင်ဖို့ဆိုရင် စစ်တပ်ရဲ့အခန်းကဏ္ဍကိုလည်း သတ်သတ်မှတ်မှတ် ထားပေးဖို့အရေးကြီးတယ်လို့ Asia Foundation က မစ္စတာ ရုဒ် ကဆိုပါတယ်။

“မျှမျှတတဖြစ်အောင် လုပ်ငန်းစဉ်အရပ်ရပ်ကို အင်မတန်သိမ်မွေ့စွာ ကိုင်တွယ်ရပါတယ်။ ဒီလိုဖြစ်ဖို့ ဖိလစ်ပိုင်ဟာ ၁၀ နှစ်လောက် ဖြတ်သန်းလိုက်ရပါတယ်။ အခုလည်း ဆက်ပြီး ကြိုးစားနေရဆဲပါပဲ။”

ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက အတွေ့အကြုံတွေကနေ ပြောမယ်ဆိုရင် အပြောင်းအလဲလို့ပြောလိုက်ရင် အရင်ကမျက်နှာဟောင်းတွေက ချက်ချင်း ကွယ်ပျောက်သွားမယ့် အနေအထားမရှိပါဘူး။ ဖိလစ်ပိုင် သမ္မတဟောင်း မားကို့စ်နဲ့ သူ့ရဲ့မိသားစုဝင်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒေါ်လာသန်းပေါင်း များစွာ အဂတိလိုက်စားမှုတွေနဲ့ပတ်သက်ပြီး စွပ်စွဲခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီကနေ့ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံရေးမှာ မစ္စတာ မားကို့စ်ရဲ့ ဇနီး၊ သမီးနဲ့သားဖြစ်သူတွေဟာ ရွေးကောက်တင်မြှောက်ခံ ရာထူးတွေမှာ ယူထားနေကြဆဲဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာဆိုရင်လည်း ၂၀၀၈ ခုနှစ် ဆူဟာတိုကွယ်လွန်ပြီးတဲ့နောက် သူ့ရဲ့မိသားစုဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးကဏ္ဍတွေ တော်တော်များများကို ဆက်ပြီး ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ဆူဟာတိုရဲ့ Golkar ပါတီဟာလည်း အခုချိန်ထိ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေဆဲဖြစ်ပါတယ်။

XS
SM
MD
LG