သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် အလုပ်သမားများ မှတ်ပုံတင် ထိုင်းနိုင်ငံ စတင်


တရားမဝင် အလုပ်သမားများ မှတ်ပုံတင် ထိုင်းနိုင်ငံ စတင်
တရားမဝင် အလုပ်သမားများ မှတ်ပုံတင် ထိုင်းနိုင်ငံ စတင်

ထိုင်းနိုင်ငံမှာ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေက အလုပ်သမားတွေကို တရားဝင် အလုပ်လုပ်ခွင့် လျှောက်ထားဖို့ ထိုင်းအစိုးရက ဒီနေ့ ဇွန်လ ၁၅ ရက်နေ့မှာ စတင် လုပ်ဆောင်ပေးပြီလို့ သိရပါတယ်။ ဇူလိုင်လ ၁၄ ရက်အထိ တလကြာ လုပ်ဆောင်ပေးမယ့် အဲဒီ အစီအစဉ်အရ လျှောက်ထားသူတွေဟာ ယာယီ နိုင်ငံကူး လက်မှတ်တွေ လျှောက်ထားကြဖို့ လိုတယ်လို့ ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ မဟာချိုင်ဒေသကို ရောက်ရှိနေတဲ့ မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် မရှိဘဲ မြန်မာ၊ ကမ္ဘောဒီးယား၊ လောနိုင်ငံတွေကနေ လာရောက်နေသူတွေ အတွက် အလုပ်လုပ်ခွင့်လက်မှတ် လုပ်ပေးမယ့် စခန်းတွေကို ဒီနေ့ ထိုင်းနိုင်ငံ နေရာ အနှံ့အပြားမှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ရေလုပ်ငန်းမှာ ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၀၀,၀၀၀ ကျော် ရှိနေတဲ့ စမွတ်စခွန်ခေါ် မဟာချိုင်မှာလည်း အလုပ်သမားလက်မှတ် လုပ်ပေးနေတာမို့ လက်မှတ်မရှိသေးတဲ့ အလုပ်သမားတွေရဲ့ အလုပ်ရှင် အများအပြား လာရောက်ပြီး စာရင်းသွင်းခဲ့တယ်လို့ အလုပ်သမားရုံးက မြန်မာစကားပြန် ကိုဇော်က ပြောပါတယ်။

“တနှစ်စာ ခေတ္တနေထိုင်ခွင့် လက်မှတ်ပေါ့၊ ပြီးတော့ တနှစ်တနှစ် လုပ်ပေးမယ်။ အခုဖွင့်ပေးတယ် ဆိုတာက လုံး၀ မရှိသေးတဲ့ သူတွေအတွက်ပဲ ဖွင့်ပေးတာ။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ရှိခဲ့တဲ့ သူတွေက တနှစ်တခါ သက်တမ်းတိုးရတယ်။ တလပိုင်းနဲ့ နှစ်လပိုင်းကတည်းက သူတို့ သက်တမ်း တိုးပြီးသွားပြီ။ အခု ၆ လပိုင်း ကြားထဲမှာ တင်မယ့်သူတွေက လုံး၀ မရှိတဲ့သူတွေပဲ တင်မှာ။ ဒီ စမွန်စခွန်ခရိုင်ဆိုရင် စမွတ်စခွန် ခရိုင်တခွင်ပဲ သွားလို့ရတယ်။

“ဒါပေမဲ့ ဒီလက်မှတ် လုပ်ပြီးတာနဲ့ ကျနော်တို့ တဆင့် ယာယီ နိုင်ငံကူးလက်မှတ် လုပ်ခွင့်ရှိတာပေါ့။ ဘာမှ အထောက်အထား မရှိဘူးဆိုရင် ယာယီ နိုင်ငံကူးလက်မှတ် လုပ်ပိုင်ခွင့် မရှိဘူး။ အခု တနှစ်စာ နေထိုင်ခွင့်ကတ် လုပ်ပြီးတာနဲ့ နိုင်ငံသား စစ်ဆေးတဲ့စာရွက် တင်မယ်။ သံရုံးကတဆင့် မြန်မာပြည်ကို ပို့ပြီးတော့ ယာယီ နိုင်ငံကူးလက်မှတ် ပြန်ထုတ်ပေးမယ်၊ မြန်မာပြည်က တဆင့်။ အခုလက်ရှိ သက်တမ်းတိုးပြီးသား ရှိတာကတော့ အားလုံး ၁၂၀,၀၀၀ နဲ့ ၁၃၀,၀၀၀ ပတ်ဝန်းကျင်မှာရှိတယ်။ ဒီကနေ့လုပ်မှာ အတိအကျ ပြောလို့မရသေးဘူး။ လူဦးရေ ဘယ်လောက်ရှိမလဲဆိုတာ ဒီတလအတွင်းမှာ ကြည့်ရမယ်၊ ၇ လပိုင်း ၁၄ ရက်နေ့။”

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ လာရောက်နေသူတွေအတွက် လက်မှတ်အသစ်တွေ ထပ်ပြီး လုပ်ပေးဖို့ ပြီးခဲ့တဲ့နှစ်က မြန်မာအစိုးရက ထိုင်းအစိုးရကို တောင်းဆိုခဲ့ပါတယ်။ အခု အလုပ်သမားလက်မှတ် ရသူတွေ အနေနဲ့ ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ထားရမှာဖြစ်ပြီး ဒီလက်မှတ်ရှိတဲ့ မြန်မာနိုင်ငံသား အလုပ်သမားဟာ ထိုင်းအလုပ်သမားနည်းတူ ခံစားခွင့်တွေ ပေးဖို့အတွက် ထိုင်းအစိုးရက သဘောတူခဲ့တယ်လို့ မဟာချိုင်ဒေသက အလုပ်သမားလက်မှတ် ထုတ်ပေးတဲ့စခန်း စပြီး ဖွင့်တဲ့နေရာကို လာရောက်ခဲ့တဲ့ မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က ပြောပါတယ်။

“ထိုင်းအလုပ်သမား ဝန်ကြီးဌာန အနေနဲ့ အာမခံချက် ပေးတာကတော့ Temporary Passport ရရှိပြီးတဲ့ အလုပ်သမားတယောက်သည် ထိုင်းနိုင်ငံ အလုပ်သမားတယောက်ကဲ့သို့ ခံစားခွင့် ရှိတယ်၊ အာမခံချက်ရှိတယ် ဆိုတာကို ကျနော်တို့ နှစ်ဘက် အပြည့်အ၀ သဘောတူပြီး ဖြစ်ပါတယ်။ အဲဒီ ယာယီပတ်စ်ပို့ ရထားပြီးသား လူတွေက ရန်ကုန်မှာသွားပြီးတော့ ပုံမှန် ပတ်စ်ပို့ကို လျှောက်ရင်တော့ ပုံမှန်ပတ်စ်ပို့ ပြန်ရမှာပေါ့။ ဒီဥစ္စာကို ဒီမှာပဲ ပြောင်းပေးဖို့ကတော့ လောလောဆယ် မကိုင်တွယ်နိုင်သေးပါဘူး။

“ဘာကြောင့်လဲဆိုတော့ အလုပ်သမား သန်းဂဏန်းနဲ့ချီပြီး လုပ်နေကြတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က အဲဒီဘက်ကို ခြေဦး မလှည့်နိုင်သေးပါဘူး။ သို့သော်လည်း သူတို့က Temporary Passport ကို ကိုင်ချင်တယ်ဆိုရင် ရန်ကုန်မှာသွားပြီး Temporary Passport လျှောက်ရင်လည်း အခု အချိန်တို အတွင်းမှာ ထုတ်ပေးနေပါတယ်။”

နိုင်ငံသားစိစစ်ရေးလက်မှတ် ထုတ်ပေးနိုင်မယ့် ရုံးတွေကို ထိုင်းနိုင်ငံထဲမှာ လာရောက်ဖွင့်ပေးဖို့ကိစ္စ အတွက်တော့ လောလောဆယ်မှာ မပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ အခု အလုပ်သမားလက်မှတ် လုပ်ပေးတဲ့ လျှောက်လွှာမှာ အလုပ်သမားအပြင် သူ့ကို မှီခိုနေတဲ့ မိသားစုတွေ အတွက်ပါ စာရင်း ကောက်ယူခဲ့သလို ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်ခွင့် အတွက်ပါ အာမခံကြေးတွေ ပေးသွင်းရမှာ ဖြစ်ပါတယ်။

အခုလို အလုပ်သမားတွေအတွက် လက်မှတ်အသစ်တွေ ပြန်ပြီး လုပ်ပေးတာမို့ အဆင်ပြေသူတွေ ရှိလာပေမဲ့ ဒီလက်မှတ်တွေကို အလုပ်ရှင်တွေက ချုပ်ကိုင်ထားတာကြောင့် အလုပ်သမားတွေအတွက် အခက်အခဲတွေ ရှိနေသလို လုပ်အားခနည်းတဲ့ ဒေသတွေက အလုပ်သမားတွေအဖို့ လက်မှတ်ခငွေကို လုံးခနဲ မပေးနိုင်ဘဲ အခက်အခဲတွေ ရှိနေတယ်လို့ မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက ပြောပါတယ်။

“အားနည်းချက် ရှိနေတာက အလုပ်ရှင်တွေက ဒီလက်မှတ်တွေကို သူတို့ အာမခံထားတဲ့အတွက် သိမ်းထားတဲ့ ကိစ္စတွေ၊ အလုပ်ရှင်ရဲ့ ခွင့်ပြုချက် မရှိဘဲနဲ့ အလုပ်ပြောင်းလို့ မရဘူးဆိုတော့ အဲဒီ အခြေအနေအောက်မှာ အလုပ်သမားတွေ ဒုက္ခရောက်တယ်။ အလုပ်ရှင်တွေက ချုပ်ကိုင်ထားသလို ဖြစ်တယ်။ လက်မှတ်ခက အလုပ်သမားအတွက် အခွန် အစိုးရကို ပေးရတာက ၁,၉၀၀၊ ကျန်းမာရေး ဆေးစစ်ခနဲ့ တနှစ်စာ အာမခံက ၁,၉၀၀ ဖြစ်တဲ့အတွက် အားလုံးပေါင်း ၃,၈၀၀ ကျတယ်။ တချို့ဒေသတွေမှာ လုပ်အားခ နည်းတဲ့အတွက် တပြိုင်နက်တည်း မပေးနိုင်ဘူး။ မပေးနိုင်တဲ့အတွက် တချို့ အလုပ်သမားတွေက မလုပ်နိုင်ဘူးဆိုတော့ ဒီအခက်အခဲတွေ ရှိတယ်။”

ထိုင်းနိုင်ငံထဲမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၃,၀၀၀,၀၀၀ ကျော် ရှိနေပြီး ဒီအလုပ်သမားတွေရဲ့ ကျန်းမာရေးနဲ့ တရားဝင် အကူအညီ ရရေးအတွက် အခက်အခဲတွေကို ဒီနှစ်ဆန်းပိုင်းကလည်း မြန်မာနိုင်ငံထဲမှာ ထိုင်းအလုပ်သမားဝန်ကြီး ချလုန်ချွန်းဆီရွန်နဲ့ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG