သုံးရလွယ်ကူစေသည့် Link များ

မိကျောင်းကန် ပြဿနာ မပြေလည်သေး


မြို့တော်ခန်းမရှေ့မှာ ဘိုးဘွားပိုင်မြေ ပြန်လည်ရရှိရေး စခန်းချဆန္ဒပြနေကြသူ မိကျောင်းကန်ပြည်သူများ။ (ဓာတ်ပုံ- ဝေမှူးသွင်/ဒီဇင်ဘာ ၁၄၊ ၂၀၁၄)
မြို့တော်ခန်းမရှေ့မှာ ဘိုးဘွားပိုင်မြေ ပြန်လည်ရရှိရေး စခန်းချဆန္ဒပြနေကြသူ မိကျောင်းကန်ပြည်သူများ။ (ဓာတ်ပုံ- ဝေမှူးသွင်/ဒီဇင်ဘာ ၁၄၊ ၂၀၁၄)

သင်္ကန်းကျွန်း၊ မိကျောင်းကန်မြေသိမ်းခံရမှုနဲ့ပတ်သက်လို့ ဖြေရှင်းပေးဖို့တောင်းဆိုနေတာ တနှစ်ကျော်ပြီဖြစ်ပေမဲ့ အခုချိန်ထိ အာဏာပိုင်တွေဘက်က သေသေချာချာ ဖြေရှင်းမပေးသေးတဲ့အတွက် မြေအသိမ်းခံရသူတွေဟာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ထပ်မံဆန္ဒပြနေကြပါတယ်။ အခုဆန္ဒပြနေတာ သုံးရက်ကြာနေပြီဖြစ်ပေမဲ့ အာဏာပိုင်တွေဘက်က တေ့တေ့ဆိုင်ဆိုင်ခုထိ ညှိနှိုင်းတုံ့ပြန် ဆောင်ရွက်တာမျိုးမရှိသေးဘူးလို့ ဆန္ဒပြသူတွေကဗွီအိုအေကိုပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က ဆက်သွယ်စုံစမ်းတင်ပြထားပါတယ်။

ဆန္ဒပြသူတွေအဓိကတောင်းဆိုနေတာက သူတို့ဆုံးရှုံးခဲ့တဲ့ဘိုးဘွားပိုင်မြေတွေအတွက် အစိုးရဘက်က တုံ့ပြန်ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ အရင် နအဖအစိုးရလက်ထက်ကတည်းက အသိမ်းခံရတဲ့မြေတွေအတွက် ပြေလည်အောင်ဆောင်ရွက်ပေးဖို့ မိကျောင်းကန်ပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့တာဖြစ်တယ်လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ဦးမောင်မောင်က ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ မရမချင်းမထတော့ဘူး၊ အစိုးရတရပ်အနေနဲ့ အာမခံချက်တခုခု ကျနော်တို့ကိုရအောင် ပေးမှ၊ ပြမှ ပြန်မယ်ဆိုပြီးတော့ အခု ဒါ သုံးကြိမ်မြောက်ပေါ့နော်။"

မေး။ ။ အခု ဒီ မြို့တော်ခန်းမရှေ့နဲ့ ရန်ကုန်မြို့လယ်ကောင်တွေမှာ ထိုင်သပိတ်လုပ်နေတာ သုံးရက်မြောက် ရှိနေချိန်မှာ သက်ဆိုင်ရာအစိုးရဘက်က ဘယ်လို တုံ့ပြန်တာမျိုးတွေ ရှိလဲရှင့်။

ဖြေ။ ။ ညနေကတော့ စည်ပင်တွေကတော့ တုတ်တွေနဲ့တော့ ဖြတ်လျှောက်သွားတာ တွေ့တယ်။ နင်လား ငါလား အဲလိုမျိုးလာပြီး ဝင်ရောက်ဖျက်ဆီးတာမျိုးတော့ မရှိသေးဘူး။ ပထမတော့ နည်းနည်းတော့ မလိမ့်တပတ်နည်းနဲ့ ဟန့်ထားတာပေါ့။ ဟန့်ထားပေမယ့်လည်း ကျနော်တို့က - မဟုတ်ဘူး၊ ကျနော်တို့ ဒီမှာထိုင်နေတာလည်း ၉ လရှိသွားပြီ။ ကြာပြီ၊ ကျနော်တို့မြေတွေကို ကျနော်တို့ကို ပြန်ပေးရင်လည်းပေး၊ ကျနော်တို့တောင်းဆိုထားတာက ဒီလိုပါ၊ ဒီမြေကို ပြန်ရမှမဟုတ်ပါဘူး။ တကယ်လို့ လက်ရှိ မြေကွက်လပ်တွေ ရှိနေတဲ့အပိုင်းပေါ့နော်၊ မိကျောင်းကန်မြေကွက်လပ်ရှိတယ်။ အဲဒီမြေကွက်ကို ကျနော်တို့ကို ပြန်လည်ပြီးတော့ ပေးရင်ပေး၊ မပေးရင်လည်းပဲ အဲဒီရဲ့ တူညီတဲ့လက်ရှိ ကာလပေါက်ဈေးကို ကျနော်တို့ကိုပေးပါ။ အဲဒီလို ကာလပေါက်ဈေးကို မပေးနိုင်ဘူးဆိုရင်လည်းပဲ ကျနော်တို့ကို အစားထိုးမြေအဖြစ်ပေးပါဆိုပြီး အဲဒီလို ကျနော်တို့က တောင်းဆိုထားတာပါ။

မေး။ ။ မြို့တော်ခန်းမရှေ့သပိတ်စခန်းမှာ ဘယ်သူတွေ ပါဝင်လဲရှင့်။

ဖြေ။ ။ အမျိုးသမီးလည်းများတယ်။ အမျိုးသားတွေလည်း ပါပါတယ်။ ကြီးတဲ့လူတွေ များပါတယ်။ အသက် ၆၀ ကျော်၊ ၇၀ ကျော်၊ အဖွားကြီးတွေ၊ အဖိုးကြီးတွေ ရှိပါတယ်။ ကျန်းမာရေးလည်း တော်တော်လေး ထိခိုက်ပါတယ်။ ဘာဖြစ်လို့လဲဆို ကျနော်တို့က ဖြတ်သန်းလာခဲ့တာ မိုးရာသီလည်း တရာသီလုံး၊ နောက်ပြီးတော့ နွေရာသီ။ နွေရာသီသုံးလလုံး၊ ပြီးတဲ့အခါကျ မိုးရာသီ၊ တမိုးလုံး။ ပြီးတဲ့ အခါကျတော့ အခု ဆောင်းဝင်လာတဲ့အခါကျ နည်းနည်းလည်းအေးတယ်။ အေးတဲ့အခါကျ တော်တော်လေးကို ရာသီတွေ ဖြတ်သန်း လာတဲ့အခါကျ ကျန်းမာရေးလည်း ထိခိုက်တယ်။ အဲဒီအတွက် ဒီမှာ အစိုးရက ညှိနှိုင်းလို့မရအတူတူတော့ မထူးတော့ဘူး ဆိုပြီးတော့ ကျနော်တို့က အခု အရဲစွန့်ပြီး ကျနော်တို့က မြို့တော်ခန်းမရှေ့မှာ ဖမ်းရင်လည်းဖမ်း၊ ညှိနှိုင်းရင်လည်း ညှိနှိုင်းပေါ့-အဲဒီတော့ အစိုးရက မညှိနှိုင်းခဲ့ဘူးဆိုရင်လည်း - - ကျနော်တို့အားလုံး တိုင်ပင်ပြီးတော့ မြို့တော်ခန်းမရှေ့မှာ ထပ်ပြီးတော့ ထိုင်သပိတ်ပြတာ။

မေး။ ။ အခု အဲဒီတော့ အရင်က မိကျောင်းကန်ဘက်မှာ အသိမ်းခံခဲ့ရတဲ့ အဲဒီမြေက ဒီတိုင်းပဲထားနေလား၊ အဲဒီမြေမှာ အာဏာပိုင်တွေဘက်က ဘာတွေလုပ်ထားလဲရှင့်။

ဖြေ။ ။ တပ်ပိုင်မြေဆိုပြီးတော့ သူတို့က ဆိုင်းဘုတ်တပ်ထားပြီးတော့ ခြံစည်းရိုးခတ်တယ်။ ကျနော်တို့ လမ်းလျှောက်ပြီး စဆန္ဒပြတာနဲ့ ခြံစည်းရိုးခတ်ပစ်လိုက်တယ်။ မြေကွက်လပ်ကြီးက အဲဒီအတိုင်းရှိတယ်။ အဲဒါကို သူတို့က ခြံစည်းရိုးခတ်ပစ်လိုက်တယ်။ အကျယ်ကြီးပဲ ရှိသေးတယ်။ ၃၃.၈၅ ဧကလားမသိဘူး၊ အားလုံးပေါင်း။

လက်ရှိမြို့တော်ခန်းမရှေ့က သပိတ်စခန်းကို ရန်ကုန်မြို့အာဏာပိုင်တွေဘက်က နှောင့်ယှက်တဲ့ပုံစံမျိုးတွေတော့ရှိခဲ့တယ်လို့ သပိတ်စခန်းကို အကူအညီပေးနေတဲ့ စာရေးဆရာကိုဝေမှူးသွင်က ပြောပါတယ်။

"သီချင်းတွေကို လော်စပီကာကြီးတွေနဲ့ အကျယ်ကြီးဖွင့်ဖွင့်ပြီးတော့ သူတို့ဘက်က စပြီးတော့ တုံ့ပြန်တာပေါ့နော်၊ မိကျောင်းကန် သပိတ် စခန်းက လူတွေရဲ့အသံကို သူတို့မကြားချင်တဲ့သဘောလား။ လူတွေရဲ့အသံတွေကို ပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူတွေ မကြားအောင်ပေါ့- ကြိုးစားကြတာပေါ့။ အဲဒါ စဖြစ်တယ်။ အဲဒါမျိုး လုပ်တာနဲ့ပတ်သက်ပြီးတော့ မီဒီယာတွေရော၊ ဆိုရှယ်မီဒီယာတွေရော၊ နောက်ပြီးတော့ ထင်ရှားတဲ့လူတွေကရော ဝိုင်းပြီးတော့ ကန့်ကွက်ကြတဲ့အခါမှာ သူတို့ ဒီနေ့ညဦးပိုင်းမှာ ရဲအင်အား လေး-ငါးဆယ်လောက်က ရဲကားတွေနဲ့လာပြီးတော့ ကားနဲ့ ပတ္တရောင်လှည့်သလိုလို ဘာလိုလိုနဲ့ လာတာရှိတယ်။ "

မိကျောင်းကန် အပိုင်း (၁)၊ (၂)၊ (၃) ဘိုးဘွားပိုင်မြေတွေကို အရင်စစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်မှာ စတင်သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒီအသိမ်းခံရတဲ့ မြေပိုင်ရှင်တွေက မူလမြေတွေပြန်ပြီးရရှိဖို့ ဒါမှမဟုတ် အစိုးရဘက်က တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့ အကြိမ်ကြိမ်ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းကနေ ဒီမြေအသိမ်းခံရမှုနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်မှာ ဖြေရှင်းနိုင်ဖို့ကြိုးစားသွားမယ်လို့ ကတိပေးပြောဆိုခဲ့ဖူးကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်ရှင်။

XS
SM
MD
LG