သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒုသမ္မတနဲ့တွေ့ဖို့ အစီအစဉ် မြောက်ကိုရီယား ပြန်ဖျက်


အမေရိကန် ဒုတိယသမ္မတ Mike Pence
အမေရိကန် ဒုတိယသမ္မတ Mike Pence

အမေရိကန် ဒုတိယသမ္မတ Mike Pence ဟာ ဒီလဆန်းပိုင်းမှာတုန်းက မြောက်ကိုရီးယား အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမဲ့၊ မြောက်ကိုရီးယားဘက်က အစီအစဉ်ကို အချိန်ကပ်ပြီးမှ ဖျက်ခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံ PyeongChang မြို့က ဆောင်းရာသီ အိုလံပစ် အားကစားပွဲ ဖွင့်ပွဲအခန်းအနား ကျင်းပပြီး နောက်တရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာပဲ တောင်ကိုရီးယားနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် ဒုသမ္မတဟာ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့တာပါ။ အိုလံပစ်အားကစားပွဲ ဖွင့်ပွဲအခန်းအနားကို တက်ရောက်ခဲ့တဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာသူ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ညီမ Kim Yo Jong သမ္မတ Kim Yong Nam တို့နဲ့ အမေရိကန် ဒုသမ္မတ တွေ့ဆုံဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတ အိမ်တော်မှာ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ကြောင်းလည်း Washington Post သတင်းစာက ဖော်ပြခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Heather Nauert ကတော့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးနဲ့ နျူကလီးယား အစီအစဉ်တွေကို မြောက်ကိုရီးယားက စွန့်လွှတ်နိုင်မယ့် အခွင့်အလန်း တရပ်ကို အမေရိကန်ဒုသမ္မတက အပြန်ခရီးမှာ သယ်ဆောင်လာဖို့ အဆင်သင့် ရှိနေခဲ့ကြောင်းလည်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း မြောက်ကိုရီးယား တာဝန်ရှိသူတွေဘက်က နောက်ဆုံးအချိန်ကျမှ အစီအစဉ်ကို ဖျက်ခဲ့တာကြောင့်၊ အခွင့်အလန်းကောင်းတရပ် လက်လွတ်ဆုံးရှုံးရတဲ့အတွက် ဝမ်းနည်းကြောင်းလည်း ပြောဆိုခဲ့တာပါ။ ဒုသမ္မတရဲ့ ခရီးစဉ်မတိုင်မီမှာတုန်းကတော့ မြောက်ကိုရီးယား တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနိုင်မယ့် အလားအလာအပေါ် အမေရိကန် အစိုးရက မျှော်လင့်ချက်တော့ သိပ်မထားခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒုသမ္မတ ကိုရီးယားကျွန်းဆွယ်မှာ ရောက်နေစဉ် တွေ့ဆုံလိုတဲ့ ဆန္ဒရှိကြောင်း မြောက်ကိုရီးယားရဲ့ သဘောထားကို အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) က လက်ခံရရှိခဲ့ပြီး နောက်မှာ၊ တွေ့ဆုံဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်းလည်း အိမ်ဖြူတော် အကြီးတန်းအရာရှိတဦးကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG