သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကြီးနဲ့ပစ်လို့ မြဝတီ ကုန်သွယ်ရေးဇုံအနီး ဒေသခံထောင်ချီ ထွက်ပြေး


တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြဝတီခရိုင် မြင်ကွင်း (ဓါတ်ပုံ - CJ)
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြဝတီခရိုင် မြင်ကွင်း (ဓါတ်ပုံ - CJ)

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်က စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး ပူးပေါင်း တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တဲ့နောက် စစ်ကောင်စီဘက်က နေ့စဉ် လက်နက်ကြီးတွေနဲ့ရော လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် ဒေသခံ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြဝတီ ကုန်သွယ်ရေးဇုန်နဲ့ တမိုင်လောက်သာဝေးတဲ့ ကွက်သစ်နေရာတွေကို လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်နေတာကြောင့် ရွှေမြစန္ဒီကွက်သစ်၊ အတွင်းမဲ့ကနယ်၊ တုံးတံတား၊ ကွင်းကလေးနဲ့ ကျောက်တောင် ကျေးရွာသားတွေ ထွက်ပြေးနေရတယ်လို့ စစ်ဘေးတိမ်းရှောက်နေရသူ တဦးက ဗွီအိုအေကို ပြောပါတယ်။

“မဲ့ကနယ် တိုးချဲ့ကွက်သစ်။ အဲဒီရပ်ကွက်ထဲမှာ ကျနော်တို့ တယောက်မှ နေလို့မရဘူး။ ညနေ ၃ နာရီ ၄ နာရီဆိုရင် လက်နက်ကြီးနဲ့ထုပြီ။ မနေ့ကလည်း လေယာဉ် ၂ စင်းနဲ့ လာပစ်တယ်။ တပ်မ ၃ ခုကပေါ့။ ခလရ ၃၅၅ နဲ့ ၃၅၆ နဲ့ ခမရ ၂၇၅ တို့က ညှပ်ပြီးထုနေတာ။ အိမ်အမိုးတွေလည်း ပျက်ပြီးကွဲကုန်တယ်။ ကုန်သွယ်ရေးဇုန်နဲ့ဆို တမိုင်လောက်ဝေးတယ်။ ပစ်တာက တပတ်လောက်ရှိပြီ။ ညနေဆိုပစ်ပြီ။ လူတွေရဲ့ အိမ်တွေလည်း မီးလောင်ကုန်တယ်။ တချို့အိမ်တွေလည်း ပျက်စီး ပြိုပျက်တာများတယ်။ လူတွေ မရှိကြတော့ဘူး။ ခပ်လှမ်းလှမ်းမှာ ဘုန်းကြီးကျောင်းတွေ ရှိတယ်။ မြို့တွင်းက ဘုန်းကြီးကျောင်း သုံးလေးကျောင်းလောက်မှာ သွားခွဲနေကြတာပေါ့။ အိမ်ခြေ ၇၀၀ လောက်ရှိတယ်။ လူဦးရေ ကတော့ ခန့်မှန်း ၁,၀၀၀ ကျော်မယ်လို့ ထင်တယ်။”

မြဝတီ ကုန်သွယ်ရေးဇုန်မှာ အလုပ်လုပ်နေတဲ့ နေ့စားအခြေခံ လုပ်သားတွေ နေထိုင်နေကြတဲ့ နေရာတွေကို ပစ်ခတ်နေတာလို့လည်း ပြောပါတယ်။ ဆင်းရဲသား လူထုတွေသာ နေထိုင်တဲ့ ဒီလို ကွက်သစ်တွေထဲ ဘာကြောင့် လက်နက်ကြီးနဲ့ ပစ်နေသလဲ ဆိုတာ စဉ်းစားမရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများခဲ့ပြီး၊ လက်ရှိမှာလည်း မြဝတီနဲ့ ကော့ကရိတ်မွာ တိုက်ပွဲတချို့ ဆက်ရှိနေပါတယ်။ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး မြို့နယ်တွေမှာ ပြီးခဲ့တဲ့ တပတ်ကျော်က တိုက်ပွဲတွေကြောင့် ဒေသခံ တသောင်းကျော် စစ်ဘေးတိမ်းရှောင်နေရပြီး စားသောက်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကုန်သွယ်ရေးဇုန်နဲ့အနီးက ကွက်သစ်တွေနဲ့ သင်္ကန်းညီနောင် အရပ်မှာရှိတဲ့ ဒေသခံတွေ နေ့စဉ် ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

=== Unicode ====





XS
SM
MD
LG