သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရှောင်တွေ ဘင်္ဂလားဒေ့်ရှ်ပိုင်နက် ပို့တဲ့အပေါ် AA ကြိုတင်ကြံစည်တယ်လို့ တပ်မတော်စွပ်စွဲ


ရခိုင်တပ်မတော် AA နဲ့ အစိုးရတပ်ကြား ရခိုင်ဒေသတွင်းစစ်ပွဲတွေကြောင့် ထွက်ပြေးနေရသူများ (AFP)
ရခိုင်တပ်မတော် AA နဲ့ အစိုးရတပ်ကြား ရခိုင်ဒေသတွင်းစစ်ပွဲတွေကြောင့် ထွက်ပြေးနေရသူများ (AFP)

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို စစ်ပြေးဒုက္ခသည်တွေ ပို့ပေးခဲ့တာဟာ ဒေသခံတွေ ကိုယ်တိုင်ရဲ့ တောင်းဆိုချက် အရ ဖြစ်တယ် လို့ ရက္ခိုင့်တပ်မတော် AA က ပြောပါတယ်။ တိုင်းရင်းသား ၂၀၀ လောက်ကို AA အဖွဲ့က ဘင်္ဂလား ဒေ့ရှ် နိုင်ငံဘက် ခေါ်ဆောင်သွား ပြီး အိမ်နီးချင်းနှစ်နိုင်ငံအကြား နားလည်မှုလွဲမှားအောင် ဆောင်ရွက်တာ ဖြစ်နိုင် တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားတာကို AA ဘက်က တုံ့ပြန်ပြောဆို တာပါ။ ဒီအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မူလတန်း ကျောင်းသားကျောင်းသူတွေအပါအဝင် ပလက်ဝဒေသခံ ၂၀၀ လောက်ကို AA အဖွဲ့က ဘင်္ဂလား ဒေ့ရှ် နယ်စပ်ဘက် ခေါ်သွားတာဟာ ကြိုတင်ကြံစည်မှုတခုဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“သူတို့လုပ်ချင်တာ။ ဟိုဘက်မှာလည်းကျနော်တို့သိတဲ့အတိုင်းပဲ။ ဘင်္ဂလားနဲ့မြန်မာဖက် မှာလည်း ထွက်ပြေး တိမ်းရှောင်သူရှိသေးတယ်။ အဲဒီပြဿနာတောင်မှပဲ ကျနော်တို့ မပြီးသေးဘူးလေ။ မပြီးသေးတဲ့အထဲမှာ ဒီလို ကိစ္စမျိုး ဖန်တီးတယ်ဆိုတာ ကြိုတင် စီစဉ်ထားပြီးတော့ ဖန်တီးတဲ့ပုံစံတော့ဖြစ်နေတယ်။ ဒါတွေကို တိုက်ဆိုင် ကြည့်လိုက်ရင် ဒါတွေက နှစ်နိုင်ငံ ဆက်ဆံရေးအတွက်လည်း အကျိုးမပြုဘူးလို့ကျနော်မြင်ပါတယ်ဗျ။”

ကင်းတလင်းနဲ့ခမောင်းဝဒေသခံရွာသားတွေကို ဘင်္ဂလားဒေ့ရ်ှနယ်စပ်ဘက် ပို့ပေးခဲ့တယ် ဆိုတာ AA အဖွဲ့က မငြင်းပေမယ့် သူတို့က ပို့တာမဟုတ်ဘဲ ဒေသခံတွေကိုယ်တိုင်က ပြောတာကြောင့် ပို့ပေးလိုက်တာလို့ AA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က တုံ့ပြန်ပြောဆိုပါတယ်။

“သတင်းစာထဲမှာပြောသလိုမျိုး ကျနော်တို့ပို့ချင်လို့လိုက်ပို့တာမဟုတ်ဘူး။ ဒီလူတွေက ပို့ပေးပါဆိုပြီးတော့ သူတို့ ဒုက္ခတွေ ရောက်နေကြလို့ ကျနော်တို့က လူသားချင်းစာနာတဲ့ အတွက်ကြောင့်မို့လို့ သူတို့ရဲ့ဘေးလွတ်ရာဖြစ်တဲ့ အဲဒီ ဘင်္ဂလားဒေ့ရ်ှဘက်ကို နယ်စပ် နားထိအောင်ကျနော်တို့လိုက်ပို့ပေးလိုက်တာ။ လိုအပ်တဲ့ရိက္ခာတွေလည်း ကျနော်တို့ ထောက်ပံ့ပေးလိုက်တယ်။ ခြုံစရာအနွေးထည်စောင်တွေ ဘာတွေပေးလိုက်တယ်။ ဒီလူတွေဟာ အသက်ဘေးလုံခြုံဖို့အတွက် စစ်တပ်တခုအနေနဲ့နော် အရပ်ဖက် ပြည်သူ တွေကို လုံခြုံမှုပေးရမယ်ဆိုတဲ့အနေ အထားနဲ့ ကျနော်တို့က လိုက်ပို့ပေးလိုက်တာ။”

ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်တိမ်းရှောင်လာတဲ့ အဲဒီစစ်ရှောင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းကို ဝင်ရောက်သွားခဲ့ပြီလို့လည်း ခိုင်သုခကဆက်ပြောပါတယ်။

“အကုန်လုံးကတော့လူဦးရေ (၂၀၀) ဝန်းကျင်လောက်ရှိတယ်။ ဘင်္ဂလားဒေ့ရ်ှဘက်ခြမ်းကို သူတို့ရောက် သွားကြပြီ။ အခုကတော့ အဲဒီလူမှုအဖွဲ့အစည်းတွေကတော့ သူတို့တတ် နိုင် သမျှ ကူညီနေကြတယ်လို့တော့ ကျနော်တို့ သိရတယ်ဗျ။”

အဲဒီလို နောက်ထပ်ဒုက္ခသည်တွေ သူတို့နိုင်ငံထဲ ဝင်လာတဲ့အပေါ် ဘင်္ဂလားဒေ့ရှ် အစိုးရ က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ဖေဖော်ဝါရီလ ၅ ရက် နေ့ကတည်းက ကန့်ကွက်ထားပါတယ်။ ဒါ့ အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဒုက္ခသည် တွေကို နောက်ထပ် လက်မခံနိုင်တော့တာကြောင့် နှစ်နိုင်ငံ နယ်စပ်ကို ပိတ်ထားလိုက်ပြီ လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး A K Abdul Momen က ပြောတာကို ကိုးကားပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့ Times of India သတင်းတပုဒ်မှာ ဖော်ပြထား ပါတယ်။

နှစ်ဘက်ကြား မကြာခန ထိတွေ့တိုက်ပွဲတွေဖြစ်ထားတဲ့ ပလက်ဝဒေသအတွင်း တပ်မတော်က ရွာတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတာနဲ့ပတ်သက်လို့တော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို တုံ့ပြန်ပါတယ်။

“ကျနော်တို့ကိုစွပ်စွဲနေတာရှိတယ်။ ပလက်ဝဘက်မှာ ကျနော်တို့ဘက်က ရွာတွေ မီးရှို့လို့ မလို့။ ရဟတ်ယာဉ်နဲ့ ပစ်ခတ်လို့မလို့ဆိုပြီးတော့ ဒါထွက်ပြေးတယ်ဆိုပြီးတော့ ဒါ AA ဘက်က သတင်းလွှင့်ထားတယ်။ ဒါပေမယ့် အခုဖြစ်စဉ်အမှန်ကတော့ အဲဒီပလက်ဝ ဘက်မှာ စွပ်စွဲတာ ရဟတ်ယာဉ်နဲ့ပစ်ခတ်တာတို့ မီးရှို့တာတို့ ကျနော်တို့ဘက်ကလည်း တခုမှမလုပ်ခဲ့ဘူး။”

လက်ရှိ မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော်တို့စစ်ရေးတင်းမာနေတဲ့ ပလက်ဝဒေသ ဘက်မှာ AA နဲ့ဆက်သွယ် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ဘက်ကို တိမ်းရှောင်လာတဲ့ ရှင်းလက်ဝ ရွာသား (၂၄) ဦးအပါအဝင် ကျောက်တော်မြို့ခံအိမ်ရှင် နှစ်ဦးကို ရဲကနေဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/(၁) (၂) နဲ့ စစ်တွေမြို့မှာတရားစွဲဆိုထားပါတယ်။

မနှစ်ကနိုဝင်ဘာလကုန်ကစလို့ ဒီနှစ်သစ်ဖေဖေါ်ဝါရီလအထိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် အတွင်းမှာ မြန်မာ့ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးလာပြီး ဒေသခံ (၇၀၀၀) ခန့် စစ်ဘေး တိမ်းရှောင်နေရ သလို စားဝတ်နေထိုင်ရေးမှာလည်း အခက်တွေ့နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG