သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းအဖွဲ့တွေ တိုက်ခိုက်မှု အကျိုးစီးပွားအခြေခံကြောင်း တပ်မတော်စွပ်စွဲ


ရှမ်းပြည်နယ်ထဲက မိုင်းခွဲဖျက်စီးခံထားရတဲ့ ဂုတ်တွင်းတံတားပေါ်မှာ အစိုးရစစ်သည်များ ဖြတ်သန်းသွားလာနေစဉ်။
ရှမ်းပြည်နယ်ထဲက မိုင်းခွဲဖျက်စီးခံထားရတဲ့ ဂုတ်တွင်းတံတားပေါ်မှာ အစိုးရစစ်သည်များ ဖြတ်သန်းသွားလာနေစဉ်။

ပြင်ဦးလွင်နဲ့ နောင်ချိုမြို့တွေမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့တဲ့ အကြောင်းရင်းတွေ ထဲမှာ ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့ စစ်ရေးအရ အရေးနိမ့်လာနေ တာဟာလည်း တစိတ်တပိုင်းအဖြစ် ပါဝင်ကြောင်းမြန်မာစစ်တပ်က ပြောပါတယ်။ လတ်တလောမှာလည်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နဲ့ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ခိုက်မှုတွေ ရှိကြောင်းလည်း တပ်မတော်ဘက်က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့က တပ်မတော် နည်းပညာတက္ကသိုလ်နဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ဂုတ်တွင်း ရဲကင်း စခန်းအပါအဝင် နေရာ ၅ ခုမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ တချိန်တည်း လိုလို တိုက်ခိုက် ခဲ့တာဟာ နိုင်ငံရေး ရည်ရွယ်ချက်ထက် အကျိုးစီး ပွားအပေါ် အခြေခံ တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း တပ်မတော်က ပြောဆိုလိုက်တာပါ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အရပ်သားတချို့ အပါအဝင် လူ ၁၅ ယောက်ထက် မနည်း သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေဟာ မကြာသေးခင်က အာဏာပိုင်တွေရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းမှုတွေအပြင် ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ AA အဖွဲ့ စစ်ရေးအရ အရေးနိမ့်လာတဲ့ အတွက် လက်တုံ့ပြန်တာ ဖြစ်ကြောင်းလည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“အဓိကကတော့ ရခိုင်မှာရှိတဲ့တိုက်ပွဲတွေသုံးသပ်ရရင်တော့ သူတို့ရဲ့အကျိုးစီးပွါးရေး အရင်းမြစ်တွေ မူးယစ်ဆေးဝါး WY ဆေးပြား သယ်ယူပို့ဆောင်နေတဲ့သူတွေရဲ့ လမ်းကြောင်းပေါ့နော်၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ဖမ်းဆီးရမိတာရှိတယ်။ သူတို့ရဲ့ အမာခံတွေကိုလည်း ဖမ်းဆီးရမိတာရှိတယ်။ ပြီးရင် ကျနော်တို့ အတွင်းပိုင်း ရွာတွေ၊ ကျောက်တော်၊ မြောက်ဦးဘက်မှာလည်း သူတို့ရဲ့ လေ့ကျင့် ရေးစခန်းတွေ၊ ယာယီစ ခန်းတွေသိမ်းမိတာ၊ ဒါတွေနဲ့ပတ်သက်ပြီးတော့ အရေးနိမ့်လာတယ်။ အရေးနိမ့် လာတော့ ဒါမတိုင်ခင်မှာ သူတို့ မြောက်ပိုင်း တိုင်းရင်းသားများဆိုပြီးတော့ အဖွဲ့ ၃ ဖွဲ့အနေနဲ့ ကြေညာချက် ထုတ်ခဲ့တာ ရှိတယ်။ နံပါတ် ၂ အချက်ကတော့ ချင်းဘက်မှာ၊ ပလက်ဝဘက်မှာ အရင်တုန်းက တိုက်ပွဲ နည်းနည်း ကျဲခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ကျနော်တို့ အင်အားဖြည့်လာတယ်။ ဒါကြောင့်မို့လို့ အတွင်းဘက်မှာ သိပ်အရေးမသာလို့ တပ်မတော်ကို အတင်းတိုက်ခိုက်တာမျိုး ဆောင်ရွက်လာတာကို တွေ့ရတယ်။”

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ရသေ့တောင် မြို့နယ်အတွင်း ရက်ခုံတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေခဲ့ရာမှာ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂ သန်းခွဲနဲ့ စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

“ရွာသားတွေမရှိတဲ့ဥစ္စာမှာ ဗမာစစ်တပ်က အဲဒီလက်နက်ကြီးကြီးတွေ မူးယစ်ဆေးဝါးတွေ ရတယ်ဆိုတဲ့ဥစ္စာကဒါဟာယုတ္တိမတန် တဲ့ကိစ္စတွေ။ ဘယ်ရွာသားမှလည်း အဲဒီလိုမျိုး အိမ်မှာထားရဲမှာမဟုတ်ဘူး။ စစ်ရေးအရ အရေးနိမ့်နေသလဲ ဥစ္စာတော့ ဘယ်သူ အရေးနိမ့်နေသလဲ မြေပြင်မှာဆိုတဲ့ဥစ္စာကတော့ ဗမာစစ်တပ်ဖက်က ပိုသိတာပေါ့။ ဗမာစစ်တပ်ဖက်က အထိအခိုက် အကျအဆုံးကတော့ ဒီဇွန်ရယ်၊ ဂျူလိုင်ရယ်၊သြဂုတ် ဒီပထမအပတ် ပေါ့နော်။ သူတို့ဒီ စံချိန်တင်ကျဆုံးတဲ့ဥစ္စာ တွေရှိ တယ်။ အရင်လေးလ ငါးလတိုက်ခဲ့တဲ့ဥစ္စာထက် ထိခိုက်ကျဆုံးမှုက ပိုများတယ်လို့တောင် ပြောလို့ရတယ်။”ရခိုင်ပြည်နယ်စစ်မျက်နှာအတွင်း AA ဘက်က စစ်ရေးနိမ့်လာတယ်လို့ ပြောဆိုချက်နဲ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်အပေါ် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုငြင်းဆိုခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေနဲ့ကတော့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာကိုရပ်တန့်ဖို့နဲ့ထိုးစစ်ဆင်လှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်နေမယ်ဆိုရင် ပေါ်ပေါက်လာမယ့် နောက် ဆက်တွဲ ဆိုးကျိုးတွေဟာ တပ်မတော်တာဝန်ဖြစ်မယ်လို့ သြဂုတ်လ ၁၂ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ မြန်မာတပ်မတော်နဲ့ရခိုင်လက်နက်ကိုင် AA အဖွ့ဲတို့ ချင်းပြည်နယ်၊ ပလက်ဝဖက်မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေကြောင်းလည်း တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော ပါတယ်။

“ပလက်ဝဘက်မှာ နေ့စဉ်နီးပါးတော့ ထိတွေ့မှု ဖြစ်နေတာ ရှိတယ်။ မနေ့ကဆိုရင် ပလက်ဝဘက်မှာ မီးဝကျေးရွာအနောက်တောင်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ သူတို့ဆီက လက်နက်တလက် ရလိုက်တာရှိတယ်။ ကျနော်တို့ဆီက စစ်သည်တချို့လည်း ဒဏ်ရာရတယ်။”

ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ မနေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကလည်း အတည်ပြုပြောပါတယ်။

“မနေ့က ပလက်ဝဘက်မှာ တိုက်ပွဲတွေရှိတယ်။ ပလက်ဝအထက်ပိုင်း ထရွမ်အိုင်ရဲ့ အနောက်ဘက်မှာ တိုက်ပွဲတွေ ရှိတယ်။ အသေးစိတ်အချက်အလက်တွေတော့ ကျနော့်ဆီ ရောက်မလာသေးဘူး။”

သြဂုတ်လ (၁၃) ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ "အထက်မြတ်လှဲရွာ" အနောက်မြောက်ဘက် တောင်တန်းပေါ်မှာနဲ့ သြဂုတ်လ (၁၄) ရက်နေ့ မင်းပြားမြို့နယ်၊ "နရမ်းရွာ"နဲ့ "ကံရွာ"အကြား (နရမ်းလမ်းခွဆုံ) မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်းAA ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG