သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေ လုံခြုံရေးစိုးရိမ်


တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ကြားက တိုက်ပွဲကြောင့် အထက်သင်ပုန်းတန်းကျေးရွာကို ကိုရောက်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်များ။ (ဓာတ်ပုံ-ပိုးရွှီပြင်မဟာမိတ်လူမှုကူညီမှုအသင်း fb)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့ နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက် ကိုင် အဖွဲ့ AA တို့ အကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးရသူ ရာနဲ့ချီရှိနေသလို တိုက်ပွဲ ဖြစ်ပွါးရာ ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာမှာ တပ်မတော်က ၀ိုင်းပတ်ပိတ်ဆို့စစ်ဆေးနေ တာကြောင့် ဒေသခံတွေစိုးရိမ်နေရတယ်လို့ ဒေသခံအကူညီပေးရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာတပ်တော်နဲ့ရခိုင့်တပ်မတော် AA တို့တိုက်ပွဲကြောင့် ဘူးသီးတောင်နဲ့ ပုဏ္ဏား ကျွန်းမြို့ နယ်မှာ စစ်ဘေးရှောင်ရွာသားတွေတိုးပွါးနေသလို တိုက်ပွဲကာလအတွင်း လုံခြုံရေး စစ်ဆေးမှုတွေကြောင့် ဒေသခံရွာသားတွေ စိုးရိမ်ကြောက်လန့်နေကြရပါတယ်။

တပ်မတော်နဲ့ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့တို့တိုက်ပွဲကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က တောဖျား ဒေသကျေးရွာ က ရွာသားတွေဟာမနေ့ကအထိ စစ်ရှောင် (၃၀၀) ကျော် အထက်သင်ပုန်းတန်း ကျေးရွာကို တိမ်းရှောင်ရောက် ရှိလာတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်မဟာမိတ် လူမှုကူညီမှု အသင်း တာဝန်ရှိသူ ဦးငယ်ဦးမောင်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ သူတို့ပထမဆုံးဖါးဝပ်ချောင်းဆိုတဲ့နေရာနဲ့က ခြေကျင်ခရီးက (၁၅) မိနစ် လက်နက်ကြီး သံတွေကြားလို့ သူတို့ထွက်ကြတာ။ သူတို့က ဖါးဝပ်ချောင်း၊ နတ်သရွေး မောင်နှမ အဲဒီလိုမျိုး အပေါ်မှာ ရွာ (၃) ရွာ (၄) ရွာ ရှိတယ်။ အဲဒီမှာအကုန်လုံးထွက်လာတယ်ခင်ဗျာ။ အခုသင်ပုန်းတန်းမှာရောက်နေတာက (၃၂၁) ယောက်။”

ဒီဇင်ဘာပထမအပတ်ကတည်းက ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်ပွါးနေတာဖြစ်ပြီး လက်နက်ကြီး ကျည်တွေ ကျရောက်နေတာကြောင့် ကြောက်ရွံ့ပြီးတိမ်းရှောင်လာတာပါ။

အထက်သင်ပုန်းတန်းကျေးရွာကို တိမ်းရှောင်ရောက်ရနေတဲ့စစ်ရှောင်တွေရဲ့ စားသောက်နေ ထိုင်ရေး အခြေ အနေကိုတော့ ဦးငယ်ဦးမောင်ကအခုလိုဆက်ပြောပါတယ်။

တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ကြားက တိုက်ပွဲကြောင့် အထက်သင်ပုန်းတန်းကျေးရွာကို ကိုရောက်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်များ။ (ဓာတ်ပုံ-ပိုးရွှီပြင်မဟာမိတ်လူမှုကူညီမှုအသင်း fb)
တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ကြားက တိုက်ပွဲကြောင့် အထက်သင်ပုန်းတန်းကျေးရွာကို ကိုရောက်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်များ။ (ဓာတ်ပုံ-ပိုးရွှီပြင်မဟာမိတ်လူမှုကူညီမှုအသင်း fb)

“နေရေးထိုင်ရေးကသူတို့အိမ်လည်း မရှိဘူး။ ဒီမှာတာလပတ်တွေနဲ့ တာလပတ်တွေအုပ်ပြီး နေ နေရတယ်ကိုး။ ကျနော်တို့မဟာမိတ်က နည်းနည်းပါးပါးလှူခဲ့တယ်။ နောက်ပြီးတော့ တခြား လူမှုရေးအသင်းတွေလည်း နည်းနည်းပါးပါး လှူထားတယ်။”

တိုက်ပွဲဖြစ်နေဆဲဘူးသီးတောင်မြို့နယ်ကျေးရွာတချို့မှာလည်း တပ်မတော်ဘက်က ၀ိုင်းပတ်ပိတ်ဆို့ စီစစ်နေ တယ် လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

“မနေ့ကဆိုလို့ရှိရင် နယ်ခြားစောင့်တပ် တပ်ရင်းအမှတ် (၈) ကပေါ့နော်။ အဲဒီစံကိုးထောင် ကျေးရွာ အုပ်စု ဥယျာဉ်သာကျေးရွာမှာ ရွာကိုဝိုင်းပြီးတော့ တအိမ်ချင်းကို လူတွေကိုစစ်ဆေးတယ်။ နောက်ပြီးတော့ သေတ္တာ တွေကိုလည်း ဖွင့်ပြရတယ်။ စပါးတွေ ဆန်တွေထုတ်ထားတဲ့အထုတ်တွေ ကိုလည်း ဖြည်ပြရတယ် ပေါ့နော်။ အဲဒီလိုမျိုးခြိမ်းခြောက်ပြီးတော့ လုပ်တယ်။ အမျိုးသားတွေ အကုန်လုံး စာသင်ကျောင်းကိုခေါ်ပြီးတော့ စစ်ဆေးရေး တွေလုပ်တယ်။ အဲဒီလိုလုပ် တော့ လူတွေ က ကြောက်ပြီးတော့ ကလေးတွေကိုလည်း ကျောင်းကိုမလွှတ်ရဲ တော့ဘူး။ ဆရာ ဆရာမ တွေလည်း မလာရဲဘူးပေါ့နော်။ ဒါကြောင့်ကျောင်းပိတ်ထားရတယ်။ ဆိုတော့ ဒါတွေဟာ နိုင်ငံသား များရဲ့မူလအခွင့်အရေးပေါ့နော်။ နိုင်ငံသားများရဲ့လွတ်လပ်မှုနဲ့ လူပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေကိုလည်း ချိုးဖေါက်ရာရောက်တယ်ခင်ဗျ။”

ဘူးသီးတောင်မြို့နယ် စိုင်ဒင်ချောင်းတ၀ိုက် တောတောင်ကိုအခြေပြုဝမ်းစာရှာနေရတဲ့ မြို့မချောင်း၊ ပြင်ချောင်း၊ ရွှေသီး၊ စိုင်းဒင်ဈေးရွာသား (၅၀၀) ခခန့်ဟာလည်း တောတောင်ခြံထဲသွားဖို့ လုံခြုံမှုမရှိ တဲ့အပြင် စားဝတ် နေရေး အခက်တွေ့နေတာကြောင့် ကျေးရွာပြောင်းရွှေ့ဖို့ စဉ်းစားလာကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်သောင်းရွှေ က ပြောပါတယ်။

“(၅၀၀) လောက်တော့ သူတို့ရွာမှာပဲ သူတို့ရှိပါတယ်။ ဒါပေမယ့် သူတို့က လက်လုပ်လက်စား တွေ ဖြစ်တယ်။ တောတောင်တွေကိုမှီခိုပြီးတော့ ၀ါးတွေ သစ်တွေခုတ်ပြီးတော့ ရောင်းချရတဲ့သူတွေ ဖြစ်တယ်။ ရှေ့ဆက်ပြီးတော့ နေမယ်ဆိုရင် အဲဒီရွာကလူတွေလည်း ရွှေ့ဖို့ဆိုပြီးတော့ အဲဒီလိုမျိုး ကျနော့်ကို လှမ်းပြီးတော့ပြောပါတယ်ခင်ဗျ။”

ဒီဇင်ဘာ (၁၁) ရက်နေ့တုန်းက ဘူးသီးတောင်မြို့နယ်၊ စိုင်ဒင်ချောင်းတ၀ိုက်မှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် တို့ အကြားတိုက်ပွဲကြောင့် ကံပြင်ကျေးရွာသား (၂၅၀) ခန့်ဟာ နေရပ်ကနေ စည်တောင်ကျေးရွာဘက်မှာ တိမ်းရှောင်ပြီး ကနေ့အထိ နေရပ်မပြန်နိုင်သေးပါဘူး။

နိုဝင်ဘာလကုန်ပိုင်းကနေ ဒီကနေ့အထိ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ အကြား တိုက်ပွဲ တွေဖြစ်ပွါးနေတာပါ။

ဒီကနေ့မှာလည်း ရခိုင့်တပ်မတော်အဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပြီး အသေးစိတ် အခြေအနေကို မသိရှိရသေးဘူးလို့ AA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

တဖက်မှာလည်း အစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးသေးတဲ့ မြောက် ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်မတော် AA ၊ တအာင်း ပလောင် တပ်ဖွဲ့ TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ဟာ ဒီဇင်ဘာ (၁၂) ရက်နေ့က တရုတ်နိုင်ငံမှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရေးအတွက် သဘောတူညီချက်ရရှိသွားပြီဖြစ်ပေမယ့် ဒေသအတွင်းမှာ တိုက်ပွဲတွေ မရပ်တန့်နိုင်သေးတဲ့ အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG