သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မော်လိုက်မြို့မှာ ဒေသခံတွေ ပေါ်တာဆွဲခံနေရ


စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က နေ့စဉ်ဆိုသလို ပေါ်တာဆွဲနေတာကြောင့် မော်လိုက်မြို့မှာ ဈေးဆိုင်တွေ ပိတ်ထားရပြီး မြို့ခံတွေလည်း အိမ်ပြင်မထွက်ရဲဘဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ သောကြာနေ့ တနေ့တည်းမှာတင် လူ ၁၀၀ လောက် အဆွဲခံရပြီး ပေါ်တာဆွဲ ခံရသူတွေဟာ စစ်ကောင်စီတပ်တွေက လက်နက်ကျည်တွေ သယ်ခိုင်းတာခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မော်လိုက်မြို့က အခြေအနေကို အလိမ္မာက စုစည်းတင်ပြထားပါတယ်။

မော်လိုက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တွေအကြား ဒီလ ၁၂ရက်က စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ စစ်ကောင်စီတပ်ဖွဲ့တွေကတော့ လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေပါတယ်။

ဒီလ ၂၂ရက်နေ့မှာတော့ တိုက်ပွဲဖြစ်ပွားရာ မော်လိုက်မြို့ အရှေ့ဘက်ကမ်းကို လက်နက်ပို့ဆောင်ဖို့နဲ့ ဒဏ်ရာရသူတွေကို သယ်ယူဖို့ မော်လိုက်မြို့အတွင်းမှာ ပေါ်တာဆွဲတာတွေ ဆက်တိုက်လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော မော်လိုက်မြို့ပေါ်မှာ ပေါ်တာဆွဲနေတဲ့ အခြေအနေကို မြို့ခံတစ်ဦးက VOA ကို အခုလို ပြောပြပါတယ်။

“သူတို့ ပေါ်တာဆွဲတဲ့အခါကျ ကျနော်တို့ မြို့ထဲကို မထွက်ရဲဘူး၊ အိမ်မှာ ပုန်းနေကြရတာ။ ဈေးတွေကလည်း ကျနော်တို့ ဈေးဆိုင်တွေက မဖွင့်ရဲဘူး။ မရောင်းရဲဘူးပေါ့နော။ မြို့က အသွားအလာ မရှိတော့တာလေ။ စောစောပိုင်းက မြစ်နားလေးမှာ လူလေးတွေရှိတယ်။ အခုက မရှိဘူး။ ခြောက်လို့ကပ်လို့၊ မနေ့က ဆွဲတာက မနက်စာကြီးစဆွဲတာ တစ်နေကုန်၊ ညကလည်း ဆွဲတယ်။ အဲဒါ တစ်ရာနီးနီးလောက် ရသွားပြီလို့ ကြားတာ။ ရပ်ကွက်ထဲဝင်တဲ့ပြီးမှ ဆွဲတာ။ ဆိုးတာက မနေ့က ဆိုးတာ။ ဒီနေ့လည်း ဆွဲနေပြီလေ။ မနက်ပိုင်းက မဆွဲဘူး။ ညနေပိုင်းမှ ဆွဲတာ။”

အရင်ရက်တွေက မနက် ၆ နာရီ မတိုင်ခင်နဲ့ ညနေ ၆ နာရီ နောက်ပိုင်း ပေါ်တာဆွဲတာတွေ ရှိပေမဲ့၊ နောက်ပိုင်းမှာတော့ နေ့ခင်းမှာပါ ဆွဲလာတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ သောကြာနေ့ညက ဆားတွင်းချောင်၊ စွန်ရဲချောင်နဲ့ မိုးကောင်းရပ်ကွက်တွေအတွင်း ဝင်ဆွဲခဲ့ပြီး၊ ဒီကနေ့ နေ့ခင်းမှာတော့ ကုလားတောရပ်ကို ဝင်ဆွဲခဲ့တယ်လို့ ပြောပါတယ်။

အရင်ရက်က ပေါ်တာဆွဲခံရသူတွေကိုတော့ တိုက်ပွဲဖြစ်ပွားရာ နေရာဘက်ကို လက်နက်ခဲယမ်းတွေနဲ့ လူနာတွေကို သယ်ပို့ခိုင်းတာရှိတယ်လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပြပါတယ်။

“မနေ့က ပို့လိုက်တာက သူတို့ စစ်တပ်တွေ စိုးမိုးထားတဲ့ အရှေ့ဘက်ကမ်းက တောင်းအင်၊ သာနန်းတောဘက်ကို သူတို့ ချောပါသွားတာ ၃၀ လောက်တော့ သတင်းရတယ်ရှင့်။ ပထမဆုံးဆွဲသွားတဲ့ဟာတွေက သူတို့ အမြောက်ပေါ့နော်။ ၁၂၀ မမ ကျည်တွေရယ်၊ လက်နက်တွေရယ်ကို သူတို့ သယ်ခိုင်းတယ်ရှင့်။ အပြန်ကျတော့ သူတို့ လူနာတွေကို ထမ်းခိုင်းတယ်ရှင့်။ မော်လိုက်ကိုလေ။ ဒဏ်ရာရထားတဲ့ စစ်ကောင်စီက လူတွေကို သူတို့ ထမ်းခိုင်းတယ်ရှင့်။”

နှစ်ဘက်တိုက်ခိုက်မှုတွေကတော့ ဒီကနေ့လည်း ရှိခဲ့ပြီး၊ ဒီလို တိုက်ပွဲတွေကြောင့် မော်လိုက်မြို့ အရှေ့ဘက်ကမ်းက တောင်းအင်ရွာမှာ ရွာသား ၈၀ လောက် ပိတ်မိနေတယ်လို့ ဒေသခံ အမျိုးသမီးက ပြောပါတယ်။

“တိုက်ပွဲတွေလည်း ဆက်ဖြစ်တယ်ရှင့်။ မနေ့က တရက်တော့ နားတယ်ရှင့်။ သာနန်းတောနားမှာ ဖြစ်တာပါရှင့်။ တောင်းအင်ဆိုတဲ့ရွာမှာက ပထမတိုက်ပွဲ ဖြစ်ပြီးတော့ ဒုတိယရက်မှာ ရွာသားတွေ ၈၀လောက် ပိတ်မိနေတယ်။ ဘုန်းကြီးကျောင်းမှာ စုနေနေကြတယ်။ သူတို့လူတွေကို လုံး၀ ထွက်ခွင့်မပေးတော့ဘဲ တောက်လျောက် လိုအပ်တာမှန်သမျှ ခိုင်းနေပါတယ်ရှင့်။ ”

မော်လိုက်မြို့နယ်မှာ ဒီလ ၁၂ ရက်ကနေ စတင်ပြီး ၂၂ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်ခဲ့ပါတယ်။ ဒီလို တိုက်ပွဲဖြစ်ပွားနေချိန် ပြီးခဲ့တဲ့ ၁၂ရက်နေ့၊ ၁၆ရက်နေ့၊ ၂၀နဲ့ ၂၁ရက်နေ့တွေမှာ လေကြောင်းက လာရောက်ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။

လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာနဲ့ မြေပြင်က လက်နက်ကြီးပစ်ခတ်တာကြောင့် မော်လိုက်မြို့ အရှေ့ခြမ်းက ကျေးရွာ ၂၀ လောက်က ဒေသခံတွေ ထောင်နဲ့ချီ တိမ်းရှောင်နေကြရပြီး လတ်တလော လူစာရင်းကောက်ယူနိုင်တာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မော်လိုက်မြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ကလေး၀ PDF အဖွဲ့က ကလေး၀မြို့နယ်နဲ့ ချင်းတွင်းမြစ်အထက်ပိုင်း သက္ကယ်ကျင်း၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ ကားလမ်းကို စစ်ရေး အခြေအနေအရ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ဒီနေ့ ၂၇ ရက်နေ့ နေ့စွဲနဲ့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG