သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ကြီးမြို့နယ်တွင်း လက်နက်ကြီးကျည်ကြောင့် ၆ ဦးထက်မနည်းသေဆုံး


ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အများအပြား ဒဏ်ရာရ သေဆုံး (Photo: KNU)
ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အများအပြား ဒဏ်ရာရ သေဆုံး (Photo: KNU)

ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် လေးရက်အတွင်း ကလေးတွေအပါအဝင် အရပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပေမယ့် စစ်ကောင်စီဘက်က သတင်းတစုံတရာ မထုတ်ပြန်သေးပါဘူး။
ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်မူတွေ ရှိတာကြောင့် အရပ်သား ၆ ဦး သေဆုံး၊ ရ ဦး ဒဏ်ရာရတာတွေ ရှိတယ်လို့ဒေသခံတဦးက အခုလို ပြောပြပါတယ်။

"၁၃ ရက်နေ့ကနေ ၁၆ ရက်အတွင်း ၄ ရက်တာအတွင်းမှာ ကျောက်ကြီးမြို့နယ်ထဲမှာ တပ်မဟာ (၃) အပိုင်းထဲမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ထုလို သေတာတော့ ၆ ယောက် ရှိတယ်။ ဒဏ်ရာရတာ ၇ ယောက် ရှိတယ်။ အသက် (၁၃) နှစ်အရွယ် စောအယ်ကလူထူး၊ အသက် (၁၆) နှစ်အရွယ် စောဘိုလိုသီး၊ အသက် (၆၀) နှစ်အရွယ် ကိုမောင်ထွေး (ခ) ကျော်ဇေယျ၊ အသက် (၃၅) နှစ်အရွယ် ကိုသန့်ဇော်တို့ပါဝင်တာပေါ့နော။် ဒဏ်ရာရသူတွေကတော့ အသက် (၁၁) နှစ်အရွယ် စောခွားစိ၊ အသက် (၁၅) နှစ်အရွယ် နော်ဗြဲဗြဲ၊ ကျောင်းဆရာမ ၁ ဦးနှင့် ကျောင်းသား နှစ်ဦးတို့လည်း ပါဝင်ပါတယ်။"

အခုချိန်မှာတော့ အဲဒီကျောက်ကြီးမြ်ို့နယ်ထဲမှာ တိုက်ပွဲတွေ ရှိနေပေမယ့်၊ စစ်ကောင်စီတပ်တွေက သူတို့ ရဲတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံကျေးရွာတွေပေါ်ကို ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံးဒဏ်ရာရတာတွေ ဖြစ်ရတယ်လို့ဒေသခံတွေက ဆိုပါတယ်။

"တိုက်ပွဲကတော့ မပြင်းထန်ဘူး။ သူတို့က လက်နက်ကြီးနဲ့ပဲ ရမ်းသမ်းပစ်နေတာ ဒိုးတန်း၊ ပဲသောင်၊ အင်ကုန်း၊ လှေတန်း၊ သူဌေးကုန်း၊ ဂွမ်းဒလကြီး၊ အင်းကပ်ပလိပ်၊ သစ်ခြောက်ခင်၊ ဇလုပ်ကြီး ၊ ဘုရားလဟာ အဲဒီရွာကို ပစ်နေတာ အဓိကတော့ ရွာသားပဲ ပစ်မှတ်ထားနေတာ။ အဲဒီနေရာမှာ ကေအန်ယူလည်း မရှိဘူး။ ပီဒီအက်ဖ်လည်း မရှိဘူး။ သူတို့က အရှေ့ကို မထွက်ဘဲ။ သူတို့တပ်ရင်းကနေ သူတို့နေရာကနေ ရမ်းသမ်းပြီး လိုက်ထုလိုက်ပစ်နေတော့ ရွာသားတွေပဲ သေတာပေါ့နော်။"

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာအပြင် အဲဒီဒေသမှာ လေကြောင်းတိုက်ခိုက်တွေ လုပ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။ အခုဆိုရင် ကေအန်ယူ ထိမ်းချုပ်ရာ တပ်မဟာ (၇) ခုအနက် (၆) ခုမှာ တိုက်ပွဲတွေ ဖြစ်နေပြီး၊ အခုလိုမျိုး စစ်ဘေးရှောင်နေရသူ လူဦးရေ ၆ သိန်းထက်မနည်း ရှိတယ်လို့လည်း ကရင်လူအခွင့်ရေးအဖွဲ့အစည်းတွေက ခန့်မှန်းကြပါတယ်။

XS
SM
MD
LG