တရားဝင် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် ပြုမယ့် ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှု ဆိုင်ရာ ဥပဒေ တရပ်ကို စစ်ကောင်စီက အသစ်ပြဋ္ဌာန်း လိုက်ပါတယ်။ ဒီ ဥပဒေအရ လိုင်စင်ရလုံခြုံရေး ကုမ္ပဏီတွေဟာ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်ရှိလာပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းလုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ပူးပေါင်းလုပ်ဆောင်ဖို့ ပြင်ဆင်နေချိန်မှာဘဲ စစ်ကောင်စီဟာ ဒီဥပဒေကို ပြဌာန်းလိုက်တာပါ။ ဒီဥပဒေက လက်ရှိတည်ဆဲ ၂၀၀၈ဖွဲ့စည်းပုံကိုကျော်လွန်ပြီး ရေးဆွဲထားတာဖြစ်တယ်လို့ထောက်ပြမှုတွေရှိနေသလို ဒီဥပဒေမှာပါတဲ့အချက်တွေကရှင်းလင်းမှုမရှိဘဲ ဝိရောဓိဖြစ်စေနိုင်တယ်လို့ ထောက်ပြမှုတွေလည်းရှိနေပါတယ်။ ရန်ကုန်နေသတင်းပေးပို့ထားပါတယ်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေမှာ အခန်း(၁၃)ပါဝင်ထားတဲ့ ဒီဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်တဲ့ အဲဒီဥပဒေထဲမှာ နိုင်ငံခြားသားတွေကိုပါ လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီ ထူထောင်ခွင့်ပြုထားပါတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအထိ တင်ပြခွင့်ပြုချက်ယူပြီးနောက် လက်နက် ကိုင်ဆောင်ခွင့်ကိုလည်း ခွင့်ပြုတဲ့ အကြောင်း ဖော်ပြထားပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးတွဲလုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်ဘက်က အဆိုပြုထားချိန်မှာဘဲ စစ်ကောင်စီက ဒီဥပဒေကိုပြဌာန်းလိုက်တာ ဆိုပြီးလည်းပြောကြပါတယ်။ ဒီဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ပြီး ရေးဆွဲထားတာလို့ ဥပဒေပညာရှင် ဦးကြီးမြင့်က ထောက်ပြပါတယ်။
"ဒါကတော့အစောကြီးထဲကဒီသတင်းတွေကထွက်ပြီးသား။ ကျောက်ဖြူမှာဆို တရုတ်တွေ ၃၀၀လောက်ရောက်နေပြီလေ။ ကျောက်ဖြူသူတို့ဟာကို ကာကွယ်ဖို့လေ ဥပဒေကပြီးမှထွက်တာ။ ရည်ရွယ်ချက်ကတော့သူတို့ရင်းနှီးမြုပ်နှံမှုတွေကို စစ်ကောင်စီက ကာကွယ်မပေးနိုင်ဘူးလို့တရုတ်ကယူဆလို့ တရုတ်တောင်းဆိုလို့ လိုက်လျောလိုက်တာ။ အဲလိုလုပ်ခြင်းဟာ တကယ်ကျတော့ ၂၀၀၈ဖွဲ့စည်းပုံနဲ့မညီဘူး။ ၂၀၀၈မှာက မည်သည့်နိုင်ငံခြားလက်နက် ကိုင်ကိုမှခွင့်မပြုရလို့ပြဌာန်းထားတယ်။ အဲဒါနဲ့တော့ ၂၀၀၈ ဥပဒေကိုသူတို့ကိုယ်တိုင်ချိုးဖောက်ရာရောက်တယ်လို့ ပြောချင်ပါတယ်။"
ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီ ခွင့်ပြုချက်နဲ့ လက်နက်ခဲယမ်း၊ ဆက်စပ် ပစ္စည်းတွေ ကိုင်ဆောင်ခွင့် ပြုမယ်ဆိုပြီး ဥပဒေမှာ ပြဌာန်းထားပေမဲ့ ကိုင်ဆောင်ခွင့်ပြုမယ့် လက်နက် အရေအတွက်ကိုတော့ ဖော်ပြမထားပါဘူး။ ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရဖို့လျှောက်ထားသူဟာ နိုင်ငံခြား ကုမ္ပဏီဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံသားဝန်ထမ်း အနည်းဆုံး ၇၅ ရာခိုင်နှုန်း ကိုခန့်အပ်ရမယ်လို့ ဥပဒေထဲ ပြဋ္ဌာန်းထားပါတယ်။
ပြည်တွင်း လုံခြုံရေး ကုမ္ပဏီတွေမှာတော့ နိုင်ငံခြားသား ငှားယမ်းခွင့် ရှိမရှိကိုတော့ ထည့်သွင်းမထားပါဘူး။ ပုဂ္ဂလိက လုပ်ငန်းတစ်ခုမှာလုံခြုံရေးဝန်ထမ်း ၁၀ ဦးထက်ပိုပြီး အလုပ်ခန့်မယ်ဆိုရင် ဒီဥပဒေပြဋ္ဌာန်းလိုက်တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကစလို့ ၆ လအတွင်း သက်ဆိုင်ရာကြီးကြပ်ရေးကော်မတီကို ခွင့်ပြုမိန့်လျှောက်ဖို့နဲ့ လိုင်စင်လျှောက်ဖို့လိုတယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။ နိုင်ငံလုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ ပုဂ္ဂလိက လုံခြုံရေး အဖွဲ့တွေနဲ့ နိုင်ငံလုံခြုံရေး အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုကို ပြည်ပနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ အတွက် ရည်ရွယ်ပြီး ဒီဥပဒေကို ပြဌာန်းတာ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းတွေ အနေနဲ့ စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းကြားရင် မငြင်းပယ်ဖို့လည်း ဥပဒေမှာ ပြဌာန်းထားပါတယ်။
လုံခြုံရေး ဆိုင်ရာ သတင်းတွေကို စစ်ကောင်စီထံ သတင်းပေးပို့ရမှာလည်း ဖြစ်ပါတယ်။ လုပ်ကိုင်ခွင့် ရတဲ့ ကုမ္ပဏီတွေ အနေနဲ့ မြန်မာ့ စီးပွားရေးဘဏ်မှာ ငွေကျပ် သိန်း ၁၀၀၀ လုပ်ငန်း အာမခံ အဖြစ်ထားရှိရမှာ ဖြစ်သလို နိုင်ငံခြား ကုမ္ပဏီ ဖြစ်ရင်တော့ ငွေကျပ် သိန်း ၁၀၀၀ နဲ့ ညီမျှတဲ့ နိုင်ငံခြား သုံးငွေကို ဘဏ်မှာ အပ်နှံထားရမှာ ဖြစ်ပါတယ်။ နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု အားနည်းနေချိန် တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ပေးတဲ့အပေါ် စိုးရိမ်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ တဦးက ဗွီအိုအေကို ပြောပါတယ်။
"ဒီဥပဒေကရှိသင့်တဲ့ဥပဒေပါဘဲ။ ဒါပေမယ့်ဘယ်အဖွဲ့ကပြဌာန်းလဲ ပြဌာန်းခွင့်ရှိလား ဥပဒေဥပဒိအင်္ဂါရပ်နဲ့ပြည့်စုံရဲ့လား ထွက်ပေါ်လာတဲ့အခြေအနေအချိန်အခါ ရောဟုတ်ရဲ့လားဆိုတာက အရေးကြီးပါတယ်။ ဒီဥပဒေသော့ချက်က လက်နက်ကိုင်ဆောင်ခွင့်ပြုတာရယ် နိုင်ငံခြားကုမ္ပဏီကိုခွင့်ပြုတာရယ်ဘဲ။ ဒီတော့ တရုတ်အစိုးရက သူတို့စီမံကိန်းတွေကိုသူတို့နောက်ကွယ်ကထိန်းနေတဲ့ သူတို့လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ဖွဲ့ထားတဲ့ သူတို့ကုမ္ပဏီတွေနဲ့သူတို့ စီမံကိန်း တွေကိုကာကွယ်ဖို့လုပ်တဲ့အချိန် အချိန်ကိုက်ပြဌာနိးလာတာဟာမြန်မာ့မြေပေါ်မှာ နိုင်ငံခြားလက်နက်ကိုင်တွေကိုခွင့်ပြုဖို့လုပ်လာတာ။ ဒါကတော့ အလွန်အန္တရာယ်များပြီးအချုပ်အခြာအာဏာကိုထိပါးလာနိုင်ယုံတင်မကဘဲနဲ့ အခုလိုဥပဒေစိုးမိုးမှု မရှိတဲ့ အချိန်မှာပိုက်ဆံရှိသူတွေက တရားဝင်ကောတရား မဝင်ကော လုပ်ငန်းလုပ်နေသူတွေက ဥပဒေကိုအကာအကွယ်ယူ လက်နက်ကိုင်အဖွဲ့တွေနဲ့သူတလူငါတမင်းဖြစ်လာနိုင်မလား အဲဒီအန္တရာယ်ကိုမြင်နေရတယ် တော်တော်စိုးရိမ်စရာကောင်းတယ်။"
ဒီဥပဒေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရကို ဗွီအိုအေက ဆက်သွယ်ပေမဲ့ ပြန်လည် ဖြေကြားချက် မရပါဘူး။
ပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းကို လိုင်စင်မရှိဘဲလုပ်ကိုင်တာ၊ လိုင်စင်ရှိတဲ့ လုပ်ငန်းတွေအနေနဲ့လည်း ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်တာ၊ လက်နက်ဝယ်ယူရောင်းချတဲ့ ပြစ်မှုတွေအတွက် ထောင်ဒဏ် ၁ နှစ် ကနေ ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ပြီး ငွေဒဏ် ကျပ်သိန်းတစ်ရာလည်း ချမှတ်ခံရမယ်လို့ ဥပဒေကဆိုပါတယ်။
နောက်ပြီးခွင့်ပြုမိန့် မရှိဘဲ လုံခြုံရေးဝန်ထမ်း ၁၀ ဦးထက် ပိုပြီး ခန့်ထားမယ်ဆိုရင် လည်း တစ်နှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် ကျပ်သိန်း တစ်ရာမှ ကျပ်သိန်း ငါးရာထိ နဲ့ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ပြစ်မှုကျူးလွန်သူက ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်းဖြစ်မယ်ဆိုရင်တော့ အနည်းဆုံးကျပ်သိန်း ၁,၀၀၀ ကနေ အများဆုံး ကျပ်သိန်း ၃,၀၀၀ အထိ ငွေဒဏ်ချမှတ်ရမယ်လို့ ဥပဒေထဲမှာ ဖော်ပြထားပါတယ်။အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေပါ ပြစ်မှုတွေကတော့ ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေအဖြစ် သတ်မှတ်ထားတယ်လို့ လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
Forum