သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်း ၁၀ လပြည့်ပေမယ့် လျှပ်တပြက် ဆန္ဒပြမှုတွေဖြစ်ပွားဆဲ


စစ်အာဏာသိမ်းမှု ၁၀ လပြည့် အမျိုးသမီးဆန္ဒပြလှုပ်ရှားမှု( ကလေးမြို့၊ ဒီဇင်ဘာ ၁၊ ၂၀၂၁)
စစ်အာဏာသိမ်းမှု ၁၀ လပြည့် အမျိုးသမီးဆန္ဒပြလှုပ်ရှားမှု( ကလေးမြို့၊ ဒီဇင်ဘာ ၁၊ ၂၀၂၁)

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလဆန်းက စစ်တပ်ကအာဏာသိမ်းတာ ဒီကနေ့ဆိုရင် ၁၀ လ ပြည့်သွားပါပြီ။ စစ်အာဏာသိမ်းတာဆန့်ကျင်တဲ့ အကြမ်းမဖက်ဆန္ဒပြမှုတွေကို စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့ပြီးနောက် ဆန္ဒပြသူတွေဘက်က နိုင်ငံ့နေရာအနှံ့ ခုခံတော်လှန်မှုတွေလည်း ပေါ်လာပါတယ်။ ဆန္ဒပြမှုတွေအရှိန်လျော့ကျသွားတယ်ဆိုပေမယ့် ဒီကနေ့အထိ မြို့ပေါ်တွေမှာ လျှပ်တပြက် ဆန္ဒပြမှုတွေက ရှိနေဆဲပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းချိန်ကစလို့ နိုင်ငံတဝန်း အကြမ်းမဖက်ဘဲ ချီတက် ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့အကြမ်းဖက်ဖြိုခွဲမှုတွေ ဖမ်းဆီးမှုတွေကြောင့် အင်အားအများအပြားနဲ့ ဆန္ဒပြမှုတွေ အားနည်းလာပေမယ့် လက်ရှိ စစ်အာဏာသိမ်းမှု ၁၀ လပြည့်တဲ့အချိန်ထိ နိုင်ငံတဝန်းမှာ ပျောက်ကြားသပိတ်တွေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း အကြမ်းမဖက် ဆန္ဒပြတာတွေ ရှိနေဆဲပါ။

ဒီကနေ့မှာလည်း ရန်ကုန်မြို့မှာ အမျိုးသမီးတွေ ဦးဆောင်တဲ့ “အာဏာရှင်ဆိုတာ အရှင် မထွက်ဘူး” ဆိုတဲ့ခေါင်းစီးစာတန်းနဲ့ အချိန်တိုလျှပ်တပြက် ချီတက် ဆန္ဒပြခဲ့ကြတဲ့ အကြောင်း Women Alliance Burma အမျိုးသမီးသပိတ်က မသော်သော်က VOA ကို ပြောပါတယ်။

“အခု တော်လှန်ရေးမတိုင်ခင်မှာရော၊ တော်လှန်ရေး ကာလမှာကော အကြမ်းဖက် စစ်တပ်က လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေ ရှိတယ်။ အဲ့ဒီအပေါ်မှာမှ အကြမ်းဖက် စစ်တပ်သည် ပြစ်ဒဏ်ကနေ ကင်းလွတ်နေသေးတယ်ပေါ့။ ဆိုတော့ ကျမတို့က သူတို့ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေအတွက် သူတို့ကို ထိုက်တန် တဲ့ အပြစ်ကို ပေးနိုင်ဖို့ ကျမတို့ အဓိက တောင်းဆိုချင်တာပေါ့နှော်။ နောက် အဲ့လိုထွက်တဲ့အခါမှာလည်း ကျမတို့သပိတ်ရဲ့ ခေါင်းစဉ်ကို ရွေးတဲ့အခါမှာလည်း သမိုင်းဝင် စကားပေါ့နော်၊ အမေလူထု ဒေါ်အမာရဲ့ သမိုင်းဝင် စကားတခွန်းဖြစ်တဲ့ ‘အာဏာရှင်ဆိုတာ ဘယ်တော့မှာ အရှင်ထွက် မထွက်ဘူး’ ဆိုတဲ့ စကားကို ဦးတည်ပြီးတော့ ဒီသပိတ်ကို ထွက်ဖြစ်တယ်ပေါ့။”

နိုင်ငံတဝန်းက Women Alliance Burma အမျိုးသမီး သပိတ်အဖွဲ့ရှိတဲ့ မြို့တိုင်းမှာ ဒီလို အမျိုးသမီးတွေဦးဆောင်တဲ့ သပိတ်တွေထွက်ကြမှာဖြစ်တယ်လို့ သူကပြောပါတယ်။ ရန်ကုန်မှာလိုပဲ မန္တလေး၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကလေးမြို့တို့မှာလည်း အမျိုးသမီးတွေ ဦးဆောင်တဲ့ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းကတည်းက နေ့စဉ်မပျက် ချီတက် ဆန္ဒပြနေတဲ့ကလေးမြို့မှာလည်း ဒီကနေ့ မနက်အစောပိုင်း အာရုံဦးကတည်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု များတာကြောင့် စစ်ကောင်စီတပ်တွေက လုံခြုံရေး တင်းကြပ်စစ်ဆေးမှုတွေ ရှိနေတဲ့ ကြားက၊ နေ့စဉ်မပျက် ချီတက် ဆန္ဒပြနေတဲ့ ကလေးမြို့ သပိတ်ရဲ့ရည်ရွယ်ချက်ကို ဦးဆောင်ပါဝင်သူတဦးက အခုလို ပြောပါတယ်။

“တော်လှန်ရေးစကတည်းကလဲ ဒီဆန္ဒပြတာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပေါ့နှော်၊ ဆန္ဒပြရုံနဲ့ပဲ စခဲ့တာပေါ့။ ဒီလို ဆန္ဒပြရုံနဲ့ စစ်ကောင်စီက မဆင်းပေးဘူး၊ ပြုတ်ကျမသွားဘူးဆိုတာကိုတော့ နားလည်တယ်။ ဒီနွေဦးတော်လှန်ရေးမှာ ကဏ္ဍတွေ အများကြီးရှိတယ်။ အားလုံး အဖက်ဖက်က ကြိုးစားမှ စစ်အာဏာရှင် အမြစ်ပြတ်မယ်ဆိုတဲ့ ခံယူချက်တွေနဲ့ ကျနော်တို့က အခက်အခဲတွေ ကြားထဲက၊ လိုက်လံ ဖမ်းဆီးမှုတွေကြားထဲက နေပူမရှောင် မိုးရွာမရှောင် အားတင်းရှေ့ဆက်ပြီး ဆန္ဒပြနေကြတာပေါ့နှော်။ နောက်ပြီးတော့ ပြည် သူတွေကလည်း သွေးမအေးသွားဘူး ဆိုတာမျိုးပေါ့။ ပြည်သူတွေ တနိုင်ငံလုံးက အတိုင်းအတာနဲ့ မြင်အောင်ပေါ့နှော်။ အဲ့လိုမျိုး တဘက်တလမ်းကနေ လုပ်နေတာပေါ့။ ရှေ့ဆက်လည်း ရနိုင်တဲ့နည်းနဲ့ မြေပြင်မှာ ဆင်းလို့မရတော့ဘူးဆိုရင်တောင်မှ ကျနော်တို့ ရနိုင်တဲ့နည်းနဲ့ စစ်အာဏာရှင်ကို ဆက်ပြီး ဆန့်ကျင်သွားမှာပါ။”

ကလေးမြို့အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ တိုက်ပွဲတွေရှိနေတာကြောင့် စစ်ကောင်စီတပ်တွေက ကလေးမြို့ထဲမှာ လုံခြုံရေး အထူးတင်းကြပ်ပြီး ဖမ်းဆီးမှုတွေလည်း နေ့စဉ် အများအပြားရှိတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“လုံခြုံရေးက သူတို့ ဒီနောက်ပိုင်းမှာပေါ့နော်။ နိုဝင်ဘာ ကုန်ခါနီးကတည်းက သူတို့တွေ မြို့ထဲမှာရော တောနင်းပြီးတော့ PDF တွေကို လိုက်တိုက်နေတာလည်း ရှိတယ်။ မြို့ထဲမှာလည်း တပြိုင်တည်းပေါ့၊ အဖမ်းအဆီးတွေ တော်တော်ကြပ်နေတယ်။ မနက် ၄ နာရီ လောက်ကတည်းက ထပြီးတော့ သူတို့ သတင်းရတဲ့ အိမ်တွေကို လိုက်လံဖမ်းဆီးတာတွေ ရှိနေတယ်ပေါ့။ မြေပြင်ကနေ ထောက်ပံ့ပေးနေတဲ့PDF Support တွေ၊ CDM Support တွေကို အဆက်ဖြတ်ချင်တဲ့ ပုံစံမျိုးပေ့ါနှော်၊ ဖြတ် ၄ ဖြတ်ပုံစံပေါ့။ PDF တွေအခက်တွေ့အောင်လုပ်တဲ့ ပုံစံမျိုးရှိတယ်။ လုံးဝ လှုပ်ရှားလို့ မလွယ်အောင်ပေါ့။ သတင်းနည်းနည်းရတာနဲ့ ဖမ်းတာ။ ဟိုနေ့ကဆိုရင် ဖမ်းသွားတဲ့ထဲမှာ ရက်သားပဲ ရှိသေးတဲ့ မွေးခါစကလေး အမေပါပါတယ် ကလေးရော။”

မန္တလေးမှာတော့ ဒီကနေ့ ဗုံးပေါက်ကွဲမှုတချို့ဖြစ်ပြီး ထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပေမယ့် ထိခိုက်သေဆုံးမှုကို VOA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်အာဏာသိမ်းမှု ၁၀ လပြည့်ချိန်မှာ နိုင်ငံတဝန်းမှာ လျှပ်တပြက်ဆန္ဒပြမှုတွေရှိသလို ပစ်ခတ် မှုတွေ၊ ပေါက်ကွဲမှုတွေလည်း နေ့စဉ်လိုလို ရှိနေပါတယ်။ ဒါ့အပြင် တတ်ကြွလှုပ်ရှားသူတွေကို ရှာဖွေဖမ်းဆီးတာတွေရှိနေပမယ့်လည်း ရန်ကုန်၊ မန္တလေး၊ ကလေး၊ မုံရွာ၊ ဖားကန့်၊ ရွေဘို၊ ဆားလင်းကြီး၊ ယင်းမာပင်၊ လက်ပံတောင်း၊ လောင်းလုံ စတဲ့ဒေသတွေမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကတော့ ဆက်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


=================

{{Unicode}}

စဈအာဏာသိမျး ၁၀ လပွည့ျပမေယ့ျ လြှပျတပွကျ ဆန်ဒပွမှုတှဖွေဈပှားဆဲ












#MyanmarProtest #MyanmarMilitaryCoup #MyanmarViolence #VOABurmese


=================

XS
SM
MD
LG