{Zawgyi/Unicode}
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လီဒိုလမ်းမှာ ဒီနေ့လည်း စစ်တပ်နဲ့ KIA ကြား တိုက်ပွဲဖြစ်ပါတယ်။ နောင်းမီနဲ့မံပန် ရွာအကြားမှာ စစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီတိုက်ခိုက်မှုဖြစ်ပြီးချိန်မှာ စစ်တပ်က အရပ်သားပြည်သူတွေရှိရာဘက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က တိုက်ပွဲသတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
ဖားကန့်မြို့နယ်အတွင်း ဒီနေ့ ဖြစ်တဲ့တိုက်ပွဲကတော့ တနိုင်းမြို့ကနေ ပြန်ဆင်းလာတဲ့ စစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။
“အင်အားက ၂၀၀ ကျော်တယ်။ သူတို့ လမ်းကြောင်းဆင်းသွားတာ နောင်းမီဘက်တော့ ရောက်သွားပြီထင်တယ်။ အဲဒီဘက်မှာတော့ အသံတွေ ကြားနေရတယ်။ နောင်းမီနဲ့ မံပန်ကြားဖြစ်ဖို့များတယ်။ ကြက်ဥတောင်ဆိုတဲ့နေရာမှာ။”
ဒီတိုက်ပွဲဟာ မနက် ၁၀ နာရီ ၅၀ လောက်မှာ ဖြစ်ခဲ့တာပါ။ အခြား ဒေသခံတယောက်ကတော့ တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က မံပန် ရွာ ဘုရားကျောင်းအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
“ကျနော်တို့ မံပန်၊ စိန့်ပီတာ ကက်သလစ်ဘုရားကျောင်းဝန်းထဲကအိမ်ကို လက်နက်နဲ့ပစ်တဲ့အခါကျတော့ သွပ်တွေ အကုန်လုံး လန်ထွက်သွားတယ်။ နောက်ပြီးမှ ကာထားတဲ့နံရံတွေလည်း အကုန်လုံး ပြဲသွားတယ်။ လူနေလို့ မရနိုင်တဲ့အဆင့်ရောက်သွားအောင် ပစ်တယ်တဲ့။ အဲဒီမှာ နွားတကောင်လည်း အပစ်ခံရတယ်။”
မံပန် ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကုန်တင်ကားတစီးလည်း ပျက်စီးသွားကြောင်းနဲ့ နောင်မီးရွာဟောင်းက ဒေသခံလူငယ်တယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။ လူငယ်ကိုတော့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ လီဒိုလမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြောပေမဲ့ အခြေအနေအသေးစိတ်ကို မသိရကြောင်း ပြောပါတယ်။
တနိုင်း၊ ဖားကန့်နဲ့ မိုးကောင်းမြို့နယ်တွင်းက လီဒိုလမ်းတလျှောက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်လောက်တည်းကစတင်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်က KIA တပ်မဟာ ၆ အခြေစိုက်ရာ မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသဘက်မှာလည်း စစ်တပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကြား ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“မနေ့ကလည်း အဲဒီဘက်မှာတော့ တိုက်ပွဲဖြစ်တာရှိပါတယ်။ မုံးကိုး၊ ဖောင်းဆိုင်ဘက်မှာ စစ်ကောင်စီဘက်က စစ်အင်အားတွေ၊ လက်နက်တွေ၊ ရိက္ခာတွေ ပို့ထားပြီးမှ ပြန်ခေါက်သွားတဲ့နေရာမှာ တိုက်ပွဲဖြစ် တယ်ဆိုတာ ကြားပါတယ်။ နောက် ဒီ ဖောင်းဆိုင်ရဲ့ ဆုတောင်းတောင်ပေ့ါနော်။ ခရစ်ယာန်ဘာသာတွေရဲ့ ဆုတောင်း တောင်ဘက်မှာလည်း လက်နက်ကြီးနဲ့ပစ်ပြီးမှ အဲဒီဘက်မှာလည်း တိုက်ပွဲဖြစ်တယ်ဆိုတာကတော့ ကြားပါတယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ ဘာမှမကြားရပါဘူး။”
MNDAAပြန်ကြားရေးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဒီလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း တိုက်ပွဲ ၅ နေရာဖြစ်ခဲ့ကြောင်းဖော်ပြထားပြီး နောက်ပိုင်း သတင်းထပ်ထုတ်တာတော့ မရှိပါဘူး။ ကချင်နဲ့ ရှမ်းပြည်နယ်က တိုက်ပွဲသတင်းကို စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒီရက်ပိုင်းတွေအတွင်း ကချင်နဲ့ ရှမ်းမြောက်ဒေသတွေမှာသာမက စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်ဘက်တွေမှာလည်း တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး ပွင့်လင်းရာသီရောက်လာချိန်မှာ စစ်ရေးအရှိန် ပိုမြင့်လာနိုင်တယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။
ကြာသပတေးနေ့က တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်ဂိတ်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။ လောလောဆယ် ယာယီပိတ်ထားတဲ့ဂိတ်မှာ ဖြစ်တဲ့ပေါက်ကွဲမှုက ဘယ်သူ့လက်ချက်လဲဆိုတာတော့ မသိရသေးပါဘူး။
---------------
{Unicode}