သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကနေ အိမ်စောင့်အစိုးရဖွဲ့စည်း


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

Zawgyi/Unicode

တိုင်းပြည်အာဏာရယူထားတဲ့ လက်ရှိ စစ်အုပ်ချုပ်ရေးကောင်စီက ဖွဲ့ထားတဲ့ စီမံခန့်ခွဲရေးကော်မတီကို အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း စစ်တပ်က အာဏာသိမ်းလိုက်တာ ၆ လပြည့်တဲ့ ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ ရက်စွဲနဲ့ စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ပါတယ်။

အခု အသစ်ဖွဲ့စည်းလိုက်တဲ့ အိမ်စောင့်အစိုးရမှာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး စစ်ကောင်စီ ဒုဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်အဖြစ် အသီးသီး တာဝန်တွေ ပြောင်းလဲ ယူသွားကြမှာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မူလရှိထားတဲ့ စစ်အုပ်ချုပ်ရေးကောင်စီရဲ့ တာဝန်ပိုင်းနဲ့ ဖွဲ့စည်းပုံဆိုင်ရာအပြောင်းအလဲရှိမရှိဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

စစ်တပ်က အာဏာသိမ်းတာ ၆ လ ပြည့်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်ကို ဒီကနေ့ ပြောကြားတဲ့ မိန့်ခွန်းမှာတော့ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နှစ်နှစ်အထိ အချိန်ယူရနိုင်တယ်လို့ ပြောသွားပါတယ်။

“လွတ်လပ်တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခြေအနေတွေ ဖန်တီးပေးရပါမယ်။ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ကြရပါမယ်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ်ဆိုတာ ကတိပြုပါတယ်။”

ရွေးကောက်ပွဲ ကျင်းပတာအပါအဝင် စစ်တပ်က ချမှတ်ထားတဲ့ လုပ်ငန်းစဉ် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အချိန်ကာလအားဖြင့် ၂ နှစ် လိုအပ်တဲ့အတွက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လမတိုင်ခင်မှာ အဲဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပေမယ့် ရွေးကောက်ပွဲကိုတော့ ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာ အတိအလင်း ပြောဆိုခြင်း မရှိပါဘူး။
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအထူးကိုယ်စားလှယ်ကိုလည်း အာဆီယံမူဘောင်အတွင်းကနေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ အာဆီယံကချမှတ်ခဲ့တဲ့ သဘောတူညီချက် ၅ ရပ်ထဲက လုပ်သင့်လုပ်ထိုက်တာတွေကို သူ့အနေနဲ့ ဆောင်ရွက်ခဲ့တယ်လို့ ပြောပေမယ့်၊ ဘယ်အချက်တွေလည်းဆိုတာကိုတော့ တိတိကျကျ ပြောမထားပါဘူး။ ဒီ ၅ ချက်ထဲမှာတော့ မြန်မာ့အရေးဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ထားရှိရေးအပါအဝင် မြန်မာနိုင်ငံတွင်းအကြမ်းဖက်ပစ်ခတ်မှုတွေရပ်ဆိုင်းထားဖို့၊ ဆိုင်ရာအဖွဲ့အစည်းတွေအကြားတွေ့ဆုံဆွေးနွေးပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့အဖြေထုတ်ဖို့၊ လူသားချင်းစာနာကူညီမှုတွေခွင့်ပြုဖို့ဆိုတာတွေ ပါဝင်ပါတယ်။
အမေရိကန် တရုတ်အပါအဝင် နိုင်ငံတကာကလည်း အာဆီယံ သဘောတူညီချက်၅ချက်ကို လိုက်နာဆောင်ရွက်ဖို့ တွန်းအားပေးနေပါတယ်။

တိုက်ရိုက် လင့်ခ်


=====

Zawgyi/Unicode







#MyanamrMilitaryCoup #MyanmarASEAN #VOABurmese

XS
SM
MD
LG