သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေး ပေါက်မြို့တောင်ပိုင်းနဲ့ ဆောနယ်မှာ တိုက်ပွဲတွေဖြစ်ပွား


ဇွန်လ ၁၅ ရက်နေ့က မီးလောင်ပြာကျခဲ့တဲ့ ပေါက်မြို့နယ်မြင်ကွင်း။ (ဓာတ်ပုံ- ပေါက်မြို့နယ်ဟစ်တိုင်)
ဇွန်လ ၁၅ ရက်နေ့က မီးလောင်ပြာကျခဲ့တဲ့ ပေါက်မြို့နယ်မြင်ကွင်း။ (ဓာတ်ပုံ- ပေါက်မြို့နယ်ဟစ်တိုင်)

Zawgyi/Unicode

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းနဲ့ ဆောနယ်တို့မှာ ပေါက် PDF တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီး ကျေးရွာတွေကထွက်ပြေးနေကြတဲ့ စစ်ဘေးဒုက္ခသည်တချို့ ထွက်ပြေးတိမ်း ရှောင်ရင်း သေဆုံးတာတွေရှိသလို ဆေးဝါးအကူညီတွေလည်း လိုအပ်နေပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာ ပေါက် PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ၂ ဘက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဇွန် ၁၅ ရက်က ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားပြီး ကင်းမရွာ တခုလုံးနီးပါး မီးလောင်ခဲ့ပြီးနောက် တိုက်ပွဲတွေ ငြိမ်သက်နေရာက ဒီကနေ့ ဇူလိုင် ၅ ရက် မနက်အစောပိုင်းမှ တိုက်ခိုက်မှုတွေ ပြန်ဖြစ်ခဲ့တာပါ။ မနက်အစောပိုင်းကတည်းက စတင်တဲ့ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ပေါက်မြို့နယ်တောင်ပိုင်းနဲ့ ကပ်လျက် ဆောနယ်ထဲက ကျေးရွာတွေနားတွေထိပါ တိုက်ပွဲ ပျံ့နှံ့ဖြစ်ခဲ့ပါတယ်။

ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ပေါက် PDF က အခုလိုပြောပါတယ်။

“ပထမဖြစ်တာက ပေါက်မြို့နယ်တောင်ပိုင်း ကျောက်အိုးရွာဘေးနားက လယ်တောပြင်တောင်ကျော လယ်တောရိုးမှာ စဖြစ်တယ်။ ကျနော်တို့တွေက ညဘက်ကတည်းက ဝိုင်းပြီးသူတို့ကို ပိတ်ထားတာပေါ့နော်။ ၆ နာရီ ၅၅ မှာ ကျနော်တို့က မိုင်းခွဲတိုက်ခိုက်တာပေါ့။ သူတို့ ပြန်ဆုတ်တာပေါ့။ ကျနော်တို့ဆီက ၁ ယောက်ကျတယ်။ သူတို့ဆီက မိုင်းခွဲတဲ့နေရာမှာ ၆ ယောက်ကျတယ်။ ကျနော်တို့က အဲ့အနောက်ပေါက်ကို ၁၅ ယောက်နဲ့ ပိတ်ထားတာဆိုတော့ အင်အားမမျှတော့ ပြန်ဆုတ်ပေးလိုက်ရတယ်။ ပြန်ဆုတ်ပေးပြီး ဒီကောင်တွေ သက္ကယ်ကျင်းဘက်ကို ပြန်ဆုတ်တဲ့အချိန် အနောက်က ပြန်လိုက်တာလေ။ ကျောက်လိပ်၊ သက္ကယ်ကျင်း ချောင်းအဖြတ်မှာ ကျနော်တို့ အဖွဲ့တဖွဲ့စောင့်နေတော့ အဲ့မှာ တခါထပ်ဖြစ်တယ်။ ကျနော်တို့လည်း အနောက်က တောက်လျှောက်လိုက်တယ်။ ကျနော်တို့ ဆောနယ်ထဲထိ လိုက်တိုက်တာပေါ့နော်။ ဆောနယ်ထဲထိ လိုက်တိုက်ပြီးတော့ ကျောက်လိပ်-အဲ့ကနေပြီး ငှက်ကြီးဦးဘက်ကို ရောက်သွားပြီ အခုလည်းဖြစ်နေတုန်းပဲ။ တောက်လျှောက်ကထိနေတာ။ ကျနော်တို့က ပစ်ချက်တိုင်းမှာ အပိုင်စောင့်ပစ်တာ။ ပစ်တိုင်းထိတယ်ဆိုတော့ အခုချိန်ထိ အတည်ပြုလို့မရသေးဘူး။ ကျနော်တို့လူတွေနဲ့ လက်ရှိအထိ ချနေတုန်းပဲ။ တိုက်ပွဲအတော်ပြင်းထန်တယ်။ ၆ ကြိမ်လောက်ဖြစ်တဲ့ အချိန်မှာ ပထမဆုံး ကျဆုံးတဲ့ သတင်းပဲရသေးတယ်။ နောက်ပိုင်းက ဘာမှ အတည်ပြုလို့မရသေးဘူး။”

တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် စစ်ကောင်စီတပ်ဘက်က သက္ကယ်ကျင်းကျေးရွာသားတဦးကိုလည်း သေနတ်နဲ့ ပစ်လိုက်တဲ့အတွက် ရွာသားသေဆုံးသွားပါတယ်။ ကျေးရွာတွေထဲဝင်ပြီး နေအိမ်တွေထဲက အသုံးအဆောင်တွေနဲ့ စားနပ်ရိက္ခာတွေကို ယူဆောင်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုလိုပေါက်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို ဗီအိုအေက စစ်တပ်ပြောခွင့်ရကို ဆက်သွယ်မေးထားပေမဲ့ အကြောင်းပြန် ဖြေကြားခြင်း မရှိသေးပါဘူး။

စစ်ကိုင်းတိုင်း ကောလင်း - ရွှေဘိုလမ်းပိုင်းမှာလည်း ကောလင်း PDF နဲ့ စစ်ကောင်စီတပ်တွေ ဂျူလိုင်လ ၄ ရက် ညပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီဇူလိုင် ၄ ရက်ညပိုင်းက ဖြစ်တဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ မပြောသေးပေမဲ့ ဇူလိုင် ၂ ရက်ကတော့ ကောလင်းမြို့အထွက်နားမှာ လက်နက်ကိုင်အဖွဲ့ဘက်က လက်နက်ငယ်တွေ၊ တူမီးသေနတ်တွေနဲ့ စတင်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ နောက်ဆုတ်သွားတဲ့နေရာဘက်ကို နောက်ထပ် လုံခြုံရေး တပ်ဖဲ့ွဝင်တွေပါ ပူူးပေါင်းပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ ပြောပါတယ်။ အဲဒီတိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီးက ကြည်ရွာနဲ့ ဆပ်ပြာကျင်းကျေးရွာတွေနားမှာ ဇူလိုင် ၂ ရက်က ဒီပဲယင်း PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့အတွက် စစ်ဘေးဒုက္ခသည် ၆,၀၀၀ နီးပါးလောက် ကျေးရွာတွေကို စွန့်ခွါထွက်ပြေးနေရပါတယ်။

တောထဲထွက်ပြေးတိမ်းရှောင်ချိန်မှာ မြွေကိုက်သေဆုံးတဲ့ စစ်ဘေးဒုက္ခသည်တွေရှိသလို ဒုက္ခသည်တွေအတွက် ဆေးဝါးအကူညီတွေလည်း လိုအပ်နေတယ်လို့ ဒီပဲယင်းမြို့ခံတဦးက ပြောပါတယ်။

“ထွက်ပြေးနေရတာတော့ ဆပ်ပြာကျင်း၊ ဘုတ်ရွာ၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ အုန်းပြင် စုစုပေါင်း ၇ ရွာလောက်က ရွာလုံးကျွတ်တွေပေါ့ဗျာ။ တောထဲမှာ နေရကြရတာ သူတို့က ညထိုးစစ်ဆင်နေတော့ တနေရာတည်း နေလို့မရတော့ဘူးလေ။ အနီးကပ်လာပြီဆို ရွှေ့ကြရ၊ အဲ့လိုကိုး။ ဆုံးသွားတာက ဘုတ်ရွာက အမျိုးသမီး ၅၀။ ၅၀ ကျော်ပြီ။ မြွေကိုက်တာပေါ့။ လိုအပ်ချက်ကတော့ ဆေးဝါးပေါ့။ စားနပ်ရိက္ခာက အဲ့လောက် မလိုအပ်ဘူး။ ထိခိုက်ဒဏ်ရာနဲ့ ပတ်သက်တာကော၊မပတ်သက်တာကော ရာသီဥတုကလည်း ဒီအချိန်က ဖျားတဲ့ နာတဲ့ တုပ်ကွေးရာသီကို တောထဲတောင်ထဲ နေရတော့ ဘယ်လိုလုပ် အဆင်ပြေမှာတုန်း။”

ဒီပဲယင်း PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေဟာ ဇူလိုင် ၂ ရက် မနက်အစောပိုင်းကနေ ၃ ရက်နေ့အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေသုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဒေသခံတွေအပြောအရ ဒီပဲယင်း PDF ၂၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတချို့ရဲ့ ဦးခေါင်းတွေကို အနီးကပ် ပစ်သတ်ထားပုံရတယ်လို့ ဒေသခံတွေဗီအိုအေကို ပြောကြားတာနဲ့ပါတ်သက်လို့ စစ်ကောင်စီကို မေးမြန်းထားပေမဲ့လည်း တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။ဒီတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာ ရရှိတာ မရှိဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲပြင်းထန်ပြီးနောက်ရက်မှာတော့ ဒီပဲယင်းမြို့မှာ ၁ ရက်နီးပါး အော်ရီဒူးဖုန်းလိုင်းတွေ ယာယီ ပြတ်တောက်သွားခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ဒီပဲယင်း PDF တို့ဟာ ဇွန် ၈ ရက်က စပြီး ပထမဆုံးအကြိမ် ၂ ဖက်ပစ်ခတ်တာတွေ ဖြစ်ခဲ့ပြီး စစ်တပ်တွေက မကြာခဏဆိုသလို ကျေးရွာတွေမှာ ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်


Unicode













#MyanmarMilitaryCoup #MyanmarViolence #VOABurmese

XS
SM
MD
LG