သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွါးနေ


တူရကီစစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ် လိုက်ကြောင်း သောကြာနေ့ မှာပဲ ကြေညာလိုက်ပြီး၊ သမ္မတကတော့ ကျဆုံးမယ့် လုပ်ရပ်အဖြစ်နဲ့ တုံ့ပြန်လိုက်ပါတယ်။ ဘယ်နေရာမှာရောက်နေသလဲ ဆိုတာကို ထုတ်ဖော်မပြောတဲ့ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ ဒေသခံရုပ်မြင်သံကြား အစီအစဉ်တခုက ဆက်သွယ်ပြီး iPhone ရဲ့ FaceTime application ကတဆင့် ဆက်သွယ်မေးမြန်းရာမှာတော့ စစ်တပ်ရဲ့ လုပ်ရပ်ကို လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြကြဖို့ သမ္မတက လူထုကို တိုက်တွန်းခဲ့တာပါ။

အာဏာသိမ်းမှု ကျုးလွန်သူတွေဟာ အမေရိကန်အခြေစိုက် အစ္စလာမ် ဘာသာရေးဆရာ Fethullah Gulen နဲ့ ဆက်နွယ်သူတွေ ဖြစ်ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။ ဘာသာရေးဆရာ Gulen ဟာ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ သမ္မတ အာဒိုဝမ်ရဲ့ မဟာမိတ်ဟောင်းတဦး ဖြစ်ခဲ့ပေမဲ့၊ အာဏာလွန်ဆွဲပွဲမှာ သမ္မတကို အကျင့်ပျက်ခြစားသူတဦးအဖြစ် စွပ်စွဲခဲ့သူလည်း ဖြစ်ပါတယ်။

တူရကီမှာ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ နိုင်ငံခြားရေးဝန်ကြီး John Kerry အနေနဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး Cavusoglu နဲ့ ဆက်သွယ်စကားပြောခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ တူရကီရဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်ထားတဲ့ အရပ်ဘက်အစိုးရကို အပြည့်အ၀ ထောက်ခံကြောင်း အလေးအနက် ပြောကြားခဲ့တယ်လို့ ဖော်ပြထားပြီး၊ တူရကီရဲ့ အခြေအနေတွေကို စိုးရိမ်စွာနဲ့ စောင့်ကြည့်နေတယ်လို့လည်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် တူရကီမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေ အနေနဲ့လည်း ဘေးကင်း လုံခြုံတဲ့နေရာမှာ နေထိုင်ကြဖို့အတွက်လည်း နှိုးဆော်ထားပါတယ်။ တချိန်တည်းမှာပဲ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ - သမ္မတ ဘရက်ခ် အိုဘားမား က တူရကီအခြေအနေကို နိုင်ငံခြားရေးဝန်ကြီး ကယ်ရီနဲ့ ဆက်သွယ်ဆွေးနွေးခဲ့ပြီး၊ လက်ရှိ တူရကီအစိုးရကို တူရကီရှိ အုပ်စုအားလုံးတို့ ထောက်ခံသင့်တဲ့အကြောင်း ထိန်းထိန်းသိမ်းသိမ်း နေကြဖို့နဲ့ အကြမ်းဖက်မှု၊ သွေးထွက်သံယိုမှုကို ရှောင်ရှားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တူရကီရဲ့ နောက်ဆုံးဖြစ်ထွန်းမှု အခြေအနေနဲ့ပတ်သက်လို့လည်း ဝန်ကြီးကယ်ရီအနေနဲ့ သမ္မတကိုဆက်လက် အစီရင်ခံသွားမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အလားတူ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင်လည်းဖြစ်၊ IS အစွန်းရောက်တွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးတွေနဲ့ ဆီးရီးယားသမ္မတ Bashar al-Assad ကို ရာထူးက ဖယ်ရှားဖို့ ကြိုစားနေတဲ့ အလယ်အလတ်သဘောထားရှိသူ အတိုက်အခံ အင်အားစုတွေကို ကျောထောက် နောက်ခံပေးရာမှာ အမေရိကန်ရဲ့ အဓိကမဟာမိတ်တဦးလည်းဖြစ်တဲ့ တူရကီနိုင်ငံရဲ့ အခြေအနေကိုတော့ အနောက်နိုင်ငံတွေက ထောက်လှမ်းရေးတွေနဲ့ စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းကလည်း အနီးကပ် စောင့်ကြည့်နေကြတာပါ။

လတ်တလောမှာတော့ အခြေအနေတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနေပြီး၊ အသေးစိတ်သတင်းတွေလည်း ထပ်မံထွက်ပေါ်လာနေပါတယ်။ စစ်တပ်က အီးမေးလ်နဲ့ ထုတ်ပြန်လိုက်ပြီး၊ တူရကီရုပ်မြင်သံကြားမှာ ဖတ်ပြသွားခဲ့တဲ့ ကြေညာချက်မှာတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တဲ့ အာဏာသိမ်းမှုမှာ အစိုးရအုပ်ချုပ်ရေးကို အပြည့်အ၀ ထိန်းချုပ်ထားလိုက်ပြီ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

တူရကီ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွါးနေ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG