သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ခန့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်ခတ်ခံရလို့သေဆုံး


မြဝတီမြို့ တရားရုံး (ဓာတ်ပုံ-ကိုသက်ဦးနိုင်)
မြဝတီမြို့ တရားရုံး (ဓာတ်ပုံ-ကိုသက်ဦးနိုင်)

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ဇရပ်ဖြူကုန်းရွာမှာ စစ်အုပ်ချုပ်ရေးကောင်စီက ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးနဲ့ ပြည်သူ့စစ်တဦး ပေါင်း သုံးဦးတို့ဟာ အစည်းအဝေးလုပ်နေချိန် အမည်မသိ လက်နက်ကိုင်တွေ ပစ်ခတ်ခဲ့လို့ သောကြာနေ့ညက သေဆုံးသွားပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဇရပ်ဖြူကုန်းကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံမှာ မတ်လ ၁၉ရက်၊ ည ၈ နာရီခွဲဝန်းကျင်မှာ ကျေးရွာတာဝန်ခံရွေးချယ်ပွဲအတွက် အစည်းအဝေးလုပ်နေတုန်းမှာ ဘယ်သူဘယ်ဝါမှန်းမသိသူတွေက ဝင်ရောက် ပစ်ခတ်ခဲ့ကြတာပါ။ ပစ်ခတ်မှုအတွင်း စစ်အုပ်ချုပ်ရေးကောင်စီက ခန့်အပ်ထားတဲ့ ဝှေ့ရှမ်း ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ဦးခင်ဝင်းနဲ့ မဲ့ပလဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းတို့ဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးကြောင်း မြဝတီမြို့ခံတဦးက ပြောပါတယ်။

“ဝှေ့ရှမ်းနဲ့ မဲ့ပလဲက စစ်ကောင်စီက ခန့်တဲ့သူတွေ၊ သူတို့အစည်းအဝေးလုပ်နေတုန်း ပစ်တာ။ အားလုံးသေတာ။ ဝှေ့ရှမ်းအုပ်ချုပ်ရေးမှူးနဲ့ မဲ့ပလဲအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်တဦးသေတာ။”

ဒီပစ်ခတ်မှုအတွင်း ဒဏ်ရာပြင်းထန်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးကျော်လင်းဦးကတော့ သင်္ကန်းညီနောင် အမှတ် (၇) တပ်မတော်ဆေးရုံမှာ ထပ်ပစ် သေဆုံးသွားပါတယ်။ ပစ်ခတ်မှုအတွင်း တညတည်းမှာပဲ သုံးဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုအတွင်း ရပ်မိရပ်ဖတွေဖြစ်တဲ့ ဦးတင်လှနဲ့ ဦးဘိုကေတို့နှစ်ဦးလည်း သေနတ်ကျည်ထိမှန်ဒဏ်ရာတွေ ရခဲ့ကြပြီး အခုလက်ရှိ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့က သောကြာနေ့ဆန္ဒပြပွဲတွေမှာ စစ်တပ်ရဲ့ရဲတွေက ရာဘာကျည်သာမက ကျည်အစစ်တွေကိုသုံးပြီး ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် ဆန္ဒပြသူ နှစ်ဦး ဒဏ်ရာရခဲ့ပြီး ၃ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ကြရပါတယ်။ ညပိုင်းတွေမှာလည်း ဆန္ဒပြလှုပ်ရှားသူတွေရဲ့ နေအိမ်တွေကို လိုက်လံရှာဖွေ ဖမ်းဆီးနေပါတယ်။

လက်ရှိမှာ တောနယ်စပ်မြို့ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အများအပြား ထိန်းချုပ်ထားတဲ့ မြဝတီခရိုင်အတွင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းပြီး တပ်အင်အားတွေ အများအပြားချထားပါတယ်။ လုံခြုံရေးတင်းကြပ်ထားရုံသာမက အဖမ်းအဆီးတွေလည်းများနေတဲ့အတွက် ညဘက်တွေမှာ လူထုက စိုးရိမ်မှုတွေ ပိုတိုးလာနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Unicode








#MyanmarMilitaryCoup #Myawaddy #WhatIsHappeningInMyanmar #VOABurmese

XS
SM
MD
LG