သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့စစ်မှုထမ်း ဥပဒေ လွှတ်တော်လုပ်ပိုင်ခွင့်ကို ထိပါး


ပြည်သူ့စစ်မှုထမ်း ဥပဒေ လွှတ်တော်လုပ်ပိုင်ခွင့်ကို ထိပါး
ပြည်သူ့စစ်မှုထမ်း ဥပဒေ လွှတ်တော်လုပ်ပိုင်ခွင့်ကို ထိပါး

မကြာခင် စတင် ခေါ်ယူတော့မယ့် လွှတ်တော်အသစ် မတိုင်ခင်လေးမှာ မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေကို စစ်အစိုးရက ထုတ်ပြန်လိုက်တာဟာ ဥပဒေပြု အာဏာကို ထိပါးရာရောက်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။ မကြာခင် လပိုင်းအတွင်း စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ NLD က ဒီကနေ့ သဘောထား ကြေညာချက် ၂ စောင် ထုတ်ပြန်ခဲ့တဲ့အထဲမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲပြီး နောက်ပိုင်း စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ဥပဒေ၊ နည်းဥပဒေတွေဟာ မကြာခင် ပေါ်ပေါက်လာတော့မယ့် လွှတ်တော်အသစ်ရဲ့ ဥပဒေပြု အာဏာကို ထိပါးရာ ရောက်စေတဲ့အတွက် NLD ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့က သဘောထား ကြေညာချက် ၂ စောင် ထုတ်ပြန် ကြေညာလိုက်တာလို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“NLD ရဲ့ သဘောထားက လွှတ်တော်ဆိုတာ ရွေးကောက်ပွဲတွေတောင် ပြီးသွားပြီ။ အဲတော့ လွှတ်တော်ရှိမယ်။ လွှတ်တော်က ဥပဒေပြုအာဏာ အမြင့်ဆုံး အာဏာပိုင်။ အဲဒီကို မရောက်ခင် ကြိုပြီးတော့ ထုတ်တာမျိုးက ဥပဒေပြု အာဏာကို ထိပါးရာ ရောက်တယ်လို့ ကျနော်တို့ အဲဒီလို သဘောထားပါတယ်။”

အထူးသဖြင့်တော့ အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်အကြား အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေဟာ အများပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ကိစ္စ ဖြစ်တဲ့အတွက် အခုလို ဥပဒေ မထုတ်ပြန်ခင် ပြည်သူလူထုရဲ့ သဘောထားကို အရင်ကောက်ခံပြီး လွှတ်တော်အတွင်း အချေအတင် ဆွေးနွေးပြီးမှ ထုတ်ပြန်သင့်တဲ့ ဥပဒေမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဥစ္စာ ပြည်သူ့လွှတ်တော်က မကြာခင် ပေါ်ပေါက်တော့မှာ။ ပြည်သူ့လွှတ်တော်ကသာ ဥပဒေပြုအာဏာ ရှိတယ်။ ဒီပေါ်ပေါက်ခါနီးမှ အခုလို ထုတ်တာက မသင့်လျော်ဘူး။ ပြီးတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေက ဆိုရင် ပြည်သူအများနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စ၊ ဒီလိုကိစ္စမျိုးဟာ ပြည်သူတွေရဲ့ ဆန္ဒကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ ပြည်သူ့လွှတ်တော်မှာ အချေအတင် ဆွေးနွေးပြီးတော့မှ ထုတ်ပြန်သင့်တယ်လို့ ကျနော်တို့ အဲဒီလို သဘောထား ပေးတာပါ။”

NLD က ဒီကနေ့ ထုတ်ပြန်တဲ့ ပထမ ကြေညာချက်ထဲမှာတော့ စစ်အစိုးရက ၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်း ဥပဒေ၊ နည်းဥပဒေ ၂၆ ချက်ကို ထုတ်ပြန်ခဲ့ပေမဲ့ အဲဒီ ဥပဒေတွေကို အများပြည်သူ သိရှိနိုင်အောင် နေ့စဉ်ထုတ် သတင်းစာတွေကနေ ထုတ်ပြန်ပေးခြင်း မရှိတဲ့အတွက် အများပြည်သူတွေ သိရှိခွင့် မရခဲ့ဘဲ စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချိမှသာ သိရှိခွင့် ရခဲ့တာ၊ နောက် အများပြည်သူ အားလုံးနဲ့ဆိုင်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်ခဲ့ပေမဲ့ အဲဒီ စစ်ဥပဒေတွေကို အများပြည်သူ သိရှိနိုင်အောင် ရောင်းချပေးခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

အခုလို ဥပဒေတွေ ကြိုတင် ထုတ်ပြန်တာဟာ မကြာခင် ပေါ်ပေါက်လာတော့မယ့် လွှတ်တော်အနေနဲ့ ဥပဒေပြုအာဏာ မရှိဘူးဆိုတာ ပေါ်လွင်နေပြီး ဒီဥပဒေတိုင်းကို လွှတ်တော်ကိုယ်စားလှယ်တွေက ရှုထောင့်ပေါင်းစုံက သုံးသပ် ဝေဖန်ပြီးမှသာ ထုတ်ပြန်သင့်တာကြောင့် အခုလို ဥပဒေတွေ ထုတ်ပြန်နေတာဟာ လုံး၀ မသင့်လျော်ဘူးလို့ ဆိုပါတယ်။

NLD က ထုတ်ပြန်တဲ့ ဒုတိယ ကြေညာချက်မှာတော့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်လို့ NLD ရဲ့ သဘောထားကို ထုတ်ဖော် ပြောဆိုထားတာ ဖြစ်ပါတယ်။ မကြာခင် လွှတ်တော်အသစ်တရပ် ပေါ်ပေါက်လာတော့မှာ ဖြစ်တဲ့အတွက် လွှတ်တော်က ဥပဒေပြု အာဏာကို အဓိက ကျင့်သုံးရမယ်ဆိုတဲ့ မူနဲ့ ဆန့်ကျင်နေတယ်လို့ ထောက်ပြ ပြောဆိုထားပါတယ်။

ဒီဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီက အမိန့်ကြော်ငြာစာအဖြစ် ထုတ်ပြန်တဲ့နေ့မှာ စတင် အာဏာတည်ရမယ်လို့ အဲဒီ ဥပဒေရဲ့ ပုဒ်မ ၁(ခ) မှာ ဖော်ပြထားတာကို ကြည့်ခြင်းအားဖြင့် လွှတ်တော်မှာ ဥပဒေပြုရေးအာဏာ အပြည့်အ၀ မရှိဘူး ဆိုတာကို ထောက်ခံနေသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ ဆင့်ခေါ်ခွင့် ကင်းလွတ်သူများ ရှိတယ်လို့ ဖော်ပြထားတဲ့ အချက်ဟာလည်း ဒီဥပဒေ အတည်ဖြစ်လာပြီး နောက်ပိုင်း မသမာတဲ့ နည်းသုံးပြီး ကင်းလွတ်ခွင့် ပေးချင်သူကို ပေးလို့ရအောင် လမ်းဖွင့်ပေးထားသလို ဖြစ်နေတယ် စသဖြင့် ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိထုတ်ပြန်တဲ့ ဥပဒေပြု အာဏာတွေဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေပြီး NLD ဟာလည်း နိုင်ငံရေးပါတီ တခုအဖြစ် တည်ရှိနေတာကြောင့် အခုလို သဘောထား ထုတ်ပြန်တာ ဖြစ်တဲ့အကြောင်း ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“NLD က အခုလက်ရှိ ရှိတဲ့ နိုင်ငံရေးပါတီ တရပ်၊ အဲတော့ ဥပဒေပြု အာဏာတို့၊ အာဏာကြီး ၃ ရပ်တို့ဆိုတာ နိုင်ငံရေးကိစ္စတွေပဲလေ။ အဲတော့ နိုင်ငံရေးကိစ္စ တခုကို သဘောထား ထုတ်ပြန်တဲ့ သဘောပါ။”

မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရက နိုင်ငံတော် ပြန်တမ်းအဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က တရားဝင် ထုတ်ပြန်ခဲ့တာပါ။ အခု ထုတ်ပြန်ထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ စစ်မှုထမ်းဖို့ ပျက်ကွက်သူတွေ အနေနဲ့ အများဆုံး ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ် ချမှတ်ခံရမယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG