သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ၅ ဦး မြန်မာအစိုးရ ပြန်လွှတ်ပေး


အကျဉ်းကျ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ၅ ဦး မြန်မာအစိုးရ ပြန်လွှတ်ပေး
အကျဉ်းကျ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ၅ ဦး မြန်မာအစိုးရ ပြန်လွှတ်ပေး

မြန်မာနိုင်ငံက အကျဉ်းထောင်တွေတွင်း နှစ်ရှည် အကျဉ်းချခံထားရတဲ့ အရင် စစ်ထောက်လှမ်းရေး အကြီးတန်း အရာရှိ ၅ ဦးကို ပြန်လွှတ်ပေးလိုက်တာဟာ အခု မြန်မာအစိုးရ စစ်တပ်နဲ့ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ ပြဿနာမှာ နောက်ကွယ်ကနေ အသုံးချဖို့ ဖြစ်တယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။ အကြောင်းကတော့ အခုလွှတ်ပေးလိုက်တဲ့ အထဲမှာ အရင် စစ်ထောက်လှမ်းရေးအဖွဲ့က တိုင်းရင်းသားရေးရာ ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီးဟောင်း စန်းပွင့်နဲ့အတူ ဒု-ဗိုလ်မှူးကြီးဟောင်း သက်တင်စိန်တို့ဟာ အရင် စစ်အစိုးရလက်ထက်က တိုင်းရင်းသားရေးရာ ကိစ္စတွေမှာ အရေးပါတဲ့ ကဏ္ဍတွေက ပါဝင်ခဲ့တာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီသုံးသပ်ချက် အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

နှစ်ရှည်ထောင်ဒဏ်တွေနဲ့ အကျဉ်းကျနေတဲ့ အကြီးတန်း စစ်ထောက်လှမ်းရေး အရာရှိ ၅ ဦးကို ပြီးခဲ့တဲ့ ဇွန်လကုန်လောက်က ပြန်လွှတ်ပေးလိုက်တယ်လို့ အရင် တန်ပြန် စစ်ထောက်လှမ်းရေး အရာရှိဟောင်း တဦးလည်းဖြစ်၊ ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ လက်ထောက် သံရုံးတာဝန်ခံ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။

“ဗိုလ်မှူးကြီး စန်းပွင့်ရယ်၊ ဒုတိယဗိုလ်မှူးကြီး သက်တင်စိန်ရယ်၊ ဗိုလ်မှူး စည်သူရယ်၊ ဗိုလ်မှူး ညီညီလွင်ရယ်၊ ဗိုလ်မှူး ထွန်းအောင်စိုးရယ် ဆိုပြီးတော့ ၅ ယောက် လွတ်တယ်ဆိုတာ သိရပါတယ်။ ဗိုလ်မှူးကြီး စန်းပွင့်နဲ့ ဗိုလ်မှူးကြီး သက်တင်စိန်တို့ကတော့ ကျနော်နဲ့လည်း ဌာနတခုထဲမှာ လုပ်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။

“ဗိုလ်မှူး စည်သူကတော့ ထောက်လှမ်းရေး ၆ တပ်မှူးပါ။ ရန်ကုန် ထောက်လှမ်းရေး ၆ ကပါ။ ဗိုလ်မှူး စည်သူက ဗိုလ်ချုပ်ကြီး ခင်ညွန့် နေတဲ့အိမ် ပတ်ဝန်းကျင်ပေါ့၊ အဲဒီနယ်မြေကို တာဝန်ယူရတဲ့သူပါ။ ဗိုလ်မှူး ညီညီလွင်ကတော့ တချိန်က ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ အနီးကပ် လုံခြုံရေး လုပ်ရတဲ့၊ တာဝန်ထမ်းဆောင်ရတဲ့သူပါ။ ဗိုလ်မှူး ထွန်းအောင်စိုးကတော့ ဗိုလ်ကြီးဘဝတုန်းက တန်ပြန် ထောက်လှမ်းရေးဌာန၊ ဗိုလ်မှူးချုပ် သန်းထွန်းတို့ ဌာနမှာ လုပ်တဲ့ ပုဂ္ဂိုလ်တွေပါ။”

အခု ပြန်လွတ်လာတယ်ဆိုတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ၅ ဦးထဲက ဗိုလ်မှူးကြီးဟောင်း စန်းပွင့်နဲ့ ဒု-ဗိုလ်မှူးကြီးဟောင်း သက်တင်စိန်တို့က အရင် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ အထူး အရေးပါသူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ ၂ ဦးဟာ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် လက်ထက်မှာ လုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သူတွေ ဖြစ်တယ်လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။

အခု မြန်မာအစိုးရ စစ်တပ်နဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ ပြဿနာဟာ လက်ရှိ မြန်မာအစိုးရအတွက် အတော် ခေါင်းခဲစရာ ဖြစ်နေတာပါ။ ဒါ့ကြောင့် အရင် တိုင်းရင်းသား ကိစ္စတွေမှာ အတွေ့အကြုံရှိခဲ့တဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတွေကို ပြန်ပြီး အသုံးချဖို့အတွက် အခုလို လွှတ်ပေးတာ ဖြစ်နိုင်တယ်လို့ ရန်ကုန်က စာရေးဆရာတဦးက သုံးသပ်ပါတယ်။

“ထောက်လှမ်းရေးတွေကို ဘာကြောင့် လွှတ်လိုက်လဲဆို သူတို့က အခု လူမျိုးစုတွေနဲ့ တိုက်နေတဲ့ စစ်ပွဲတွေမှာ ပြန်ပြီးတော့ သူတို့ကို ကြားအဖြစ်နဲ့ အသုံးချချင်လို့လားလို့ စဉ်းစားစရာရှိတယ်။ အဲဒီတော့ အထူးသဖြင့် အခုပြဿနာက ပိုပြီး ထိပ်တိုက်ဖြစ်နေတာက ကချင်တပ်၊ KIO နဲ့ ဖြစ်နေတဲ့ ပြဿနာက သူတို့အတွက် တော်တော်အရေးကြီးတဲ့ကိစ္စ။ ရှမ်းလောက်ကိုတော့ သူတို့က ကြီးကျယ်တယ်လို့ မပြောဘူး။ KIO ကိုတော့ သူတို့က ဖြိုဖို့ သိပ်မလွယ်လှဘူး။ အဲတော့ အဲဒီမှာ အသုံးချဖို့များ ဗိုလ်မှူးကြီး စန်းပွင့်တို့ကို နောက်ကွယ်က အကြံတောင်းပြီးတော့၊ သို့မဟုတ် နောက်ကွယ်ကနေ တဖက်လှည့်နဲ့ပဲ သူတို့ အသုံးချလိမ့်မယ် ထင်ပါတယ်။”

ဒီလို သုံးသပ်ချက်တွေကြောင့် ထောင်ဒဏ် နှစ် ၄၀ ကျော်နဲ့ ပြစ်ဒဏ်ချခံထားရပြီး နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဟာ အခု ဇူလိုင်လထဲမှာဆိုရင် နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ်ရှိပါပြီ။ ဒါ့ကြောင့် အရင် တိုင်းရင်းသား ကိစ္စတွေမှာ ဆောင်ရွက်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် လွတ်လာနိုင်စရာ ရှိပါသလား၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ရဲ့ အမြင်ကတော့…

“ကျနော်ထင်တယ်ခင်ဗျ၊ ဗိုလ်ချုပ် ခင်ညွန့်ကိုလည်း သူတို့ ၂၀၀၉ ပတ်ဝန်းကျင်လောက်က ဗိုလ်ချုပ်ကြီး မြင့်ဆွေတို့ သွားပြီး တွေ့ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့် အနေနဲ့ကတော့ အစိုးရအဖွဲ့ကိုပေါ့၊ အဲဒီအချိန်တုန်းကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အပေါ်မှာ တော်တော်လေး စိတ်ပျက်တဲ့ အနေအထားမျိုး ရှိပါတယ်။”

အရင် တန်ပြန် စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် ပြောပြသွားတာ ဖြစ်ပါတယ်။

နှစ်ရှည်ထောင်ဒဏ်တွေ ချခံထားရတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတွေ ပြန်လွတ်လာတဲ့အတွက် နိုင်ငံရေး တက်ကြွလှုပ်ရှားမှုတွေကြောင့် နှစ်ရှည်ထောင်ဒဏ်တွေနဲ့ အဖမ်းခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ တခြား နိုင်ငံရေးအကျဉ်းသား အားလုံးအတွက် မျှော်လင့်စရာ ပိုပြီး လမ်းစရလာတယ်လို့ ရန်ကုန်က စာရေးဆရာက သုံးသပ်ပါတယ်။

“အရပ်သား အစိုးရ ဆိုပြီးတော့ ယူနီဖောင်း ပြောင်းထားတဲ့ အစိုးရအဖွဲ့ အနေနဲ့က ပီပီပြင်ပြင် အရပ်သား အစိုးရလည်း မဟုတ်သေးသလို အရင်အရိပ်ကနေ လွတ်သေးတာလည်း မဟုတ်တဲ့အတွက် အခုဟာက အရင် စစ်အစိုးရကာလလို သိပ်ပြီးတော့ လက်သိပ်ထိုးလုပ်လို့ သိပ်မရဘူး။ မရတဲ့အခါကျတော့ သူတို့ လွှတ်တော်တို့ ဘာတို့မှာ ဒီဟာတွေက ပြဿနာတွေ အမေးအဖြေတွေ ဖြစ်လာနိုင်တယ်။

“ကောင်းတာက အဲဒီလို လွတ်လာတယ် ဆိုတဲ့ဟာ ကောင်းတယ်။ သူတို့ကို လွှတ်လိုက်တဲ့အတွက် ကျန်တဲ့ ရိုက်ခတ်ချက်တွေပါ အများကြီး ဖြစ်လာနိုင်တယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ရေး၊ မလွှတ်ရေးကအစ၊ သူတို့အနေနဲ့ကလည်း အခု ရက် ၁၀၀ ကာလအတွင်းမှာ ထိရောက်တဲ့ဟာ ဘာမှ မလုပ်နိုင်ဘူး။ သူတို့ နည်းတခုခုတော့ ကြံလိမ့်မယ်လို့ ထင်ပါတယ်။ အခုဟာက သူတို့ ၂၀၁၄ အာဆီယံဥက္ကဋ္ဌ လုပ်ဖို့ကအစ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး၊ မလွှတ်ပေးရေးက ထိပ်တန်းပြဿနာ ဖြစ်နေတာကိုး။ အဲဒါကြောင့် အခုကတည်းက စပြီးတော့ သူတို့အတွက် လုံခြုံမှုအတွက်ရော၊ ထောက်လှမ်းရေးသမားတွေကို အသုံးချတာလည်း ဖြစ်နိုင်တယ်။”

ရန်ကုန်က စာရေးဆရာ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၄ အောက်တိုဘာလမှာ စစ်ထောက်လှမ်းရေးတွေကို ဖမ်းဆီး အပြစ်ပေးခဲ့တဲ့အထဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့အတူ သူ့ရဲ့ အရာရှိ ၃၀ ကျော်ကို နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ဖမ်းဆီး အပြစ်ပေးခဲ့သလို သူတို့နဲ့ ပတ်သက်သူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီး ထောင်ချထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG