သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီအကြီးအကဲ ပြော


ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံနေတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံနေတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

မြန်မာနိုင်ငံမှာ အခုနှစ် ဒီဇင်ဘာလ ဒါမှမဟုတ် ၂၀၂၆ ခုနှစ် ဇန်ဝါရီလမှာ အစောဆုံးလုပ်ဖို့ စီစဉ်ထားတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က Belarus နိုင်ငံမှာ ရောက်နေစဉ် ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီ ၅၃ ပါတီ စာရင်းပေးသွင်းထားတယ်လို့ မတ်လ ၇ ရက် သောကြာနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ဘယ်နေ့လုပ်မလဲဆိုတဲ့ အတိအကျ ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းလိုက်ပြီးထဲက ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တောက်လျှောက် ကတိပေးလာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်လိမ့်မယ်လို့ အတိုက်ခံတွေနဲ့ လေ့လာသုံးသပ်သူတွေကလည်း ပြောဆိုထားကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်လို့ဆိုပြီး ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရဆီကနေ စစ်တပ်အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ စစ်အာဏာသိမ်း အုပ်ချုပ်မှုကို မလိုလားသူတွေက လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ လုပ်နေသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီဟာ မြန်မာနိုင်ငံဒေသ တော်တော်များများကို လက်လွတ်ခဲ့ပါတယ်။

အခုလို အနေအထားတွေကြောင့် နယ်မြေအတော်များများမှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ထားကြပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလက သန်းခေါင်စာရင်း ကောက်ယူရာမှာလည်း မြို့ပေါင်း ၃၃၀ ရှိတဲ့အနက် ၁၄၅ မြို့မှာသာ စာရင်းကောက်ယူနိုင်ခဲ့ပါတယ်။ NUG ကြားကာလအစိုးရ အပါအဝင် အတိုက်အခံတွေကတော့ ရွေးကောက်ပွဲကို ဆန့်ကျင်ထားပြီး၊ အကြမ်းမဖက်တဲ့နည်းနဲ့ ရွေးကောက်ပွဲကို တားဆီးသွားမယ်လို့ ပြောဆိုထားပါတယ်။

Forum

XS
SM
MD
LG