သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဦးလွင်မှာ စစ်လေယာဉ်ပျက်ကျပြီး ၁၂ ဦးသေဆုံး


ပြင်ဦးလွင်လေဆိပ်အနီး မြန်မာစစ်လေယာဉ်တစီး ပျက်ကျ (ဓာတ်ပုံ- Courtesy)
ပြင်ဦးလွင်လေဆိပ်အနီး မြန်မာစစ်လေယာဉ်တစီး ပျက်ကျ (ဓာတ်ပုံ- Courtesy)

(Zawgyi/Unicode)
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် အနီးစခန်းနားမှာ ဒီနေ့မနက်က စစ်လေယာဉ် ၁ စင်း ပျက်ကျခဲ့လို့ ၁၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။ ပြင်ဦးလွင်မှာဆောက်လုပ်ထားတဲ့ ပရိယတ္တိစာသင်တိုက် ပန္နက်တော်တင် အခမ်းအနားသွားစဉ် အနီးစခန်း လေဆိပ်နားမှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး ဈေးကုန်းဆရာတော်အပါအဝင် စစ်မှုထမ်းတွေ သေဆုံးခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ဒီနေ့မနက် ၈ နာရီလောက်မှာ ပြင်ဦးလွင်မြို့နယ် အနီးစခန်းလေဆိပ်နားက သံမဏိစက်ရုံဝန်းထဲမှာ တပ်မတော်ပိုင် လေယာဉ်တစီး ပျက်ကျခဲ့ပါတယ်။ နေပြည်တော်ကနေ ပြင်ဦးလွင်ကိုသွားတဲ့ လေယာဉ်ပေါ်မှာ ဈေးကုန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကဝသာရအပါအဝင် သံဃာ၊ အလှူရှင် ၈ ဦးနဲ့အတူ လေယာဉ်အမှုထမ်း ၆ ဦး ၊ စုစုပေါင်း လူ ၁၄ ဦးပါသွားပါတယ်။

ပြင်ဦးလွင်မြို့နယ် သုံးတောင်ကျေးရွာအုပ်စု ကျောက်ဖျာဒိုးကျေးရွာမှာဆောက်လုပ်မယ့် မဟာဝိသုတာရာမ ဈေးကုန်း ပရိယတ္တိစာသင်တိုက် ပန္နက်တော်တင် အခမ်းအနားအတွက်သွားတဲ့အချိန် လေယာဉ်ပျက်ကျပြီး ၁၂ ဦးသေဆုံးသွားခဲ့တာပါတယ်။ လေယာဉ်ပျက်ကျတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။

"ဆရာတော်နဲ့ကျနော်တို့သံဃာတော်များအပါဝင် အလှူရှင် ၈ ဦးပေါ့။ ပြီးရင်လေယာဉ်အမှုထမ်း ၆ ဦးပါတဲ့လေယာဉ်ဖြစ်ပါတယ်။ ဒီနေ့မနက် ၇ နာရီမှာ နေပြည်တော်လေဆိပ်ကနေ အနီးစခန်းလေဆိပ်ကိုသွားတယ်။ မနက် ၈ နာရီလောက် မှာ အနီးစခန်းလေဆိပ် ဆင်းခါနီးမှာတော့ အဲဒီအနားလေးမှာရှိတဲ့ သံမဏိစက်ရုံနဲ့ အရှေ့ တောင်မီတာ ၄၀၀ လောက်မှာ ပျက်ကျတာရှိပါတယ်။ လေယာဉ်မှာပါသွားတဲ့တပ်ကြပ်ကြီးတဦးနဲ့ အရပ်သားတဦး နှစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီးတော့ကျ ပြင်ဦးလွင်တပ်မတော်ဆေးရုံကို ပို့ဆောင်ကုသပေးလျက် ရှိပါတယ်ဗျ။ ကျန်တဲ့သူတွေကတော့ ကျနော်တို့နှစ်ဦးပဲ ကယ်တင်နိုင်ပါတယ်ဗျ။ အဲဒီအပေါ်မှာပါသွားတာ ၁၄ ယောက် ဖြစ်ပါတယ်ဗျ။"
လေယာဉ်အမှုထမ်း ၆ ယောက်ထဲမှာ တပ်မတော်အရာရှိတွေ ပါနိုင်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
"ခုနပြောတဲ့ လေယာဉ်အမှုထမ်း ၆ ဦးထဲမှာပါပါလိမ့်မယ်။ အဲဒီမှာ ကျနော်တို့လေယာဉ်က မောင်းတဲ့သူတွေကတော့ တပ်မတော်အရာရှိတွေပဲ မောင်းတာပါ။"

ဒီနေ့မနက်က လေယာဉ်ပျက်မကျခင် သတိထားလိုက်မိတဲ့ အနီးစခန်းနားနေသူတဦးက သူကြားခဲ့ရသမျှ ဗွီအိုအေကိုပြန်ပြောပြပါတယ်။
"မနက်က ၈ နာရီနဲ့ ၈ နာရီခွဲကြားလောက်ပေါ့နော်။ ထမင်းစားနေကြတာ အိမ်ထဲမှာ အိမ်မှာထမင်းဝိုင်းမှာပေါ့။ လေယာဉ်က နိမ့်နိမ့်လေးပျံသွားတယ်။ တော်တော်ကိုနိမ့်တယ်။ ခါတိုင်းပျံလို့ရှိရင်သူတို့က ထင်းရူးတော တော်တော်လွန်လွန်ကနေပြီးတော့မှ ရှေ့ကိုတက်ပြီးတော့မှပျံတယ်လေ။ ဒါပေမဲ့ဒီမနက်ကတော့မြူတွေက တအားအုံနေတာ။ အိမ်ခေါင်မိုးပေါ်ကပျံသွားပြီး လေယာဉ်ကွင်းအမှတ်နဲ့ဆင်းလိုက်တာလားမသိဘူး။ အဲဒီသံမဏိစက်ရုံဝင်းထဲမှာကျသွားတာ။ သံမဏိစက်ရုံဝင်းကလည်း ဟိုဟာနဲ့တော်တော်နီးတယ်။ နောက်တနာရီလောက် လေယာဉ်ပျက်ကျတယ်လို့ သတင်းကြားတာပဲ။ ဒါပေမဲ့ သူတို့အဲဒီပျက်ကျတော့ ဝုန်းဒိုင်းအသံလဲမကြားဘူး။ သိပ်မဝေးပေမယ့်လေ။ အသာလေး လျှောဆင်းသွားတာလား ဘယ်လိုပုံစံမျိုးနဲ့တော့မသိဘူး။"

ဆိုးဝါးတဲ့ ရာသီဥတုကြောင့် စစ်လေယာဉ်ပျက်ကျတာလို့ စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။ လေယာဉ်ပျက်ကျချိန် ရာသီဥတုအခြေအနေနဲ့ပတ်သက်လို့ ပြင်ဦးလွင်မှနေသူက ခုလိုပြောပြပါတယ်။
"လေယာဉ်ပျံကတော့ ရာသီဥတုမကောင်းတဲ့အချိန်မှာဆင်းတယ်လေ။ အဲဒီမှာပျက်ကျသွားတာပေါ့။ မနက်ကတော့ မှိုင်းနေတာပေါ့။ အုံ့မှိုင်းနေတာပေါ့။ မှိုင်းနေတော့ ဆင်းတဲ့အခါမမြင်ရဘူးပြောတယ်။ တကြိမ်နှစ်ကြိမ်ဝဲတယ်တဲ့။ ဝဲပြီးတော့ဆင်းတာ မမြင်ရဘူး။ နောက်ထပ်ကြိုးစားကြည့်မယ်ဆိုပြီးအဲဒီလေယာဉ်ပျက်ကျတာပဲ။"

၂၀၁၇ ခုနှစ် ဇွန်လ ၇ ရက်နေ့က တပ်မတော်ပိုင် Shaanxi Y-8F-200 (စန်းရှီ ဝိုင် ၈) အမျိုးအစား လေယာဉ်တစီး ထားဝယ်မြို့နယ်အတွင်း ပျက်ကျခဲ့ရာမှာ လေယာဉ်အမှုထမ်း ၁၄ ဦး၊ ခရီးသည် ၁၀၈ ဦး စုစုပေါင်း ၁၂၂ ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်ပြီးရင် ဒီနေ့လေယာဉ်ပျက်ကျမှုဟာ လူအများဆုံး သေဆုံးတာဖြစ်ပါတယ်။

.......................................................................

တိုက်ရိုက် လင့်ခ်



(Unicode)







XS
SM
MD
LG