သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်မှုများ၊ ခရီးသွားကန့်သတ်မှုများ ကြုံနေ 


လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့် စစ်မှုထမ်းကိစ္စဆွေးနွေးရန် ဆင့်ခေါ်စာ
လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့် စစ်မှုထမ်းကိစ္စဆွေးနွေးရန် ဆင့်ခေါ်စာ

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ခံရသူတချို့ကို စစ်မှုမထမ်းခင် ခရီးသွားလာခွင့်ကန့်သတ်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီပြောခွင့်ရသူ ပြောထားသလိုပဲ အခုလာမယ့် ဧပြီ ပထမပတ်မှာတော့ ပထမဆုံးအသုတ်ကို စစ်မှုထမ်းဖို့ ခေါ်ယူမယ်လို့ သိရပါတယ်။ စစ်မှုထမ်းဥပဒေနောက်ဆက်တွဲအခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်း နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

စစ်မှုထမ်းဖို့ အသက်ပြည့်သူတွေကို စတင် စာရင်းကောက်ယူတာ၊ စာရင်းကောက်ယူထားတဲ့သူတွေကို သွားနိုင်ခြင်းရှိမရှိ ခေါ်ယူမေးမြန်းတာတွေကို မြို့နယ်ရပ်ကျေးတွေမှာ စတင် လုပ်ဆောင်နေတာ ရက်သတ္တပတ်ကျော်ကြာပြီဖြစ်ပါတယ်။ နယ်ဒေသတွေနဲ့ ရန်ကုန်ကရပ်ကွက်တချို့မှာတော့ သတ်မှတ်အသက်ပြည့်သူတွေထဲကနေ စစ်မှုထမ်းရမယ့်သူတွေကို မဲနှိုက်ရွေးချယ်နေပါတယ်။ မြို့နယ်တချို့မှာတော့ မဲနှိုက်ရွေးချယ်ပြီးသားသူတွေ ခရီးသွားလာမယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့ ရပ်ကျေးအာဏာပိုင်တွေက ပြောဆိုနေတယ်လို့ သိရပါတယ်။ မဲနှိုက်ရွေးချယ်ခံရသူတွေ စစ်မှုမထမ်းချင်လို့ ထွက်ပြေးမယ်ဆိုရင် မိသားစုဝင်တွေကိုအရေးယူမယ်ဆိုတာမျိုးထိ ခြိမ်းခြောက်ပြောဆိုတာလည်းရှိတယ်လို့ သိရပါတယ်။

စစ်မှုထမ်းမယ့်သူတွေကိုပေးရမယ့်လစာအတွက်လည်း စစ်မှုထမ်းမရှိတဲ့အိမ်ထောင်စုတွေကနေ လစဉ်ထောက်ပံ့ရမယ်လို့ ရပ်ကျေးအာဏာပိုင်တွေက ပြောနေတဲ့အကြောင်း မင်းဘူးမြို့နယ်ဒေသခံတဦးက ပြောပါတယ်။

"မဲမပေါက်တဲ့ပြည်သူတွေကျတော့ တအိမ်ထောင်ကို ၅,၀၀၀၊ ၁၀,၀၀၀ ကောက်ခံကြတယ်။ အမျိုးမျိုး ပေါ့။ ကျေးရွာတွေထဲမှာတော့ ငွေကြေးကောက်ခံတာမတူဘူးပေါ့။ ကောက်ခံတဲ့ငွေတွေကကျတော့ ဘာ လုပ်ဖို့လဲမေးတော့ သူတို့မဲဖောက်လိုက်တဲ့သူတွေ သင်တန်းတက်တဲ့အခါမှာ လစာပေးဖို့ သုံးဖို့အတွက် ကောက်ခံတာပေါ့။ ပြောရရင်ငါးကြင်းဆီနဲ့ငါးကြင်းကြော်တာပေါ့။ ခုကောက်ခံနေပြီ။ မဲပေါက်တဲ့သူက အပြင်ထွက်ခွင့်မရှိဘူး။ အပြင်ထွက်ရင် သူတို့တွေခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဆီမှာထောက်ခံစာ ယူရမယ်။ သက်ဆိုင်ရာစမတ်ကတ်ပေါ့လေ။ သူတို့အုပ်ချုပ်ရေးထဲရှိတယ်ဆိုတဲ့ အချက်ယူပြီးတော့မှ သွားရမယ်။ ထွက်ပြေးရင် ကျန်ရှိတဲ့မိသားစုဝင်တွေကိုအရေးယူမယ်။ ဒါမျိုးတွေရှိပါတယ်။"

ရန်ကုန်မြို့က ရပ်ကွက်တချို့မှာလည်း စစ်မှုထမ်းဖို့ အသက်ပြည့်သူစာရင်းကောက်ယူနေပြီး အဲဒီသူတွေကို စစ်မှုထမ်းမထမ်း ရပ်/ကျေးအာဏာပိုင်တွေက ခေါ်ယူမေးမြန်းတာတချို့ရှိပါတယ်။ စာရင်းမှာပါဝင်လို့ ခေါ်ယူမေးမြန်းခံရတဲ့ ဗဟန်းမြို့ခံတဦးက သူ့အတွေ့အကြုံကို အခုလို ပြောပါတယ်။

"ဖောင်ဖြည့်ရတယ်။ အချက်အလက်အပြည့်အစုံဖြည့်ရတယ်။ သူတို့ပြောတာ သူတို့ဗဟန်းကိုလာတာမြို့ နယ်နှစ်မြို့နယ်ပဲ ကောက်ရသေးတယ်။ မြို့နယ် ၅ ခုစာပြည့်တော့မှ ဗဟိုကိုတင်မယ်။ ဗဟိုကနေမှသူတို့လိုသလောက်ကို တော်တော်နည်းနည်းလောက်ပဲ ခေါ်မယ်။ တစ်ရာခိုင်နှုန်းလောက်ပဲ။ ခေါ်ကြည့်ဖို့တော့ ပြောတယ်။ နောက်တခုက နိုင်ငံခြားသွားနေသူတွေ၊ သွားတော့မယ့်သူတွေ၊ သင်္ဘောတက်နေတဲ့သူတွေဆိုလည်း သွားရတယ်။ ပြန်လာရင်တော့ စစ်မှုထမ်းကို ထမ်းရမယ်။ သူတို့ရှိနေခဲ့ရင်ပေါ့လေ။ နောက် ဆေးစစ်မယ်။ ဆေးစစ်လို့ကျရင် လုံးဝအပယ်ထဲပါမယ်။ အေပိုး၊ ဘီပိုး၊ စီပိုးဆို သူတို့ကြောက်တယ်၊ လက်မခံဘူး။ အဲကျ ဆေးကျမယ်၊ နောက်နောင်ဘယ်တော့မှမခေါ်ဘူး။ လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်မယ်။ ပထမဆုံးအသုတ်ကို ၄ လပိုင်း၊ ၈ ရက်နေ့မှာစခေါ်မယ်ပြောတယ်။"

အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ လတ်တလော ဆင့်ခေါ်ဦးမှာမဟုတ်ဘူးလို့ စစ်ကောင်စီက ပြောထား ပေမဲ့ စာရင်းကောက်တဲ့အထဲ အမျိုးသမီးတွေကိုပါ ထည့်သွင်းကောက်ခံတာတွေရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် စာရင်းပါအမျိုးသမီးတွေကို စစ်မှုထမ်းနိုင်တာ ရှိမရှိ ခေါ်ယူမေးမြန်းတာမရှိသေးဘူးလို့ သိရပါတယ်။

စစ်မှုထမ်းဖို့အတွက် ရပ်ကျေးတာဝန်ရှိသူတွေက စာရင်းတွေ လိုက်လံကောက်ယူနေတယ်ဆိုပြီး သတင်းတွေထွက်နေတာဟာ ကောလာဟလသာဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၁၅ ရက်နေ့တုန်းက ဗွီအိုအေကို ပြောထားပါတယ်။ ဒါပေမယ့် ဗွီအိုအေက မေးမြန်းထားတဲ့ ဒေသခံတချို့ကတော့ စစ်မှုထမ်းဖို့စာရင်းကောက်ယူတာ၊ မဲနှိုက်တာတွေနဲ့ ငွေကောက်ယူမှုတွေရှိနေတယ်လို့ အတိအကျပြောကြပါတယ်။

စစ်မှုထမ်းမယ့်သူတွေရဲ့လစာအတွက်ဆိုပြီး ကောက်ယူမှုတွေက အထက်ညွှန်ကြားချက်မရှိဘဲ ကောက်ယူတာလား၊ ညွှန်ကြားချက်ပေးထားလို့ ကောက်ယူနေရတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရှင်းရှင်းလင်းလင်းသိရနိုင်ဖို့အတွက် စစ်ကောင်စီဘက်ကို ဆက်သွယ်ပေမယ့် လက်ရှိချိန်ထိပြန်ဖြေတာမရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်မှုထမ်းရမယ့် အစီအစဉ်ကို လာမယ့် ဧပြီမှာ ပထမအသုတ်အနေနဲ့ လူ ၅,၀၀၀ စတင်ခေါ်ယူဖို့ပြင်ထားတယ်လို့ ပြောဆိုထား ပါတယ်။ စစ်မှုထမ်းဥပဒေကိုမလိုက်နာတဲ့သူတွေဟာ ထောင်ဒဏ် သုံးနှစ်ကနေ ငါးနှစ်အထိ ကျခံရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG