သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားနဲ့ NUG စိုးမိုးနယ်မြေတွေမှာ စစ်မှုထမ်းဥပဒေ သက်ရောက်မှုမဲ့


လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့် စစ်မှုထမ်းကိစ္စဆွေးနွေးရန် ဆင့်ခေါ်စာ
လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့် စစ်မှုထမ်းကိစ္စဆွေးနွေးရန် ဆင့်ခေါ်စာ

NUG ၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်တဲ့နယ်မြေတွေမှာ စစ်ကောင်စီရဲ့ အဓမ္မစစ်သားကောက်ယူနေတဲ့အခြေအနေ သက်ရောက်မှုလုံး၀မရှိဘူးလို့ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဗွီအိုအေကိုပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ လက်ရှိ စစ်သားစုဆောင်းမှုတွေဟာ မိမိသဘော ဆန္ဒအလျောက် စစ်မှုထမ်းလိုသူတွေသာ ပါဝင်ကြောင်း ပြောဆိုထားတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

စစ်မှုထမ်းဥပဒေကို ဖေဖေါ်ဝါရီလမှာ စစ်ကောင်စီက အသက်သွင်းခဲ့ပြီးနောက် စစ်သားစုဆောင်းမှုတွေ စတင်လုပ်ဆောင်လာနေပေမဲ့ NUG, PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသတွေမှာ သက်ရောက်မှု လုံးဝမရှိဘူးလို့ CDM လှုပ်ရှားမှုခေါင်းဆောင် ဒေါက်တာတေဇာဆန်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေကနေ အခုလို ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေတွေပေါ့-တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေတွေရှိတယ်၊ ကျနော်တို့ PDF - NUG အစိုးရစိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေတွေ...ဒီနေရာမှာတော့ဗျာ၊ ရှင်းရှင်းလေးပဲ။ စစ်အုပ်စုရဲ့အရပ်ဘက်အုပ်ချုပ်ရေး ယန္တရားဆိုတာလည်း ရှိတာမဟုတ်ဘူး။ သူတို့ကိုယ်တိုင်လည်း သူတို့တပ်ရင်းတပ်ဖွဲ့တွေလည်း ရှိတာမဟုတ်တော့ သူတို့အာဏာစက် ဘယ်လိုမှသက်ရောက်တာမရှိဘူး။ အဲဒီတော့ သူတို့ရဲ့အဓမ္မစစ်သားကောက်တဲ့၊ ပေါ်တာဆွဲတဲ့ကိစ္စက ကျနော်တို့ တော်လှန်ရေးနယ်မြေတွေမှာတော့ မဖြစ်ဘူးပေါ့။"

ဒါ့အပြင် စစ်ကောင်စီကနေ အဓမ္မစစ်သားစုဆောင်းမှုကိုလက်မခံတဲ့ ပြည်သူတွေအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကြဖို့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။

"ဒီအကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်သားကောက်တဲ့၊ ပေါ်တာဆွဲတဲ့ကိစ္စပေါ့ဗျာ။ ကိစ္စကတော့ ဒင်းတို့ စိုးမိုးအုပ်ချုပ်နေနိုင်သေးတဲ့ မြို့ကြီးပြကြီးမှာရှိတဲ့သူတွေ၊ သူတို့အာဏာစက်သက်ရောက်နေတဲ့ဒေသတွေအတွက် အင်မတန်မှ ဒုက္ခရောက်စေတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကျနော်တို့အမြဲတမ်းပြောတယ်၊ 'ပိုသေမဲ့လမ်းကို မရွေးပါနဲ့' နော်၊ ဘယ်နည်းနဲ့မှ စစ်အုပ်စုရဲ့အဓမ္မစစ်သားကောက်တဲ့အထဲ ကိုယ့်တူ၊ ကိုယ့်သား၊ ကိုယ်ကိုယ်တိုင် မပါပါစေနဲ့။ တတ်နိုင်တဲ့နည်းနဲ့အစွမ်းကုန် ဆန့်ကျင်ပါ၊ တွန်းလှန်ပါ-ပေါ့။"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်သားသစ်တွေအဖြစ် လက်ရှိသူတို့ စုဆောင်းနေသူတွေဟာ မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းလိုသူတွေသာဖြစ်တယ်လို့ မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ စစ်ရေးပြပွဲအခမ်းအနားမှာ သတင်းထောက်တွေကို ဖြေကြားခဲ့တာပါ။ ဒါပေမဲ့လည်း မဖြစ်မနေ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နိုင်ငံကူးပတ်စ်ပို့တွေလုပ်ပြီး ပြည်ပကို အစုလိုက်အပြုံလိုက် ထွက်ခွာနေကြတာကြောင့် ရန်ကုန်မြို့လယ်ကောင်မှာဆိုရင် လူငယ်တွေ မတွေ့ရသလောက်ပဲလို့ လုံခြုံရေးအရ အမည်မဖေါ်လို့ ရန်ကုန်မြို့ခံ လူငယ်တဦးက ဗွီအိုအေကိုပြောပါတယ်။

"ကိုယ်တိုင် visit passport တွေကိုင်ပြီးတော့ နိုင်ငံခြားတွေကို ထွက်နေတာတွေ ရှိလာတယ်။ လေဆိပ်မှာသွားကြည့်တော့ တနေ့တနေ့တော့ နည်းနည်းနော်နော်မဟုတ်ဘူး။ ကျနော်တို့အသိုင်းအဝိုင်းတွေ၊ ပတ်ဝန်းကျင်တွေမှာဆိုလည်း မိတ်ဆွေတွေဆိုတဲ့တာက တရက်ထက်တရက်က လာလုပ်ရတဲ့သူတွေချည့်ပဲ။ ဘယ်ရက်သွားတော့မယ်၊ မနက်ဖြန်သွားမယ်၊ သင်္ကြန်ပြီးသွားမယ်-တောက်လျှောက်ရှိနေတဲ့အေပါ်မှာ နည်းလား မနည်းလားဆိုတာ မြို့လယ်ကောင်တွေမှာ လူငယ်ဆိုတာ မတွေ့တော့ဘူး အခုနောက်ပိုင်းတွေက.."

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကတော့ စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် ပြည်ပကို တရားဝင်အလုပ်သမားအဖြစ် ထွက်ခွာတဲ့အရေအတွက်ဟာ ထူးထူးခြားခြားမရှိဘဲ သာမန်အခြေအနေပဲဖြစ်တယ်လို့ မနေ့က သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ စောစောက အမည်မဖေါ်လိုတဲ့ လူငယ်ကတော့ အလုပ်သမားဝန်ကြီးဌာနဘက်က တရားဝင်သွားရောက်လုပ်ကိုင်လိုသူတွေကို ကန့်သတ်လိုက်တာကြောင့် ဖြစ်တယ်လို့ အခုလိုပြောပါတယ်။

"ဟုတ်ကဲ့၊ အခု လူငယ်တွေထွက်တဲ့ကိစ္စ ကွာခြားမှုကတော့ အရင်တုန်းကတော့ အေဂျင်စီတွေနဲ့သွားပြီး အလုပ်လုပ်တဲ့လူတွေကတော့ အများကြီးရှိတာပေါ့။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အများကြီးရှိတယ်ပေါ့နော်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တော်တော်ကြီးကိုများတယ်။ အလုပ်သမားဝန်ကြီးဌာန OWIC ကဒ်တွေပေး - ..ပတ်စ်ပို့တွေနဲ့အလုပ်လုပ်တဲ့သူတွေလည်းများတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း စစ်မှုထမ်းဥပဒေထွက်ပြီးတဲ့နောက်ပိုင်းမှာကျတော့ သူတို့က နိုင်ငံခြားထွက်ပြီး သူတို့အလုပ်သမားကဒ်တွေနဲ့ အလုပ်လုပ်တဲ့သူတွေကို သူတို့က လျှော့ချပလိုက်တယ်။"

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အမှတ် (၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာတော့ (မတ်လ ၂၉) ရက်က စစ်သားစုဆောင်းခံရသူတွေ ရောက်ရှိ တက်ရောက်နေပြီး ပထမဆုံး စစ်သင်တန်းအပတ်စဥ်ကို ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်မှာ ဖေါ်ပြထားပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG