သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ်ဟောင်း Yinluck ကို အာဏာသိမ်းစစ်တပ် ထိန်းသိမ်း


ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ် Prayuth Chan-Ocha
ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ် Prayuth Chan-Ocha
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်နဲ့ ဒါဇင်နဲ့ချီတဲ့ တခြားခေါင်းဆောင်တွေကို ဘေးကင်း လုံခြုံတဲ့နေရာမှာထားထားပြီး သူတို့အတွက် စဉ်းစားချိန်ရဖို့ တပတ်လောက်အထိ ထိန်းထားဖွယ်ရှိတယ်လို့ ထိုင်း အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ပြော လိုက်ပါတယ်။

ဒီလိုလုပ်ရတာဟာ ဖိအားလျော့သွားစေဖို့နဲ့ အစိုးရနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေအကြား နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုတခု ရလာစေဖို့ဖြစ်တယ်လို့ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း စစ်ဘက် ပြောရေးဆိုခွင့်ရှိသူတဦးက ပြောခဲ့ပါတယ်။

အာဏာသိမ်းလိုက်ပြီလို့ စစ်ဘက်ကကြေညာခဲ့အပြီး နှစ်ရက်နီးပါးအကြာ ဒီကနေ့အထိ အရင်ခေါင်းဆောင်တွေကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စစ်ဘက်က သတင်းစာရှင်းလင်းပွဲ ကျင်းပနေချိန်မှာပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဘန်ကောက်မြို့တော်တဝန်းမှာ ဖြစ်ခဲ့ပါတယ်။ ညမထွက်ရအမိန့်နဲ့ တနေရာထဲမှာ စုဝေးနိုင်တဲ့ လူအရေအတွက်ကို ကန့်သတ်ထားတဲ့ကြားကပဲ အဲဒီလို ကန့်ကွက် ဆန္ဒပြပွဲတွေဖြစ်ခဲ့တာပါ။

ထိုင်းနိုင်ငံအတွက် စစ်ဘက်အကူအညီ အမေရိကန်ဒေါ်လာ သုံးသန်းခွဲကို အမေရိကန်ပြည်ထောင်စုက ရပ်ဆိုင်းလိုက်ပြီး နောက်ထပ်အကူအညီ ဒေါ်လာ ၇ သန်းကိုလည်း ပြန်ပြီး သုံးသပ်နေတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဆီ မလိုအပ်ဘဲ ခရီးမသွားကြဖို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မစ္စယင်းလပ်နဲ့ တခြားနိုင်ငံရေးခေါင်းဆောင် ၁၅၀ ကျော်ကို ခွင့်ပြုချက်မရဘဲ နိုင်ငံထဲကနေ ထွက်ခွာမသွားဖို့ ထိုင်းစစ်ဘက်က ပိတ်ပင် ကန့်သတ်ထားပြီးပါပြီ။
ထိန်းသိမ်းထားတဲ့ တခြားနိုင်ငံရေးသမားတွေဟာလည်း တနေရာထဲမှာပဲ ရှိနေသလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ထိုင်းနိုင်ငံတွင်း ရုပ်မြင်သံကြားနဲ့ ရေဒီယိုထုတ်လွှင့်မှုတွေကတော့ သောကြာနေ့နှောင်းပိုင်းမှာ ပုံမှန်ပြန်ပြီး စတင်နေပါပြီ။

ငြိမ်ဝပ်ပိပြားမှု ပြန်ပြီးတည်ဆောက်ဖို့နဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးဖို့ စစ်ဘက်အနေနဲ့ ရည်ရွယ်တယ်လို့ အာဏာ သိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က ပြောထားပါတယ်။
XS
SM
MD
LG