သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝင်းနိမ္မိတာရုံဆရာတော်ပစ်ခတ်ခံရမှုအမှန်ဖြစ်စဉ် စစ်ကောင်စီထုတ်ပြန်ချက်နဲ့ကွဲလွဲ


ဝင်းနိမ္မိတာရုံဆရာတော်ကြီးပစ်ခတ်ခံရပြီး ပျံလွန်တော်မူတဲ့ဖြစ်စဥ်ကို ရှင်းလင်းပြနေတဲ့ ကံသုံးဆင့်ဆရာတော်။ (fb screenshot/ဇွန် ၂၀၊ ၂၀၂၄)
ဝင်းနိမ္မိတာရုံဆရာတော်ကြီးပစ်ခတ်ခံရပြီး ပျံလွန်တော်မူတဲ့ဖြစ်စဥ်ကို ရှင်းလင်းပြနေတဲ့ ကံသုံးဆင့်ဆရာတော်။ (fb screenshot/ဇွန် ၂၀၊ ၂၀၂၄)

ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပစ်ခတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ ဖြစ်စဉ်မှာအတူရှိနေတဲ့ ကန်သုံးဆင့်ဆရာတော်ကြီးရဲ့ ရှင်းလင်းပြောဆိုချက်အရ စစ်ကောင်စီလုံခြုံရေးတပ်တွေက ပစ်ခတ်တာကြောင့် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့တာလို့သိရပါတယ်။ ဇွန်လ ၂၀ ရက်နေ့ကလုပ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော် ဈာပနအစည်းအဝေးမှာ သံဃာတွေတွေနဲ့ လူထုပရိသတ်ကို ကန်သုံးဆင့်ဆရာတော်ကြီး ဘဒ္ဒန္တ ဂုဏိကာဘိဝံသ ဖြစ်စဉ်ကို ရှင်းလင်းပြောဆိုခဲ့တာပါ။ ပစ်ခတ်မှုမှာရှိနေတဲ့ စစ်ကောင်စီ လုံခြုံရေးတာဝန်ရှိသူတွေကိုယ်တိုင်က ရန်သူထင်ပြီး မှားယွင်းပစ်ခတ်မိတဲ့အကြောင်း ဝန်ခံခဲ့တယ်လို့ ကန်သုံးဆင့်ဆရာတော်က ရှင်းပြခဲ့ပါတယ်။

"ကားမှာ ခုနစ်ချက် ရှစ်ချက်လောက် မှန်ပါတယ်။ အဲ့ဒီလိုပစ်တဲ့အခါမှာ ဘုရားတပည့်တော်လည်း ဘာမှမသိပါ၊ သူလည်း ဘာမှမသိ၊ ဘုရားတပည့်တော်က တံခါးဖွင့်ပြီးတော့ အပြင်ဘက်ထွက်လိုက်ပါတယ်။ ဘုရားတပည့် တော်ရဲ့ သင်္ဃန်းသည်သွေးတွေ အလိမ်းလိမ်းအကပ်ကပ် ဖြစ်နေပါတယ်။ အဲ့ဒီလို သွေးတွေနဲ့ ဘုရားတပည့်တော်က ကားထဲကြည့်လိုက်တဲ့အခါ အရှင်ဘုရားတို့ရဲ့ ညီတော် နောင်တော်၊ ဒကာ ဒကာမတို့ရဲ့ ဆရာတော်ဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ဟာ ခေါင်းငိုက်စိုက်ကျပြီးတော့ အသက်မရှိတော့ပါဘူး။ ဝိုင်းပြီးတော့ Faw ကားပေါ်ကနေ ပစ်လိုက်တာ ၇ ချက် ၈ ချက်လောက် ရှိပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ကတော့ တဘဝ တခန္ဓာ ချုပ်ငြိမ်းသွားပါတယ် ဘုရား။ ဘုရားတပည့်တော်ကတော့ ခေါင်းမှာ ကားရဲ့မှန်စ ထိပါတယ်ဘုရား။ ဘုရားတပည့်တော်အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေကို ဒီလောက် ရက်စက်ရသလားလို့ Faw ကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်၊ စစ်သားတွေ၊ ရက်စက်လှချည်လားလို့။ အရှင်ဘုရားတို့ကဗျာ-တဲ့ ဘုန်းကြီးမှန်း မသိလို့ပါတဲ့။ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူ့ကားထင်လို့ ပစ်မိပါတယ် ဘုရား-တဲ့။"

ကန်သုံးဆင့်ဆရာတော်ကြီးရဲ့ ဒီရှင်းလင်းပြောဆိုတဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ယက်တွေမှာပျံ့နှံ့နေပါတယ်။ ကန်သုံးဆင့်ဆရာတော်ရဲ့ အခုပြောဆိုချက်ဟာ စစ်ကောင်စီက ထုတ်ပြန်ချက်နဲ့ ကွဲလွဲနေပါတယ်။ စစ်ကောင်စီ ထုတ်ပြန်ချက်ထဲမှာတော့ ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်း တံတားဦးလေဆိပ်ကအသွားမှာ PDF တွေရဲ့ ပစ်ခတ်မှုကြောင့် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတာလို့ ဆိုပါတယ်။ ဒေသခံတွေကတော့ ဆရာတော်ပစ်ခတ်ခံရတဲ့နေရာဟာ စစ်တပ် စိုးမိုးထားတဲ့နယ်မြေဖြစ်ပြီး တိုက်ပွဲဖြစ်တာမရှိဘူးလို့ နယ်မြေအခြေအနေကို သိရှိတဲ့ ငါန်းဇွန်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"သူတို့ထိန်းချုပ်ထားတာပေါ့ဗျာ။ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေ။ ငါန်းဇွန်နဲ့မြို့သာလမ်းကြားမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေး ၃ နှစ်ကျော်ပြီ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတာ ဘယ်သောအခါမှ မကြားဖူးသေးဘူး။ ပြောချင်တာက အဲ့နေရာက သူတို့စိုးမိုးနယ်မြေ။ ဒါက မဟနဆရာတော်ကြီးဖြစ်လို့သာ သူတို့က လိမ်လည်ပြီးတော့ထွက်တာ။ တကယ်တမ်း ဘာတိုက်ပွဲမှ မဖြစ်ဘူး။"

ပျံလွန်တော်မူတဲ့ဆရာတော်ကြီး ဈာပနခင်းကျင်းထားတဲ့နေရာကို စစ်ကောင်စီ တာဝန်ရှိသူတချို့လာပြီး သတင်းထုတ်ပြန်မှုမှားယွင်းတဲ့အပေါ် လာရောက်တောင်းပန်တာရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က သူတို့ထုတ်ပြန်ချက်ကို ပြန်လည်ပြင်ဆင်တာမျိုး ခုအချိန်အထိ မတွေ့ရသေးပါဘူး။

ပဲခူး ဝင်းနိမ္မိတာရုံ ဆရာတော်ရုပ်ကလာပ်ကို ၉ ရက်ကြာ ပူဇော်ခံထားရှိပြီးနောက် မီးသင်္ဂြိုဟ်ကာ အရိုးပြာအိုးကို စစ်တောင်းမြစ်ထဲ မျှောသွားမယ်လို့ ကျောင်းတိုက် တာဝန်ရှိသူတွေက VOA ကို ပြောပါတယ်။

"အခုဆရာတော်ရဲ့ကျောင်း ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ကျောင်းမှာ အပူဇော်ခံနေတယ်။ ၉ ရက်တာ အပူဇော်ခံမှာပေါ့။ ၂ ရက်တော့ ပြီးသွားပြီပေါ့နော်။ လာမယ့် ၂၆ ရက်၊ အဲ့နေ့မတိုင်ခင် ၂၃-၂၄-၂၅ ရက်တွေမှာ တရားသဘင် ကျင်းပမှာပေါ့နော်။ နောက်ဆုံး မီးပူဇော်မယ့်နေ့မှာပဲ ၂၇ ရက်နေ့မှာ ဆရာတော်ရဲ့ ရုပ်ပြာကို စစ်တောင်းမြစ်ထဲ မျှောပွဲရှိတာပေါ့နော်။"

ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၇၈ နှစ်နဲ့ ရဟန်းသိက္ခာတော် ၅၇ ဝါရှိကာ နိုင်ငံတော်အစိုးရ ပထမကျော်၊ ဝိနယာဓိက ပရိယတ္တိ ပထမကျော်အစရှိတဲ့ ဘွဲ့တံဆိပ်များစွာ ရရှိထားတဲ့ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်တပါးလည်း ဖြစ်ပါတယ်။

Forum

XS
SM
MD
LG