သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ွမ္းေျမာက္ SSPP တပ္ဖြဲ႕နဲ႔ စစ္ေကာင္စီ-႐ွမ္းေတာင္ RCSS ပူးေပါင္းတပ္ဖြဲ႕ၾကား စစ္ေရးတင္းမာေန


SSA-RCSS

[[Zawgyi/Unicode]]

ရွမ္းျပည္နယ္ ေတာင္ပိုင္း ပင္လံုၿမိဳ႕အနီး တပ္စြဲထားတဲ့ ႐ွမ္းျပည္ေျမာက္ပိုင္း လက္နက္ကိုင္ SSPP တပ္စခန္းေတြဘက္ကို စစ္ေကာင္စီနဲ႔ ႐ွမ္းျပည္ေတာင္ပိုင္း လက္နက္ကိုင္ RCSS စစ္ေၾကာင္းေတြ လႈပ္ရွားေနတာေၾကာင့္ ေဒသတြင္းမွာ စစ္ေရးတင္းမာမႈေတြ ျမင့္တက္ေနပါတယ္။ ဒီစစ္ေၾကာင္းေတြဟာ သူတို႔စခန္းေတြအနီးထိ ေရာက္ရိွလာမယ္ဆုိရင္ေတာ့ တိုက္ပဲြေတြ ျဖစ္လာႏိုင္တယ္လုိ႔လည္း SSPP ရွမ္းေျမာက္ဘက္က ေျပာပါတယ္။ လက္ရိွ ရွမ္းျပည္နယ္အတြင္း စစ္ေရးတင္းမာေနတဲ့အေျခအေန ရန္ကုန္က ေပးပို႔လာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပထားပါတယ္။


ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ ေရာက္ရိွေနတဲ့ SSPP ရွမ္းျပည္တပ္မေတာ္ ေျမာက္ပိုင္း ရဲ့ တပ္ေတြကို ျပန္လည္ရုပ္သိမ္းဖို႔ စစ္ေကာင္စီက မတ္လကုန္ပိုင္းမွာ ေတာင္းဆိုခဲ့ေပမယ့္ SSPP ဘက္က တပ္ေတြ ႐ုပ္မသြားတာေၾကာင့္ ေဒသတြင္းမွာ စစ္ေရးတင္းမာမႈေတြ စတင္ခဲ့တာပါ။ လက္ရိွမွာေတာ့ ပင္လံုၿမိဳ႕အေနာက္ေျမာက္ေဒသ စနင္းေတာင္မွာ တပ္စဲြထားတဲ့ SSPP တပ္စခန္းေတြနားမွာ စစ္ေကာင္စီနဲ႔ RCSS ရွမ္းျပည္တပ္မေတာ္ ေတာင္ပိုင္းစစ္ေၾကာင္းေတြအျပင္ SSS ျပည္သူ႔စစ္အဖဲြ႔ေတြ လႈပ္ရွားလာေနတာေၾကာင့္ တိုက္ပဲြ ျဖစ္လာႏိုင္တဲ့ အေျခအေနကို SSPP ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဒု ဗိုလ္မႉးႀကီး စိုင္းဆုက VOA ကို အခုလို ေျပာပါတယ္။

“အခုက ဗမာစစ္တပ္က ၃ ေၾကာင္းေလာက္ရိွတာေပါ့။ ပင္လံုမွာ အေျခစိုက္တဲ့ တပ္ရင္းေတြ၊ လဲခ်ားဘက္က ရိွတဲ့ တပ္ရင္းေတြ၊ ေနာက္ၿပီး လြိဳင္လင္ဘက္ကေပါ့ေနာ္။ အဲဒီဘက္မွာရိွတဲ့ တပ္ရင္းေတြအေတာ္မ်ားမ်ား အင္အားစုဖဲြ႔ၿပီးေတာ့ စစ္ေၾကာင္း တခ်ဳိ႕ေတြကလည္း ၁၀၀ ေက်ာ္။ တခ်ဳိ႕ေတြကလည္း ၂၀၀ နီးနီး၊ တခ်ဳိ႕ေတြကလည္း ၅၀၊ ၈၀ အဲလုိမ်ိဳးေတြ ပိတ္ဆုိ႔ေရးေတြ လုပ္တာေပါ့။ ေနာက္ၿပီး RCSS နဲ႔လည္း ၃ ေၾကာင္း။ ပအို႔ဝ္ျပည္သူ႔စစ္ေတြလည္းပါမယ္။ S ၃လံုးနဲ႔ ေရာထားတဲ့ RCSS ေတြလည္း တဖဲြ႔ စစ္ေၾကာင္း ၃ ေၾကာင္းေပါ့။ စစ္ေၾကာင္း ၃ေၾကာင္းဆို တေၾကာင္းက ၆၀၀ ေလာက္ေပါ့။ သူတုိ႔က ဆက္ၿပီးေတာ့ ခ်ီတက္ေနလို႔ရိွရင္ ဒီေန႔ေတာ့ တုိက္ပဲြျဖစ္ႏိုင္တယ္လုိ႔ က်ေနာ္တို႔ယူဆတယ္ေပါ့ေနာ္။ ”

ခုလို စစ္တပ္နဲ႔ ႐ွမ္းေတာင္ပိုင္းအဖဲြ႔ေတြဘက္က ထုိးစစ္ဆင္ဖုိ႔ စစ္ျပင္ေနပံုရေပမယ့္ ႐ွမ္းေျမာက္ပိုင္း SSPP အဖဲြ႔အေနနဲ႔ စနင္းေဒသကေန ေလာေလာဆယ္ ဆုတ္ခြာဖုိ႔ မ႐ွိေသးဘူးလို႔လည္း အခုလို ေျပာပါတယ္။

“မေန႔ကေပါ့။ မေန႔က သူတုိ႔ စနင္းေတာင္ကို ဆုတ္ခြာခိုင္းတာေပါ့။ အခုက က်ေနာ္တုိ႔နဲ႔ RCSS တို႔က နယ္နမိတ္မ်ဥ္းတခု ပိုင္းျခားႏိုင္ေအာင္ ၾကိဳးစားၿပီးေတာ့ လုပ္ေဆာင္ေနတဲ့အခ်ိန္ျဖစ္တယ္။ ပိုင္းျခားႏိုင္တဲ့နယ္ေျမ အခိုင္အမာမရိွေသးေတာ့ က်ေနာ္တုိ႔ကလည္း နဂိုေရာက္ရိွထားေနတဲ့ေနရာေတြကို မဆုတ္ႏိုင္ေသးဘူးေပါ့။ က်ေနာ္တုိ႔က သူတုိ႔ကို ေျပာတယ္။ အဲဒါက် သူတုိ႔က လက္မခံဘူးေပါ့။ လႈပ္ရွားနယ္ေျမ ပိုင္းျခားႏိုင္မွသာ က်ေနာ္တုိ႔က အေျဖေပးမယ္ေပါ့။ ဆုတ္၊ မဆုတ္ေတာ့ က်ေနာ္တုိ႔က မေျပာႏိုင္ေသးဘူး။ သူတုိ႔က ထိေတြ႔မႈလုပ္လာရင္ေတာ့ က်ေနာ္တုိ႔က လက္ေလ်ာ့မွာ မဟုတ္ဘူး။”

ရွမ္းျပည္နယ္အတြင္း ဒီလုိ စစ္ေရးတင္းမာေနခ်ိန္မွာပဲ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္က တုိင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြကို သူကိုယ္တုိင္ေတြ႔ဆံုေဆြးေႏြးမယ္လို႔ ဒီေန႔ပဲ ကမ္းလွမ္းေၾကညာခဲ့ပါတယ္။ ႐ွမ္းေျမာက္ပိုင္းအဖဲြ႔ေတြအေပၚ စစ္တပ္က ထုိးစစ္ဆင္တုိက္မယ့္အေျခအေန႐ွိေနခ်ိန္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖို႔ ကမ္းလွမ္းခဲ့တာပါ။

စစ္ေကာင္စီရဲ့ေျပာေရးဆုိခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ SSPP ဟာ မိုင္းေနာင္- မိုင္းရႈး ကားလမ္းေျမာက္ဖက္ျခမ္းမွာ ေနရာယူဖုိ႔ ၂၀၁၅ ခုႏွစ္က သေဘာတူညီခ်က္႐ွိထားေပမဲ့ ႐ွမ္းေတာင္ပိုင္းဘက္အထိ ေနရာယူလာတာဟာ နယ္ေျမေက်ာ္လြန္တာ ျဖစ္တယ္လို႔ ဗီအိုေအကို ေျပာပါတယ္။

“ယခင္ကအတိုင္း က်ေနာ္တုိ႔ သေဘာတူညီၿပီးသားေတြရိွတယ္။ သေဘာတူညီၿပီးသားနယ္ေျမေတြမွာေနရင္ ဘာမွ ပဋိပကၡျဖစ္ပြားစရာအေၾကာင္း မရိွဘူး။ ဒါေတြကို ခ်ိဳးေဖာက္ၿပီး လုပ္ေနတဲ့အတြက္ ရွမ္းတိုင္းရင္းသားေတြေပါ့ေနာ္။ ေဒသခံတုိင္းရင္းသားေတြ ဒုကၡေရာက္တာျဖစ္တယ္။ ဒါေတြကို သူ႔ေနရာသူ ျပန္ေနၾကပါလုိ႔ ေျပာတဲ့ဟာကို လုိက္နာျခင္း မလုိက္နာျခင္းက သူတုိ႔ရဲ့ ျပည္သူလူထုအေပၚမွာ ထားတဲ့ သေဘာထားအစစ္အမွန္ကို ေတြ႔ရျခင္းပဲျဖစ္တယ္လုိ႔ပဲ က်ေနာ္တုိ႔ ေျပာခ်င္ပါတယ္။”

SSPP ရွမ္းျပည္တပ္မေတာ္ ေျမာက္ပိုင္းနဲ႔ RCSS ရွမ္းျပည္တပ္မေတာ္ ေတာင္ပိုင္းအဖဲြ႔ေတြၾကား ၿပီးခဲ့တဲ့လပိုင္းေတြက တုိက္ပဲြေတြ ျပင္းထန္ခဲ့ပါတယ္။ SSPP ဘက္က တရုတ္နယ္စပ္အေျခစိုက္ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြနဲ႔ ပူးေပါင္းတုိက္ခိုက္တယ္လုိ႔ သတင္းေတြ ထြက္ခဲ့ပါတယ္။ RCSS ဘက္ကလည္း စစ္ေကာင္စီတပ္ေတြအျပင္ အျခား ျပည္သူ႔စစ္အဖဲြ႔ေတြ ပူးေပါင္းပါဝင္ေနတယ္ဆိုၿပီးလည္း SSPP ဘက္က ေျပာဆိုေနပါတယ္။ လက္ရိွအေျခအေနနဲ႔ပတ္သက္ၿပီး RCSS နဲ႔ ေမးျမန္းႏိုင္ဖို႔ ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းလက္ခံေျဖဆိုတာ မရိွခဲ့ပါဘူး။

တကယ္လို႔ ပင္လံုေဒသထဲမွာ တိုက္ပဲြေတြျဖစ္လာၿပီး အုပ္စုလုိက္အားၿပိဳင္တာမ်ိဳးရိွလာခဲ့ရင္ လက္ရိွ ျမန္မာႏိုင္ငံေရးအားၿပိဳင္မႈ ခ်ိန္ခြင့္လွ်ာကိုေတာင္ ေျပာင္းသြားႏိုင္တယ္လုိ႔ ရွမ္းႏိုင္ငံေရးေလ့လာသံုးသပ္သူ စိုင္းထြန္းေအာင္လြင္က သံုးသပ္ထားပါတယ္။

“ဒီတပဲြကေတာ့ ေတာ္ေတာ္ေလး ထူးျခားပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူ႔ရဲ့ မဟာမိတ္စုဖဲြ႔ပံုေတြ၊ တဘက္က အင္အားစုေတြရဲ့ ပံုစံေတြ ၾကည့္ရရင္ ရွမ္းျပည္ေဒသတြင္းတင္မကဘူး။ ၂၀၂၁ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာျဖစ္ေနတဲ့ ပဋိပကၡပံုစံကိုေတာင္မွ ေျပာင္းသြားႏိုင္တဲ့ ပဲြလုိ႔ ေျပာလုိ႔ရတယ္။ တကယ္လုိ႔ျဖစ္လာရင္ေပါ့။ ဘာျဖစ္လို႔လဲဆုိေတာ့ တဘက္က ေျမာက္ပိုင္းမဟာမိတ္လိုမ်ိဳးပါသလို ဒီဘက္မွာက်ေတာ့လည္း MTA ေဟာင္းေတြ စုတယ္ဆုိတဲ့သတင္းမ်ိဳးေတြ မီဒီယာေဖာ္ျပခ်က္အရ သိရတာေပါ့။ တဘက္က ျပည္သူ႔စစ္ေတြ ဘာေတြဘက္မွာဆုိရင္ နစကရဲ့ ပါဝင္မႈ၊ သူ႔ရဲ့ ပံ့ပိုးမႈကလည္း အေရးပါႏိုင္သလို ေျမာက္ပိုင္းဘက္မွာဆုိရင္ UWSA ဝတို႔ဘာတို႔က ဘယ္ေလာက္ပါမလဲက အုပ္စုလုိက္အားၿပိဳင္တဲ့ ဟာမ်ိဳးေတြ ျမင္ေတြ႔ရမယ့္ သေဘာရိွတယ္။”

စစ္ေကာင္စီတပ္ေတြဟာ ကရင္၊ ကယား၊ ခ်င္းျပည္နယ္ေတြအျပင္ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းဘက္ေတြမွာ ေဒသခံလက္နက္ကိုင္အဖဲြ႔ေတြနဲ႔လည္း လက္႐ွိ တိုက္ပြဲေတြျဖစ္ပြားေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

[[Unicode]]

ရှမ်းမြောက် SSPP တပ်ဖွဲ့နဲ့ စစ်ကောင်စီ-ရှမ်းတောင် RCSS ပူးပေါင်းတပ်ဖွဲ့ကြား စစ်ရေးတင်းမာနေ

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့အနီး တပ်စွဲထားတဲ့ ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင် SSPP တပ်စခန်းတွေဘက်ကို စစ်ကောင်စီနဲ့ ရှမ်းပြည်တောင်ပိုင်း လက်နက်ကိုင် RCSS စစ်ကြောင်းတွေ လှုပ်ရှားနေတာကြောင့် ဒေသတွင်းမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေပါတယ်။ ဒီစစ်ကြောင်းတွေဟာ သူတို့စခန်းတွေအနီးထိ ရောက်ရှိလာမယ်ဆိုရင်တော့ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့လည်း SSPP ရှမ်းမြောက်ဘက်က ပြောပါတယ်။ လက်ရှိ ရှမ်းပြည်နယ်အတွင်း စစ်ရေးတင်းမာနေတဲ့အခြေအနေ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။


ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရောက်ရှိနေတဲ့ SSPP ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ရဲ့ တပ်တွေကို ပြန်လည်ရုပ်သိမ်းဖို့ စစ်ကောင်စီက မတ်လကုန်ပိုင်းမှာ တောင်းဆိုခဲ့ပေမယ့် SSPP ဘက်က တပ်တွေ ရုပ်မသွားတာကြောင့် ဒေသတွင်းမှာ စစ်ရေးတင်းမာမှုတွေ စတင်ခဲ့တာပါ။ လက်ရှိမှာတော့ ပင်လုံမြို့အနောက်မြောက်ဒေသ စနင်းတောင်မှာ တပ်စွဲထားတဲ့ SSPP တပ်စခန်းတွေနားမှာ စစ်ကောင်စီနဲ့ RCSS ရှမ်းပြည်တပ်မတော် တောင်ပိုင်းစစ်ကြောင်းတွေအပြင် SSS ပြည်သူ့စစ်အဖွဲ့တွေ လှုပ်ရှားလာနေတာကြောင့် တိုက်ပွဲ ဖြစ်လာနိုင်တဲ့ အခြေအနေကို SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု ဗိုလ်မှူးကြီး စိုင်းဆုက VOA ကို အခုလို ပြောပါတယ်။

“အခုက ဗမာစစ်တပ်က ၃ ကြောင်းလောက်ရှိတာပေါ့။ ပင်လုံမှာ အခြေစိုက်တဲ့ တပ်ရင်းတွေ၊ လဲချားဘက်က ရှိတဲ့ တပ်ရင်းတွေ၊ နောက်ပြီး လွိုင်လင်ဘက်ကပေါ့နော်။ အဲဒီဘက်မှာရှိတဲ့ တပ်ရင်းတွေအတော်များများ အင်အားစုဖွဲ့ပြီးတော့ စစ်ကြောင်း တချို့တွေကလည်း ၁၀၀ ကျော်။ တချို့တွေကလည်း ၂၀၀ နီးနီး၊ တချို့တွေကလည်း ၅၀၊ ၈၀ အဲလိုမျိုးတွေ ပိတ်ဆို့ရေးတွေ လုပ်တာပေါ့။ နောက်ပြီး RCSS နဲ့လည်း ၃ ကြောင်း။ ပအို့ဝ်ပြည်သူ့စစ်တွေလည်းပါမယ်။ S ၃လုံးနဲ့ ရောထားတဲ့ RCSS တွေလည်း တဖွဲ့ စစ်ကြောင်း ၃ ကြောင်းပေါ့။ စစ်ကြောင်း ၃ကြောင်းဆို တကြောင်းက ၆၀၀ လောက်ပေါ့။ သူတို့က ဆက်ပြီးတော့ ချီတက်နေလို့ရှိရင် ဒီနေ့တော့ တိုက်ပွဲဖြစ်နိုင်တယ်လို့ ကျနော်တို့ယူဆတယ်ပေါ့နော်။ ”

ခုလို စစ်တပ်နဲ့ ရှမ်းတောင်ပိုင်းအဖွဲ့တွေဘက်က ထိုးစစ်ဆင်ဖို့ စစ်ပြင်နေပုံရပေမယ့် ရှမ်းမြောက်ပိုင်း SSPP အဖွဲ့အနေနဲ့ စနင်းဒေသကနေ လောလောဆယ် ဆုတ်ခွာဖို့ မရှိသေးဘူးလို့လည်း အခုလို ပြောပါတယ်။

“မနေ့ကပေါ့။ မနေ့က သူတို့ စနင်းတောင်ကို ဆုတ်ခွာခိုင်းတာပေါ့။ အခုက ကျနော်တို့နဲ့ RCSS တို့က နယ်နမိတ်မျဉ်းတစ်ခု ပိုင်းခြားနိုင်အောင် ကြိုးစားပြီးတော့ လုပ်ဆောင်နေတဲ့အချိန်ဖြစ်တယ်။ ပိုင်းခြားနိုင်တဲ့နယ်မြေ အခိုင်အမာမရှိသေးတော့ ကျနော်တို့ကလည်း နဂိုရောက်ရှိထားနေတဲ့နေရာတွေကို မဆုတ်နိုင်သေးဘူးပေါ့။ ကျနော်တို့က သူတို့ကို ပြောတယ်။ အဲဒါကျ သူတို့က လက်မခံဘူးပေါ့။ လှုပ်ရှားနယ်မြေ ပိုင်းခြားနိုင်မှသာ ကျနော်တို့က အဖြေပေးမယ်ပေါ့။ ဆုတ်၊ မဆုတ်တော့ ကျနော်တို့က မပြောနိုင်သေးဘူး။ သူတို့က ထိတွေ့မှုလုပ်လာရင်တော့ ကျနော်တို့က လက်လျော့မှာ မဟုတ်ဘူး။”

ရှမ်းပြည်နယ်အတွင်း ဒီလို စစ်ရေးတင်းမာနေချိန်မှာပဲ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို သူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်လို့ ဒီနေ့ပဲ ကမ်းလှမ်းကြေညာခဲ့ပါတယ်။ ရှမ်းမြောက်ပိုင်းအဖွဲ့တွေအပေါ် စစ်တပ်က ထိုးစစ်ဆင်တိုက်မယ့်အခြေအနေရှိနေချိန် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာပါ။

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ SSPP ဟာ မိုင်းနောင်- မိုင်းရှုး ကားလမ်းမြောက်ဖက်ခြမ်းမှာ နေရာယူဖို့ ၂၀၁၅ ခုနှစ်က သဘောတူညီချက်ရှိထားပေမဲ့ ရှမ်းတောင်ပိုင်းဘက်အထိ နေရာယူလာတာဟာ နယ်မြေကျော်လွန်တာ ဖြစ်တယ်လို့ ဗီအိုအေကို ပြောပါတယ်။

“ယခင်ကအတိုင်း ကျနော်တို့ သဘောတူညီပြီးသားတွေရှိတယ်။ သဘောတူညီပြီးသားနယ်မြေတွေမှာနေရင် ဘာမှ ပဋိပက္ခဖြစ်ပွားစရာအကြောင်း မရှိဘူး။ ဒါတွေကို ချိုးဖောက်ပြီး လုပ်နေတဲ့အတွက် ရှမ်းတိုင်းရင်းသားတွေပေါ့နော်။ ဒေသခံတိုင်းရင်းသားတွေ ဒုက္ခရောက်တာဖြစ်တယ်။ ဒါတွေကို သူ့နေရာသူ ပြန်နေကြပါလို့ ပြောတဲ့ဟာကို လိုက်နာခြင်း မလိုက်နာခြင်းက သူတို့ရဲ့ ပြည်သူလူထုအပေါ်မှာ ထားတဲ့ သဘောထားအစစ်အမှန်ကို တွေ့ရခြင်းပဲဖြစ်တယ်လို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။”

SSPP ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ RCSS ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့တွေကြား ပြီးခဲ့တဲ့လပိုင်းတွေက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ SSPP ဘက်က တရုတ်နယ်စပ်အခြေစိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ RCSS ဘက်ကလည်း စစ်ကောင်စီတပ်တွေအပြင် အခြား ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းပါဝင်နေတယ်ဆိုပြီးလည်း SSPP ဘက်က ပြောဆိုနေပါတယ်။ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး RCSS နဲ့ မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

တကယ်လို့ ပင်လုံဒေသထဲမှာ တိုက်ပွဲတွေဖြစ်လာပြီး အုပ်စုလိုက်အားပြိုင်တာမျိုးရှိလာခဲ့ရင် လက်ရှိ မြန်မာနိုင်ငံရေးအားပြိုင်မှု ချိန်ခွင့်လျှာကိုတောင် ပြောင်းသွားနိုင်တယ်လို့ ရှမ်းနိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က သုံးသပ်ထားပါတယ်။

“ဒီတပွဲကတော့ တော်တော်လေး ထူးခြားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ မဟာမိတ်စုဖွဲ့ပုံတွေ၊ တဘက်က အင်အားစုတွေရဲ့ ပုံစံတွေ ကြည့်ရရင် ရှမ်းပြည်ဒေသတွင်းတင်မကဘူး။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခပုံစံကိုတောင်မှ ပြောင်းသွားနိုင်တဲ့ ပွဲလို့ ပြောလို့ရတယ်။ တကယ်လို့ဖြစ်လာရင်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တဘက်က မြောက်ပိုင်းမဟာမိတ်လိုမျိုးပါသလို ဒီဘက်မှာကျတော့လည်း MTA ဟောင်းတွေ စုတယ်ဆိုတဲ့သတင်းမျိုးတွေ မီဒီယာဖော်ပြချက်အရ သိရတာပေါ့။ တဘက်က ပြည်သူ့စစ်တွေ ဘာတွေဘက်မှာဆိုရင် နစကရဲ့ ပါဝင်မှု၊ သူ့ရဲ့ ပံ့ပိုးမှုကလည်း အရေးပါနိုင်သလို မြောက်ပိုင်းဘက်မှာဆိုရင် UWSA ဝတို့ဘာတို့က ဘယ်လောက်ပါမလဲက အုပ်စုလိုက်အားပြိုင်တဲ့ ဟာမျိုးတွေ မြင်တွေ့ရမယ့် သဘောရှိတယ်။”

စစ်ကောင်စီတပ်တွေဟာ ကရင်၊ ကယား၊ ချင်းပြည်နယ်တွေအပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်တွေမှာ ဒေသခံလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
------------------------

XS
SM
MD
LG