သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူမှာ လက်နက်ကြီးထိလို့ ၃ ဦးသေ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာ (Crd: MIMU)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာ (Crd: MIMU)


[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်လုပ်နေတာကြောင့် ကျေးရွာပေါင်း ၃၀ လောက်က ရွာသား ‌သောင်းနဲ့ချီ စစ်ဘေးရှောင်နေကြရပါတယ်။ ကန့်ဘလူမြို့နယ်ထဲက ကိုးတောင်ဘို့ကျေးရွာမှာ ဇွန်လ ၁ ရက်နေ့က စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၈ နှစ်ဝန်းကျင် ကလေးတဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာလည်း ချော်ပင်ကုန်း ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်ပြိး ကျေးရွာတွေကို မီးရှို့နေတယ်လို့ ပြောပါတယ်။ ယင်းမာပင် မြို့နယ်အတွင်းမှာလည်း ကျေးရွာတွေကို ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ချို့ ပူးပေါင်းပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့ သတင်းကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကိုးတောင်ဘို့ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေတာ ၂ လနီးပါးရှိနေပြီ ဖြစ်တာကြောင့် အနီးဝန်းကျင် ၁၀ ရွာလောက်က ရွာသားတွေ စစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မရှောင်နိုင်တဲ့ ရွာသားတချို့ ရွာတွေထဲမှာ ကျန်နေခဲ့တာကလွဲလို့ ရွာသားအားလုံးနီးပါးကတော့ စစ်ရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဇွန်လ ၁ ရက်နေ့တုန်းက ကိုးတောင်ဘို့ ကျေးရွာအုပ်စုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ကောလင်းဘက်ကိုအသွားမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တချို့နဲ့ ထိတွေ့တိုက်ပွဲငယ်ဖြစ်ပြီးတဲ့‌နောက် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တဲ့အတွက် ကိုးတောင်ဘို့ရွာထဲမှာ ကျန်နေခဲ့တဲ့ အသက် ၈ နှစ်ဝန်းကျင် ကလေးအပါအဝင် မိသားစု ၃ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တရက်နေ့ကတုန်းက စဖြစ်လိုက်တာက အဲ့မှာ သူတို့ပစ်လိုက်တဲ့ လက်နက်ကြီးနဲ့ ကျပြီးတော့မှ လူ ၃ ဦး တအိမ်တည်းနဲ့ ဆုံးရှုံးသွားတာ ရှိတယ်ဗျ။ ကလေးရော မိသားစု ၃ ယောက်ပေါ့။ ကလေးက ၇ နှစ် ၈ နှစ်သားလောက်။ ကောလင်းဘက်ကို ထိုးသွားတာမှာ ၃၂ ယောက် အကျန်မှာ ပြည်သူ့ကာကွယ်ရေးကနေ တက်ပြီးတော့မှ တိုက်လိုက်တာ။ တိုက်ပြီးတော့ သူတို့ဘက်နဲ့ အပြန်အလှန်ပစ်ကြတဲ့ခါကျတော့ သူတို့ဘက်က လှမ်းပစ်တာမှာ ကျလိုက်တာပေါ့။ ၆ နာရီလောက် မိုးချုပ်ခါနီးလောက်မှာ ကျလိုက်တာ။”

ဇွန်လ ၆ ရက် ဒီကနေ့ မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေက ချော်ပင်ကုန်း ကျေးရွာအုပ်စုက ရွာတွေကို တအိမ်တက်ဆင်း ရှာဖွေပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ မနက် ၁၀ နာရီ ၄၅ ဝန်းကျင်လောက်မှာတော့ နှောကုန်းရွာနဲ့ ချော်ပင်ကုန်းရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေဇင်လတ်က ပြောပါတယ်။

“ဒီနေ့ မနက် ၁၀ နာရီ ၄၅ လောက်က ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်နယ် ထဲက နှောကုန်းဆိုတဲ့ ရွာကို စစ်ကောင်စီဘက်က မီးဝင်ရှို့တာပေါ့ဗျာ။ မီးဝင်ရှို့ တာက ရွာလုံးကျွတ်နီးပါး ကျသွားတယ်။ အခု နောက်တရွာပေါ့။ ချောပင်ကုန်းဆိုတဲ့ရွာကို အခုပဲထပ်ရှို့တာ။ ရွာလုံးကျွတ်ကုန်မယ့် သဘောရှိတယ်။ နှစ်ရွာလုံးက အိမ်ခြေ ၂၅၀ လောက်ရှိတယ်။”

ဇွန်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့ထိ ကိုးတောင်ဘို့ ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်မှုတွေလုပ်တာကြောင့် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ကိုးထောင်ဘို့ ကျေးရွာအုပ်စုအတွင်းမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် ကိုးတောင်ဘို့၊ ပင့်သာ၊ ဘော စတဲ့ ကျေးရွာတွေက ရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာ ၂ လလောက်ရှိနေပါပြီ။ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ပြီး ကျေးရွာ ၁၈ ရွာလောက်ကို မီးရှို့ခဲ့တာကြောင့် စစ်ရှောင်နေကြရတဲ့ ရွာသားက သောင်းဂဏန်း လောက် ရှိနေတာပါ။

ကန့်ဘလူ မြို့နယ်ထဲက ကျေးရွာတွေက စစ်ရှောင်တွေရဲ့ အခြေအနေနဲ့ အခက်အခဲတွေကို ကန့်ဘလူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေဇင်လတ်က ခုလိုပြောပါတယ်။

“တရွာနဲ့တရွာကတော့ မတူဘူးဗျ။ ဒီကိုးထောင်ဘို့ဘက်က ရွာတွေဆိုရင် တချို့ ရွာတွေက လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက စကစ က တပ်စွဲတော့ ရှောင်နေကြရတာ တချို့ကကျတော့ ဟိုနေ့က လေယာဉ်နဲ့လာပစ်တော့မှ ရှောင်ကြတာပေါ့။ တခြားဒီ ချော်ပင်ကုန်းတို့ဆိုရင်လည်း ကြာပါပြီ။ လက်နက်ကြီးနဲ့ပစ်လို့ဆိုပြီး စစ်ရှောင်ကြတယ်။ တချို့ကလည်း ခုမှ ရဟတ်ယာဉ်နဲ့ လာပစ်မှ ရွာနားနီးချင်းဆိုတော့ ရှောင်သွားတယ်ပေါ့။ အဲ့လိုမျိုး တရွာနဲ့တရွာတော့ မတူဘူး။ အဓိကကတော့ ကျွန်တော်တို့ဘက်မှာ စားနပ်ရိက္ခာ အခက်အခဲရှိမယ်။ နောက်တခုက ဆေးဝါး။ ပြီးတော့ ကျနော်တို့ဘက်က မြွေအန္တရာယ် စိုးရိမ်ရတာကိုး။ အဲ့တော့ မြွေဆိပ်ဖြေဆေး အခက်အခဲတွေ ဘာတွေ ရှိတယ်။ မြွေအန္တရာယ်လည်း ကြောက်ရတယ်ပေါ့။ မိုးက တအားရွာလာတဲ့အခါကျတော့ ဘာတွေ လိုလဲဆိုတော့ အခင်းတွေပေါ့၊ မြေ မှာခင်းတဲ့အခင်းတွေ၊ အဲ့ဒါမျိုးတွေပေါ့၊ လိုအပ်တာတွေ အများကြီးရှိတယ်။ အဲ့ဒါကတော့ အများကြီး လိုအပ်နေတယ်ပေါ့။”

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ကန့်ဘလူမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ်အများစုကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို စစ်ကောင် စီရဲ့ စစ်ဆင်ရေးအခြေအနေအလိုက် ဖုန်းလိုင်းတွေကိုလည်း ဖြတ်တောက်တာတွေ ရှိပါတယ်။ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်အင်အား တိုးမြှင့်ပြီး နယ်မြေရှင်းလင်းရေးတွေကို ပိုပြီး လုပ်လာနေတဲ့ အခြေအနေကို ကိုနေဇင်လတ်က ခုလိုပြောပါတယ်။

“အဓိကကတော့ ကန့်ဘလူမြို့နယ်မှာ ဒီ စစ်ကောင်စီတပ်တွေ အင်အား အလုံးအရင်းနဲ့ တပ်ချဲ့ လာတာတွေ ရှိတယ်ပေါ့။ ပြီးတော့ မြေပြင်မှာရှိတဲ့ ကျေးရွာတွေကို အခုလို အကြမ်းဖက်တာတွေ မကြာခဏ လုပ်တယ်။ မီးရှို့တာတွေ မကြာခဏလုပ်တယ်။ အပြစ်မဲ့ ရွာသားတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာတွေ၊ ဒါတွေ အရင်ကထက် သိသိသာသာကို ပိုတိုးလုပ်လာတာ တွေ့ရတယ်ဗျ။”

ယင်းမာပင်မြို့နယ်က ဘန့်ဘွေးကျေးရွာအုပ်စု ဘန့်ဘွေးထန်းစဉ်ရွာကို စစ်ကောင် စီတပ်တွေက ဒီကနေ့ မနက်ပိုင်းက မီးရှို့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဘန့်ဘွေးကျေးရွာမှာ တပ်စွဲနေတာ အတော်ကြာနေပြီ ဖြစ်သလို ဘန့်ဘွေးထန်းစဉ်ရွာအပါအဝင် အနီးဝန်းကျင်ရွာတွေကို မီးရှို့တာတွေ မကြာခဏ လုပ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ယင်းမာပင်မြို့နယ် ဘန့်ဘွေးထန်းစဉ်မှာ လူနေအိမ်တွေကို မီးနဲ့ လိုက်ရှို့နေတယ်ပေါ့နော်။ ၁၀ နာရီလောက်က စရှို့တာ အခုတော့ ၁၀ လုံးလောက် ပါသွားပြီပေါ့နော်။”

ယင်းမာပင်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် ဒေသခံ သောင်းချီပြီး ထွက်ပြေးနေကြရပါတယ်။ လက်ရှိက မိုးရာသီဖြစ်တဲ့အတွက် စစ်ရှောင်တွေအတွက် အဓိက နေထိုင်ရေးအတွက် စိုးရိမ်ရသလို စားသောက်ရေးအတွက် ရိက္ခာနဲ့ ဆေးဝါး မလုံလောက်မှုတွေကြောင့် အခက်အခဲတွေ ဖြစ်နေရတယ်လို့ ဒေသခံ စစ်ရှောင်တွေက ပြောကြပါတယ်။ ဒီလို သောင်းနဲ့ချီတဲ့ စစ်ရှောင်တွေအတွက် လုံလောက်တဲ့ အကူအညီတွေကတေ့ အခုထိ မရရှိနိုင်ကြသေးပါဘူး။

မြန်မာနိုင်ငံမှာ တိုက်ပွဲနဲ့ နိုင်ငံရေးပဋိပက္ခ အခြေအနေတွေကြောင့် ရွှေ့ပြောင်းနေထိုင်သူ ဦးရေဟာ ၁ သန်းကျော်သွားပြီလို့ UNOCHA က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ စစ်အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၇ သိန်းနီးပါးလည်း ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ကလည်း မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေ တိုးပွားလာပြီး လူသားချင်းစာနာမှု အကျပ်အတည်းဟာ ကြီးထွားလာနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေနဲ့ ထိခိုက်ခံစားခဲ့ရသူ အများစုဆီကိုလည်း လူသားချင်းစာနာမှု အကူအညီတွေ ရောက်နိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။

ကန့်ဘလူမှာ လက်နက်ကြီးထိလို့ ၃ ဦးသေ
please wait

No media source currently available

0:00 0:07:02 0:00
တိုက်ရိုက် လင့်ခ်

==================
[[Unicode]]

ကန့ျဘလူမှာ လကျနကျကွီးထိလို့ ၃ ဦးသေ


















==================

XS
SM
MD
LG