သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အာဖရိကတိုက်ကျွန်းဆွယ်မှာ လူသန်းချီ အငတ်ဘေးကြုံ


မိုးခေါင်ရေရှားမှုကြောင့် အာဖရိကဦးချိုဒေသမှ သေကြေသွားကြတဲ့တိရစ္ဆာန်များ၊ နို၀င်ဘာ ၉၊ ၂၀၂၂
မိုးခေါင်ရေရှားမှုကြောင့် အာဖရိကဦးချိုဒေသမှ သေကြေသွားကြတဲ့တိရစ္ဆာန်များ၊ နို၀င်ဘာ ၉၊ ၂၀၂၂

ရာသီဥတုပြောင်းလဲမှုနဲ့ ပဋိပက္ခတွေ အပါအဝင် ကပ်ဘေးတွေ တခုပြီး တခုဆင့်ကဲ ကြုံနေလို့ ‘အာဖရိကဦးချိုဒေသ’ လို့ ခေါ်ကြတဲ့ အရှေ့မြောက်အာဖရိကနဲ့ ဆိုမာလီယာကျွန်းဆွယ် အပါအဝင် အရှေ့အာဖရိက ကျွန်းဆွယ်ဒေသက လူသန်းချီဟာ အရေးပေါ် အကူအညီလိုအပ်နေတဲ့ ငတ်မွတ်မှုနဲ့ ကျန်းမာရေး ပြဿနာ အကျပ်အတည်း ဒဏ်တွေကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ က သတိပေးလိုက်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ အစီရင်ခံချက်အရ အရှေ့အာဖရိကဒေသက ဂျီဘူတီ၊ အီသီယိုးပီးယား၊ ကင်ညာ၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်နဲ့ ယူဂန်ဒါ နိုင်ငံတွေမှာ အရင် မကြုံဖူးတဲ့ အနေအထားနဲ့ စားနပ်ရိက္ခာ ရှားပါးနေပါတယ်။ လူ သန်း ၆၀ နီးပါးဟာ ကျန်းမာဖို့ လိုအပ်တဲ့ လုံလောက်တဲ့ အစာအာဟာရ မရဘူးလို့ ဆိုပါတယ်။

အကျိုးဆက်အနေနဲ့ အသက်ရှင်သန်နိုင်ရေး အတွက် မိသားစုတွေဟာ တိရစ္ဆာန်တွေကို ရောင်းချရတာမျိုး လုပ်ရသလို လိင်ဖျော်ဖြေရေး ပြည့်တန်ဆာ လုပ်ငန်းတွေ လုပ်ရတာလို တခြား အနုတ်လက္ခဏာဆောင်တဲ့ နည်းလမ်းတွေနဲ့ စားဝတ်နေရေး ဖြေရှင်းနေရတယ်လို့ WFP က ပြောပါတယ်။

ကုလ သတ်မှတ်ချက် အရ အငတ်ဘေးသင့်တဲ့ အထိ ဖြစ်နေတဲ့ အဆင့် ၅ ငတ်မွတ်နေသူ အရေအတွက်က ဆိုမာလီယာနဲ့ တောင်ဆူဒန်မှာတင် လေးသောင်းကျော်စီ ရှိနေပြီး လိုအပ်တဲ့ ရန်ပုံငွေသာ မရခဲ့ရင် အဆင့် (၅) ကြုံနေရတဲ့ လူတွေရော၊ အစာရေစာ မလုံလောက်တဲ့ အဆင့် (၄) ငတ်မွတ်မှု ဘေး ကြုံနေရသူတွေရောဟာ အသက် အန္တရာယ်ကြုံရဖွယ်ရှိတယ်လို့ ကင်ညာ နိုင်ငံ နိုင်ရိုဘီ အခြေစိုက် ဒေသဆိုင်ရာ WFP ရုံးက အကြီးတန်း အရာရှိ Dominique Ferretti က ပြောပါတယ်။

ဒီဒေသမှာ လူသန်းပေါင်းများစွာဟာ အရေးပေါ် ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ကလည်း ကြေညာထားပြီး ငတ်မွတ်မှုကြောင့် အသက်ငါးနှစ်အောက် ကလေး ၁၀.၄ သန်းကျော်ဟာ အာဟာရချို့တဲ့မှုဒဏ်ကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတယ် ဆိုပါတယ်။

အာဖရိကဦးချိုဒေသခံများ
အာဖရိကဦးချိုဒေသခံများ


ဆူဒန်နိုင်ငံမှာတင် စစ်ပွဲအတွင်း အာဟာရချို့တဲ့နေတဲ့ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ နို့တိုက်မိခင် ၄ သန်း ဝန်းကျင် ရှိနေပါတယ်။ ဒီထဲက ငါးနှစ်အောက်ကလေး တသိန်းကျော်ဟာ ပြင်းပြင်းထန်ထန် အာဟာရချို့တဲ့နေပြီး ကျန်းမာရေးပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ WHO ရဲ့ ဒေသဆိုင်ရာ အရာရှိ Liesbeth Aelbrecht က ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အရှေ့အာဖရိကမှာ COVID-19 ကပ်ရောဂါ၊ အီဘိုလာ ကပ်ရောဂါလို ကပ်ရောဂါကြီးတွေကအစ ကာလဝမ်းရောဂါ၊ ဝက်သက်၊ သွေးလွန်တုပ်ကွေး အပါအဝင် ရောဂါဘယ မျိုးစုံ ကြုံခဲ့ရတာပါ။

ရုရှား ယူကရိန်း စစ်ပွဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာရှားပါးမှုဒဏ်ကို အရှေ့အာဖရိကနိုင်ငံတွေ ကြုံတွေ့ နေရသလို ကောက်ပဲသီးနှံတွေကို ပျက်စီးစေတဲ့ ကန္တာရကျိုင်းကောင်တွေရဲ့ ဒဏ်ကိုလည်း ဒေသတွင်းမှာ ရင်ဆိုင်နေရတာပါ။ အဆိုးဆုံးကတော့ ပဋိပက္ခနဲ့ မလုံခြုံမှုကြောင့် အီသီယိုးပီးယား၊ ဆိုမာလီယာနဲ့ ဆူဒန် နိုင်ငံတွေက လူသန်းချီဟာလည်း ဒုက္ခသည်တွေ အဖြစ် နေအိမ်တွေကနေ ထွက်ပြေးနေရပါတယ်။

ဒီ ‘အာဖရိကဦးချိုဒေသ’ မှာ သမိုင်းတလျှောက် အရှည်ကြာဆုံး မိုးခေါင်ရေရှားမှု ဒဏ်ကိုလည်း ခံခဲ့ရပြီး သိပ်မကြာခင်က မိုးပြန်ရွာသွန်းခဲ့ပေမယ့် မိုးတကြိမ်ရွာရုံနဲ့ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ အဆုံးသတ်သွားမှာ မဟုတ်ဘူးလို့လည်း ကုလသမဂ္ဂအေဂျင်စီတွေက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG