ဟောင်ကောင်မြို့လည်မှာ ဗုဒ္ဓဟူးနေ့က လုံခြုံရေးဆိုင်ရာ အလုံပိတ် ကားတစီးပေါ် ကနေ ငွေစက္ကူထုပ်တွေ လွင့်ကျလာတာမို့ ကားအသွား အလာတွေ ခေတ္တ ရပ်ဆိုင်းသွားခဲ့ရပါတယ်။ အသွားအလာထူထပ်တဲ့ ၈လမ်းသွားလမ်းမကြီး တလျှောက်မှာ ခရစ်စမတ် အကြို လေထဲ လွင့်လာတဲ့ ငွေစက္ကူတွေကို လမ်းသွားလမ်းလာ တွေရော ကားပေါ်ကလူတွေပါ ကားတွေပေါ်ကနေ ဆင်းလာပြီး အလုအယက် ကောက်ယူနေကြ တာကို ဟောင်ကောင် ရုပ်သံမှာ ပြသခဲ့ပါတယ်။
ဟောင်ကောင်က Wan Chai ရပ်ကွက်ထဲမှာ နေ့လည်စာ စားချိန် အခုလို ငွေစက္ကူတွေ ပလူပျံခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း လက်နက်အပြည့်နဲ့ ရဲတွေ ရောက်လာပြီး Gloucester လမ်းမကြီးကို ပိတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် ငွေသား ဒေါ်လာ ၂ သန်းဘိုးလောက်ကိုတော့ ပြန်မရတော့ပါဘူး။
ဟောင်ကောင်ပိုက်ဆံ ဒေါ်လာ ၅၀၀ တန်အထုပ်တွေ ကိုင်ပြီး ထွက်သွားကြသူတွေ အများအပြားရှိပါတယ်။ ဟောင်ကောင် ဒေါ်လာ ၅၀၀ ဟာ အမေရိကန်ဒေါ်လာ ၆၅ ဒေါ်လာနဲ့ ညီမျှပါတယ်။ အခုလို အလုံပိတ်ကားပေါ်ကနေ ငွေတွေ ဘယ်လို လွင့်ပျံထွက်လာတယ် ဆိုတာကို စုံစမ်း စစ်ဆေးဘို့ လုပ်နေတယ်လို့ ငွေတွေ သယ်လာတဲ့ လုံခြုံရေးကား ကုမ္ပဏီ ဖြစ်တဲ့ Global လုံခြုံရေး ကုမ္ပဏီက ပြောပါတယ်။
ငွေရသွားသူတွေထဲက ဒေါ်လာ ၄ သိန်း ၆ သောင်းဘိုးလောက်ကိုတော့ ရဲလက်ထဲ ပြန်လာ အပ်ခဲ့ကြတယ်လို့ ဒေသထုတ် သတင်းတွေမှာ ကြာသပတေးနေ့က ဖေါ်ပြကြပါတယ်။