တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook လူမှုကွန်ယက် အကောင့်ကို Facebook ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတဲ့ အတွက်ကြောင့် ပိတ်ပစ်လိုက်ကြောင်း Facebook က ဒီကနေ့ ကြေညာပါတယ်။
မြန်မာနိုင်ငံတွင်းက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း စုစုပေါင်း ၂၀ ရဲ့ Facebook အကောင့်တွေကို ပိတ်ပစ်လိုက်တဲ့ အထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကိုယ်ပိုင်အကောင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအကောင့်အပြင် စစ်တပ်ရဲ့ မြဝတီ ရုပ်သံလိုင်းလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေဟာ ဆိုးရွားလှတဲ့ အကြောင်း၊ မြန်မာနိုင်ငံတွင်း အမုန်းစကားတွေ၊ သတင်းမှားတွေကို Facebook ပေါ်ကနေ ဖြန့်ဝေတာတွေကို Facebook က တိုးမြှင့် အရေးယူ ဆောင်ရွက်လာတဲ့ အတိုင်း မြန်မာနိုင်ငံတွင်းက ဒီလို အကောင့်တွေကို နည်းပညာကောင်းကောင်းနဲ့ ပိုပြီး ဖော်ထုတ် ဆောင်ရွက်လာနိုင်တာ ဖြစ်တယ်လို့လည်း Facebook ကုမ္ပဏီ ကြေညာချက်မှာ ပြောဆိုထားပါတယ်။ လူပေါင်း ၁၂ သန်းလောက်က Follow လုပ်ထားတဲ့ Facebook အကောင့် ၁၈ ခု၊ Instagram အကောင့် ၁ ခုနဲ့ Facebook Page ၅၂ ခုတို့ကို ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း Facebook က ဒီကနေ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ကလည်း ဒီပိတ်ခံရတဲ့ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေက နိုင်ငံတွင်းမှာ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုကျုးလွန်တဲ့ သက်သေတွေ ရှိကြောင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတွင်း Facebook ကို တလွဲသုံးနေတာတွေကို ဆက်ပြီး ကာကွယ်ဆောင်ရွက်သွားမယ်လို့လည်း Facebook ကုမ္ပဏီက ပြောဆိုထားပါတယ်။ အခုလို မြန်မာစစ်တပ်နဲ့ဆက်နွယ်တဲ့ လူမှုကွန်ယက်အကောင့်တွေ ပိတ်ပင်ခံရတာနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ဖက်ရော အစိုးရပိုင်းကပါ တစုံတရာ တုန့်ပြန်ပြောဆိုတာမရှိသေးပါဘူး။