သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ စစ်ဦးစီးချုပ် ကို အိန္ဒိယ ဘာကြောင့် ကော်ဇောနီ ခင်းကြိုဆို


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၂ အိန္ဒိယခရီးစဉ်မှာ တွေ့မြင်ရစဉ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၂ အိန္ဒိယခရီးစဉ်မှာ တွေ့မြင်ရစဉ်

အိန္ဒိယနိုင်ငံကို အလည်အပတ်ခရီး ရောက်နေတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရေကြောင်းလုံခြုံရေး အပါအဝင် ၂ နိုင်ငံကြား ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လိုကြောင်း ပြောကြားလိုက်တယ်လို့ သိရပါတယ်။ လက်ရှိခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ကို အိန္ဒိယက နွေးထွေးစွာ ကြိုဆိုမှုအပေါ် သုံးသပ်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ အကြောင်းစုံကို ဦးစံမိုးေ၀ က တင်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Manohar Parrikar ၊ အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ajit Doval တို့နဲ့ နယူးဒေလီမြို့တော်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့စဉ် အဲဒီလို ပြောကြားခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် ကလည်း မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကြား ကာကွယ်ရေး၊ လုံခြုံရေး၊ ကိစ္စရပ်တွေ အပါဝင် နှစ်နိုင်ငံ ဆက်ဆံရေးကို ကဏ္ဍတိုင်းမှာ ပိုမို အားပေးလုပ်ဆောင်လိုတဲ့ ဆန္ဒရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ ခရီးစဉ်အတွင်း နှစ်ဘက်စစ်ရေး ပူးပေါင်းတိုးမြှင့်ဖို့နဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို ပိုကောင်းမွန်အောင် လုပ်ဆောင်ဖို့တွေကို အဓိက ဆွေးနွေးကြမယ်လို့ အိန္ဒိယကာကွယ်ရေး သတင်းရပ်ကွက်က သိရပါတယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်း မြန်မာနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ကျဆင်းလာပြီးနောက် မြန်မာ့တပ်မတော် အနေနဲ့ အိန္ဒိယကို ပိုပြီးတော့ မှီခိုအားထားလာပုံ ရတယ်လို့ စစ်ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က သုံးသပ်ပါတယ်။

“ဧရာဝတီမြစ်ဆုံကိစ္စ ပြီးတဲ့နောက်ပိုင်းမှာ တရုတ်နဲ့မြန်မာရဲ့ ဆက်ဆံရေးဟာ နည်းနည်းကျဲလာတဲ့ သဘောရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နောက်ပိုင်းမှာ တရုတ်နဲ့ ဆက်ဆံရေးဟာ မကောင်းခဲ့ပါဘူး။ မကောင်းတဲ့အခါမှာ တရုတ်ဘက်ကနေ ကျန်တဲ့ဒီထောက်ပံ့မှုပေါ့လေ၊ လက်နက်တို့ဘာတို့ မရတဲ့အပြင်မှာ အခုလက်ရှိ ကျနော်သိသလောက်ပေါ့လေ၊ တရုတ်က KIA တို့ ကျန်တဲ့ ကိုးကန့်တို့ကို တရုတ်က ထင်ထင်ပေါ်ပေါ် မထောက်ပံ့ပေမဲ့ လက်နက်မှောင်ခိုတွေ ရောင်းနေတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ တရုတ်လက်နက်တွေက အဲဒီလူတွေလက်ထဲတွေကို တော်တော်များများ ရောက်ပါတယ်။ ဒါ တရုတ်ထောက်လှမ်းရေးသတင်းတွေအရ ဒီအတိုင်းပဲ သိရပါတယ်။ အဲဒီအပိုင်းမှာ ဒီဘက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အနေနဲ့ ထုံးစံအတိုင်းပဲ တရုတ်နဲ့ အဆင်မပြေတဲ့အခါမှာ အိန္ဒိယကို ပြေးကပ်တဲ့ အနေအထားမျိုးရှိပါတယ်။”

မိုင်တစ်ထောင်ကျော် ကုန်းတွင်းနယ်နမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနဲ့ မြန်မာနယ်စပ်မှာ အခြေစိုက်ထားတဲ့ နာဂသူပုန်အဖွဲ့က ဇွန်လ ၄ ရက်နေ့တုန်းက ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့အပြီး အိန္ဒိယဘက်က အထူးတပ်ဖွဲ့ဝင် ၇၀ လောက်ဟာ မြန်မာနိုင်ငံဘက် အခြမ်းကို ဝင်ရောက်ပြီး နာဂ သူပုန်တွေရဲ့ စခန်းတွေကို ပြန်ပြီး တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ အဲဒီအဖြစ်အပျက်တွေ ဖြစ်ပြီးတဲ့နောက် အခုလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဘူတန်နိုင်ငံတွေက နယ်စပ်တွေမှာ ဒါဇင်နဲ့ချီတဲ့ သူပုန်တပ်ဖွဲ့တွေ အခြစိုက်ပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက် နေကြတယ်လို့ အိန္ဒိယ စစ်ဘက်အရာရှိတွေက ပြောကြောင်း အိန္ဒိယ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရ အနေနဲ့ နယ်စပ်မှာရှိတဲ့ သူပုန်တွေကို နှိမ်နင်းပေးတာကို အိန္ဒိယက မြင်တွေ့လိုသလို မြန်မာစစ်တပ် အတွက်လည်း စစ်လက်နက် ပစ္စည်းတွေ သင်တန်းတွေပေးဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ မြန်မာရေတပ်အတွက် အထောက်အကူတွေ အိန္ဒိယထံက ရရှိနိုင်ကြောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။
“စစ်ရေးအရ အထူးသဖြင့် ဘင်္ဂလားပင်လယ်အော်မှာ ဘယ်နည်းနဲ့မဆို အိန္ဒိယက တရုတ်ကိုလည်း အဝင်ခံချင်တဲ့ အနေအထားမျိုး မရှိပါဘူး။ တရုတ်ကလည်း အခုဟာက ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို သူတို့ ဆိပ်ကမ်းသဘောမျိုး လုပ်လာတဲ့အခါ အိန္ဒိယအနေနဲ့ သူ့နိုင်ငံရဲ့ လုံခြုံရေးအရ အန္တရာယ်ရှိလာတဲ့ အခါမှာ မြန်မာရေတပ်ကလည်း အင်မတန်မှ ချို့တဲ့ပါတယ်။ ချို့တဲ့တယ် ဆိုတာလည်း မြန်မာ့ရေတပ်မှာ အရင်တုန်းက ကျနော်တို့ခေတ်တုန်းက တရုတ်ပြည်က ဝယ်ထားတဲ့ သင်္ဘောတွေလောက်ပဲရှိတယ်။ ကျန်တဲ့သင်္ဘောကောင်းကောင်း မရှိသလောက် အနေအထားမျိုး ရှိပါတယ်။

အခုနောက်ပိုင်းတော့ တစင်းစ၊ နှစ်စင်းစ ဆောက်တဲ့ အနေအထားမျိုးရှိတော့ အိန္ဒိယဆီကတော့ အခုနကပြောတဲ့ ရေတပ်နဲ့ပတ်သက်တဲ့ ဟာတွေကတော့ အဓိက ဝယ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ နောက် အိန္ဒိယက ကမ္ဘာမှာ နည်းပညာကတော့ အများကြီး မြင့်ပါတယ်။ ဆက်သွယ်ရေးနဲ့ ပတ်သက်တာတွေ၊ လုံခြုံရေးကိစ္စတွေမှာ အိန္ဒိယနဲ့ မြန်မာနဲ့က ပေါင်းပြီးတော့မှ လုပ်လိမ့်မယ်လို့ ကျနော်ကတော့ မြင်ပါတယ်ခင်ဗျ။”

ဗုဒ္ဓဟူးနေ့က ဝန်ကြီးချုပ် နရင်ဒရာမိုဒီနဲ့ မတွေ့ဆုံခင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အိန္ဒိယ စစ်တပ်က ကော်ဇောနီခင်းပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။ အခုလို ဗိုလ်ချုပ်မှူးကြီးအပေါ် အိန္ဒိယ အစိုးရက နွေးထွေးစွာ ကြိုဆိုရတာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် ရဲ့ အမြင်ကတော့ -
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အခု ကော်ဇော်နီခင်းပြီးတော့ ကြိုဆိုရတဲ့ အဆင့်မျိုးက အခုလာမယ့် ၂၀၁၆ မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတရာထူးအတွက် မျှော်မှန်းကောင်း မျှော်မှန်းပါလိမ့်မယ်။ ”

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွက် အိန္ဒိယနဲ့ဆက်ဆံရေးဟာ အရေးကြီးသလို အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံတိုးတက်ရေးအတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဖက် နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်ခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့တယ်လို့ သိရပါတယ်။

XS
SM
MD
LG