သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကာချုပ် အစ္စရေးလ်ခရီးစဉ်


(Credit: Thet Lwin Oo)
(Credit: Thet Lwin Oo)

နေပြည်တော်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းနေချိန်မှာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အစ္စရေးလ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဟာ အစ္စရေးလ်နိုင်ငံကို ဒီလ ၅ ရက်နေ့က ထွက်ခွာခဲ့ပြီး ၂ နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်ခြင်း ဖြစ်တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ထားပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အစ္စရေးလ်နိုင်ငံ ခရီးစဉ်အပေါ် သုံးသပ်ချက်ကို စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်နှင့် ဆက်သွယ်မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မေး - မြန်မာနိုင်ငံက စစ်တပ်နဲ့ အစ္စရေးလ်စစ်တပ်အကြားက ဆက်ဆံရေးက ဘယ်လောက်အထိများ ရင်းနှီးမှုရှိသလဲ။

ဖြေ - ကျနော် ပထမဦးဆုံးပြောရရင်တော့ ၁၉၈၈ ခုနှစ် မတိုင်ခင်ပေါ့နော် ဦးနေဝင်းလက်ထက်မှာတော့ အစ္စရေးလ်စစ်တပ်နဲ့ရော အစ္စရေးလ်ထောက်လှမ်းရေးနဲ့ရော အဆက်အဆံ အဆက်အသွယ် ရှိခဲ့ပါတယ်။ အစ္စရေးလ်ဆီက အထူးသဖြင့်ပေါ့လေ ထောက်လှမ်းရေး နည်းပညာလည်း သင်ယူခဲ့သလို၊ အစ္စရေးလ်ရဲ့ လက်နက်ကို အထူးသဖြင့်တော့ Uzi သေနတ်တို့ ဘာတို့က အစ္စရေးလ်က လာတာပါ။ အဲဒီအချိန် အဲဒီအခါကတည်းကိုက အဆက်အသွယ် ကျနော်တို့ ရှိခဲ့တယ်။ တဘက်က ကျန်တဲ့ ဒီလက်နက်ငယ်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ရဲ့ ကာကွယ်ရေးပစ္စည်း စက်ရုံတွေမှာ ဂျာမနီနဲ့ ပေါင်းပြီးတော့မှ လက်နက်တွေ ထုတ်ခဲ့တာ ရှိပါတယ်။ အဲဒီခေတ် အဲဒီကာလကတော့ ကျနော်တို့ တပ်မတော်မှာရှိတဲ့ လက်နက်ရဲ့ စွမ်းရည်က ကောင်းမွန်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဘက် ၈၈ နောက်ပိုင်းမှာ အရေးအခင်းတွေ ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတကာရဲ့ ဝိုင်းပယ်မှုတွေ ခံရပြီးတဲ့နောက်ပိုင်းမှာတော့ ဂျာမနီတို့၊ အစ္စရေးလ်တို့ရဲ့ လက်နက်လုပ်တဲ့ ကုမ္ပဏီတွေဟာ pluck သွားတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်ခင်ဗျ။

မေး - ဒီရက်ပိုင်းမှာပေါ့နော် အခုနောက်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ နိုင်ငံခြားခရီးသွားတာလေး တော်တော် အထွက်များလာသလားလို့။ သဘောက မကြာခင်က အိန္ဒိယတို့၊ ထိုင်းတို့ကို သူသွားတယ်။ အခု အစ္စရေးလ်ကိုလည်း သွားတယ်။ ဟိုတလောလေးကလည်း အရှေ့ဥရောပနိုင်ငံတွေကို သူသွားတယ်။ လက်နက်ဝယ်ဖို့ ဘာညာဆိုတဲ့ သတင်းတွေတော့ ထွက်တာပေါ့နော်။ ဆိုတော့ အခု အစ္စရေးလ်ကို သွားတာကရော အဲဒီလက်နက်ဝယ်ဖို့တွေ ပါမလား။ သူကတော့ ချစ်ကြည်ရေးခရီးစဉ်လို့ပဲ နာမည်တပ်ထားတယ်။ နောက်ကွယ်မှာ ကာကွယ်ရေးဦးစီးချုပ် တယောက်အနေနဲ့ အခုလိုမျိုး နိုင်ငံခြားခရီးစဉ် သွားပြီဆိုရင် ဘာတွေလုပ်တတ်လေ့များ ရှိပါသလဲ။

ဖြေ - ချစ်ကြည်ရေးခရီးစဉ်ဆိုတာကတော့ ဒါ ခေါင်းစဉ်တပ်တဲ့ အနေအထားမျိုးပါပဲခင်ဗျ။ တကယ့်တကယ်တော့ ကျနော်တို့ အခု ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အစောပိုင်းမှာဖြစ်တဲ့ ကိုးကန့်တို့ ပလောင်တို့ ရခိုင် အပါအဝင်ပေါ့ဗျာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ တိုက်ပွဲတွေဖြစ်တဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုင်တဲ့လက်နက်ကိုတောင်မှ ကျနော်တို့ ဗမာ့တပ်မတော်မှာရှိတဲ့ လက်နက်တွေက ပြန်ပြီးတော့မှ ပြင်းပြင်းထန်ထန် ပြန်တိုက်ပေမဲ့ ကျနော်တို့ လက်နက်တွေက အထူးသဖြင့်တော့ ညံ့တယ်လို့ ပြောရမှာပေါ့ဗျာ။ ညံ့တယ်ဆိုတာကလည်း ဂျာမနီတို့ အစ္စရေးလ်တို့ ထွက်သွားပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ ကာကွယ်ရေးပစ္စည်း စက်ရုံတွေကို မြောက်ကိုရီးယားလက်နက်အဖွဲ့တွေ ဝင်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်တာ ရှိပါတယ်။ ဒီလက်နက်တွေပေါ့လေ တရုတ်အပါအဝင်ပေါ့ ဒါတွေဟာ အဆင့်အတန်း မမီတဲ့အတွက်ကြောင့်မို့ မိမိမှာရှိတဲ့ လက်နက်စွမ်းရည် တိုးမြှင့်ဖို့အတွက်ကိုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဓိကက လက်နက်စက်ရုံတွေအတွက် သွားတယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။ လက်နက်ဝယ်တာထက်စာရင်လေ။

မေး - မြန်မာ့တပ်မတော်အနေနဲ့က စောစောက ဦးအောင်လင်းထွဋ်ပြောသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်တာတောင်မှ ကိုယ့်ဘက်က မယှဉ်နိုင်ဘူး။ ကိုယ့်ဘက်မှာရှိတဲ့ လက်နက်တွေနဲ့ မယှဉ်နိုင်ဘူးဆိုတဲ့ အနေအထားကို သဘောပေါက်သွားတဲ့ အနေအထားလား မသိဘူး။

ဖြေ - ဟုတ်ပါတယ်ခင်ဗျ။ ကျနော်သိသလောက်ပေ့ါလေ ကျနော်တို့ လက်နက်ကိုင် တပ်မတော်သားပေါ့ဗျာ ရာနဲ့ချီပြီးတော့မှ ကျဆုံးပါတယ်။ ထောင်နဲ့ချီပြီးတော့ ဒဏ်ရာရတယ်လို့ ဒါ ကျနော် သိရပါတယ်။ အတိအကျတော့ ကျနော် မပြောလိုတော့ပါဘူး။

မေး - ဟုတ်ကဲ့ခင်ဗျ။ ဟုတ်ကဲ့ ဆိုတော့ အခု ဒါဆိုလို့ရှိရင် စောစောက ပြောသလိုဆိုလို့ရှိရင် ဒါ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လည်း သွားနေတာတွေဟာ သူ လက်နက်ဝယ်ဖို့အတွက် သူ ဗမာနဲ့ အရပ်စကားနဲ့ ပြောမယ်ဆိုရင် shopping လိုက်လုပ်နေတယ်ဆိုတဲ့ သဘောများ ဖြစ်မလား။ ဒါမှမဟုတ် ဝယ်ကော တကယ်ဝယ်နေပြီလားခင်ဗျ။

ဖြေ - ကျနော် ကျနော့်အယူအဆအရ ပြောရင်တော့ တကယ်ပဲ ပါကစ္စတန်သွားတယ်။ ပါကစ္စတန်က လေယာဉ်ပျံဝယ်တယ်လို့ ကြားရပါတယ်ခင်ဗျ။ အလားတူပဲ ကျန်တဲ့နိုင်ငံတွေ သွားတဲ့အခါမှာလည်း သူ ဝယ်တဲ့အနေအထားမျိုးတွေ ရှိပါတယ်။ အထူးသဖြင့်တော့ တရုတ်ရဲ့လက်နက်ကို သူတို့ ယှဉ်နိုင်ဖို့အတွက်ကို ရှာဖွေတယ်လို့ ကျနော်တို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လက်နက်စက်ရုံတွေရော ကျနော်တို့ရဲ့ လက်နက်နဲ့ ပတ်သက်ပြီးတော့မှ တရုတ်ရဲ့နည်းပညာကို ကျနော်တို့ မယူပါဘူးခင်ဗျ။

မေး - တရုတ်လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုတောင် မယှဉ်နိုင်ဘူးဆိုတော့ မြန်မာစစ်တပ်က လောလောဆယ် ကိုင်နေတဲ့ လက်နက်တွေက ဘယ်လိုမျိုး အမျိုးအစားတွေဖြစ်မလဲ။ ဒါမှမဟုတ်ရင်လည်း ဟောင်းနွမ်းနေတဲ့အတွက် ဖြစ်တာလား။

ဖြေ - ကျနော်တော့ သိသလောက်ပေါ့လေ MA Series Myanmar Army Series ဆိုပြီးတော့ နောက်ထုတ်တဲ့ သေနတ်တွေရှိတယ်ဆိုတာ သိရပါတယ်။

မေး - ဟုတ်ကဲ့ ဆိုတော့ ဒီ MA Series ကရော မြန်မာပြည်မှာပဲ ထုတ်တာလားခင်ဗျ။

ဖြေ - ဟုတ်ပါတယ်ခင်ဗျ။ MA Series က နောက်ပိုင်း ဗမာပြည်မှာ ထုတ်တဲ့အနေအထားမျိုး ရှိပါတယ်။

မေး - အခု သူသွားနေတာတွေဟာ ကာကွယ်ရေးဦးစီးချုပ် တယောက်အနေနဲ့ သွားတယ်ဆိုပေမဲ့လည်း သွားတဲ့နိုင်ငံတွေက စိပ်လည်းစိပ်လာတယ်။ များလည်းများလာတယ်။ လိုက်ပြီးတော့များ နိုင်ငံရေးအရ သူတို့စကားပြောနေတာတွေများ ရှိနိုင်မလား နောက်ကွယ်မှာပေါ့နော်။

ဖြေ - ရှိနိုင်ပါတယ်။ အဓိကကတော့ တပ်နဲ့ ပတ်သက်ပြီးတော့ reform ပြန်ပြီးတော့မှ သူတို့လုပ်တယ်။ ကျန်တဲ့လူကြီးပိုင်းတွေ သူတို့ ထုတ်လိမ့်မယ်ဗျာ။ ထုတ်ပြီးတော့မှ လူငယ်ပိုင်းတွေ သူတို့ လူငယ်ပိုင်းတွေ ထားပြီးတော့မှ ကျနော့်အယူအဆအရ ပြောရင်တော့ သူတို့ မျှော်မှန်းထားတာကတော့ အခု ရွေးကောက်ပွဲလည်း ဆက်စပ်တယ်ပေါ့ဗျာ။ ရွေးကောက်ပွဲမှာတော့ သူတို့ဘက်ကတော့ ကျနော် အရင်ပြောခဲ့သလို plan B လို ဟာမျိုးကို သူတို့ ညွန့်ပေါင်းလိုဟာမျိုးရအောင် သူတို့ လုပ်လိမ့်မယ်ဗျာ။ တကယ်လို့ အဲဒါ မအောင်မြင်ဘူးဆိုရင်တော့ ခင်ဗျား သူတို့ရဲ့ C plan ပေါ့ဗျာ C plan ကတော့ သူတို့ တပ်က အာဏာယူတဲ့ plan ပဲ။ ဒါပေမဲ့ ဘယ်ပုံဘယ်နည်း လုပ်မယ်ဆိုတာတော့ ပြောလို့ ကျနော်တို့ မရဘူး။ အဲဒီ Plan လုပ်တဲ့အခါမှာ မင်းအောင်လှိုင်က automatically သမ္မတပေါ့ဗျာ ယာယီသမ္မတပဲဖြစ်ဖြစ်၊ ယိုးဒယားပုံစံမျိုး သူတို့ ချိုးလာနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကြောင့်မို့လို့လည်း နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံ နိုင်ငံရေးပိုင်းအရ မင်းအောင်လှိုင် သွားတယ်ဆိုလည်း မမှားဘူးဗျ အဲဒါတော့လေ။

XS
SM
MD
LG