မြန်မာ့နိုင်ငံရေးမှာ အရေးကြီး အခန်းကဏ္ဍက ပါဝင်တဲ့ တပ်မတော်အကြီးအကဲနဲ့ အတိုက်အခံပါတီတို့အကြား အာဏာအလွှဲအပြောင်း ကာလ တွေ့ဆုံမှုတွေဟာ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အထူးအရေးကြီးတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလွန်ကာလ အာဏာလွှဲပြောင်းမှု အဆင်ပြေချောမွေ့စေရေးနဲ့ ငြိမ်းချမ်းရေး ရရှိနိုင်ရေး ရှေ့လုပ်ငန်းစဉ်တွေ ကိစ္စရပ်အများအပြားကို ဆွေးနွေးခဲ့ကြပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တနင်္လာနေ့ ဇန်နဝါရီလ ၂၅ရက်နေ့ မွန်းလွဲ ၂ နာရီကနေ ၄ နာရီအထိ နှစ်နာရီကြာ နေပြည်တော်က ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါဟာ ရွေးကောက်ပွဲအလွန်ကာလမှ ဒုတိယကြိမ်မြောက် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။ ဒီကနေ့တွေ့ဆုံပွဲမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်း တို့ တက်ရောက်ခဲ့ကြတာပါ။
တပ်မတော်အကြီးအကဲနဲ့ အနိုင်ရပါတီဥက္ကဋ္ဌ တွေ့ဆုံကြချိန် ရွေးကောက်ပွဲလွန်ကာလ အကူးအပြောင်းကာလတွင်း တည်ငြိမ်အေးချမ်းရေး နောက် လွှတ်တော်သစ်ခေါ်ယူရေး နောင်တက်လာမယ့် အစိုးရသစ် ဖွဲ့စည်းရေးအပါအဝင် အစိုးရသစ်နဲ့ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က သတင်းထုတ်ပြန်ထားတာပါ။
အခုလို နိုင်ငံရဲ့အရေးကြီးအခန်းကဏ္ဍမှာပါတဲ့ တပ်မတော်ရဲ့အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ်နဲ့ ရွေးကောက်ပွဲ အနိုင်ရပါတီ အတိုက်အခံပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပေါ် အကျိုးရှိတဲ့ ကောင်းမွန်တဲ့အကျိုးရလဒ်တွေ ဖော်ဆောင်နိုင်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက ရှု့မြင်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေးကောင်းမွန်အောင် NLDဘက်က အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ယူဆကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးက သုံးသပ်ပါတယ်။
“ကာချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံဆွေးနွေးတယ်ဆိုတာ အကျိုးရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတခုလို့ပဲ ကျနော်မြင်တယ်။ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ပေါ်ထွက်လာမယ်လို့ ကျနော်မျှော်လင့်တယ်။ ဒါ တွေ့ရမယ့်ကိစ္စပဲဗျ။ တကယ်တမ်းပြောမယ်ဆိုရင် လက်ရှိမြန်မာပြည်မှာ သြဇာ အာဏာအကြီးဆုံးအဖွဲ့အစည်းက တပ်မတော်ပဲလေ။ နောက်တချက်က ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရလည်း စစ်တပ်က အရေးပါတဲ့ အခန်းကဏ္ဍ မှာရှိနေတယ်ဗျာ။ ဒီ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအောက်မှာ ကျင်းပတဲ့ရွေးကောက်ပွဲကို အောင်နိုင်တာဖြစ်တယ်၊ ဒါကိုသိထားဖို့တော့ လိုမယ်လို့ထင်တယ်လေ။ ဆိုလိုချင်တာက စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကောင်းဖို့လိုမယ်လို့ ကျနော်ကမြင်တယ်။ အန်တီဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်နိုင်မယ်လို့ ကျနော်မျှော်လင့်တယ်။”
နိုင်ငံရေး၊ စစ်ရေးနဲ့ အုပ်ချုပ်ရေးအခန်းကဏ္ဍတွေမှာ အရေးပါတဲ့နေရာမှာရှိနေတဲ့ တပ်မတော်နဲ့ အနိုင်ရပါတီတို့ကြား အသွင်ကူးပြောင်းကာလ အုပ်ချုပ်ရေးအာဏာအလွှဲအပြောင်း ချောချောမွေ့မွေ့ဖြစ်အောင် အခုလို နှစ်ဘက်တွေ့ဆုံမှုတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်နေတာပါ။ အခုလို ဆက်တိုက်တွေ့ဆုံမှုတွေနဲ့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ချက်တွေကို ကြည့်မယ်ဆိုရင် အသွင်ကူးပြောင်းရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာလို့ ရှု့မြင်ရကြောင်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကလည်း သုံးသပ်ပါတယ်။
“တွေ့ကြတယ်ဆိုတော့ ဒါကအတော်ကောင်းတယ်လေ။ ဘာကြောင့်လို့လဲဆိုတော့ လာမယ့်အချိန် အခင်းအကျင်းက နိုင်ငံအုပ်ချုပ်ရေးမှာရော၊ လွှတ်တော်ထဲမှာရော အားလုံးကိုကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD နဲ့ နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်မတော်အကြား ဒီနှစ်ခုကနေပြီးတော့မှာ တိုင်းပြည်ကိစ္စတွေအားလုံးကို လုပ်သွားရမှာ။ အသွင်ကူးပြောင်းရေးကိုလည်းချောချောမွေ့မွေ့ဖြစ်အောင် အားလုံးကို သူတို့တိုင်ပင်ပြီးတော့ လုပ်နေတယ်လို့ထင်ပါတယ်။ ဒါတော်တော်ကိုကောင်းတဲ့ကိစ္စပါ။”
အခုလို တွေ့ဆုံမှုမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုင်ငံတွင်း ငြိမ်းချမ်းရေးရရှိရေး အစိုးရသစ်နဲ့ လက်တွဲဆောင်ရွက်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က ပြောပါတယ်။ အနိုင်ရပါတီဘက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးရအောင်လို့ အဓိကထားလုပ်ဆောင်မယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ပြောဆိုထားတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်ကြား ပြေလည်အောင် အခုတက်မယ့် အစိုးရသစ်အနေနဲ့ ကြားဝင် ညှိနှိုင်းပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ်လို့ မြန်မာ့ဒီမိုကရေစီရေးလိုလားသူတွေက မျှော်လင့်နေကြတာပါ။ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ကတော့ သုံးသပ်ပါတယ်။
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ဒီဘက်က စစ်တပ်နဲ့ကြားမှာ ပဋိပက္ခကြီးတာကို။ နောက်တခုက နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမယ်ဆိုတဲ့အခါမှာ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လောက်ထိတည်ဆောက်နိုင်မလဲ ၊ မတည်ဆောက်နိုင်ဘူးလဲ ဆိုတာကို ကြိုးစားအားထုတ်ရမယ်လို့ ကျနော်မြင်ပါတယ်။အဲဒီအပေါ်မှာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ တပ်မတော်စစ်တပ်ဘက်ကလည်း ဘယ်လောက်ထိလိုက်လျောနိုင်မလဲ ဆိုတာကိုလုပ်ရမယ်။ အဲဒီတော့ အစိုးရအနေနဲ့တော့ ဒိုင်ပေါ့ဗျာ။ ကြားကနေပြီးတော့ တပ်မတော်နဲ့ လည်း ဆက်ဆံရေးကောင်းအောင်တည်ဆောက်ရမှာဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း ဆက်ဆံရေးကောင်းအောင် တည်ဆောက်ပြီးတော့မှ ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုကို ဘယ်လောက်ထိတည်ဆောက်နိုင်မလဲဆိုတာပဲ ငြိမ်းချမ်းရေးရဲ့အဖြေလို့ ကျနော်ယူဆတယ်။”
အခုတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်ကလည်း NLD ဥက္ကဋ္ဌရဲ့ FB လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာပဲ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ ပထမအကြိမ် တွေ့ဆုံခဲ့ကြပြီး အစိုးရသစ် အာဏာလွှဲပြောင်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။