သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ရောက်မြန်မာတပ်ချုပ် နှစ်နိုင်ငံကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု MOU ရေးထိုး


 မင်းအောင်လှိုင် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
မင်းအောင်လှိုင် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အိန္ဒိယက ခွဲထွက်ရေး သူပုန်တွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးမှာ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံ စစ်ရေးဆက်ဆံရေးမြှင့်တင်နိုင်ခဲ့တဲ့အတွက် သူ့အနေနဲ့ အားရမိကြောင်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi က မြန်မာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မနေ့ ဇူလိုင်လ (၂၉)ရက်နေ့က တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

မကြာသေးခင်ကမှ အမေရိကန်အစိုးရက ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုကို ခံထားရပေမယ့် လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ကတော့ နှစ်နိုင်ငံ စစ်ရေးအရ အကျိုးရလာဒ်တွေ ရှိနေကြောင်း မြန်မာ့အရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။ မအင်ကြင်းနိုင် က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ အိန္ဒိယလေတပ်ဦးစီးချုပ် Marshal Birender Singh Dhanoa ရဲ့ ဖိတ်ကြားချက်နဲ့ ဇူလိုင်လ ၂၅ ရက်ကနေ သြဂုတ်လ ၂ ရက်နေ့ထိ ၉ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို ရောက်ရှိနေတာပါ။

မနေ့ တနင်္လာနေ့က မြို့တော် ဒေလီမှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ရာမှာ- လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန်တိုးမြှင့်ခဲ့တဲ့ ကိစ္စရပ်တွေကို အလေးပေးပြောကြားခဲ့ကြတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အထူးသဖြင့် အိန္ဒိယ အရှေ့မြောက်နဲ့ မြန်မာအနောက်မြောက် နယ်စပ်မှာရှိနေတဲ့ အိန္ဒိယ ခွဲထွက်ရေးသူပုန်အုပ်စုတွေကို နှိမ်နင်းရေးမှာ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခဲ့တာ၊ စစ်ရေးအရ စွမ်းရည်မြှင့်တင်ရေးမှာ အိန္ဒိယဘက်က မြန်မာကို အကူအညီတွေ ပေးခဲ့တာ၊ ပင်လယ်ရေကြောင်း လုံခြုံရေးအပိုင်းမှာ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေအပြင် စီးပွားရေးနဲ့ ဖွံဖြိုးရေး တွေမှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို ဝန်ကြီးချုပ် Modi က အားရမိကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အခုလို အိန္ဒိယ အစိုးရနဲ့ မြန်မာစစ်တပ်ကြား ဆက်ဆံရေးတိုးတက်လာတဲ့ အဓိကအကြောင်းရင်းနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့အရေးအကဲခတ် ဒေါက်တာတင့်ဆွေက အခုလို သုံးသပ်ပါတယ်။

“ဒီမတိုင်ခင်ကလည်း အစဉ်အဆက် နဝတ လက်ထက်တလျောက်လုံးမှာ အိန္ဒိယ ကိုဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ မြန်မာပြည် မြေပေါ်မှာ ရှိနေတာကို ဘယ်လိုပဲ တောင်းဆိုတောင်းဆို မြန်မာစစ်တပ်က ဘာမှ အရေးယူဆောင်ရွက်တာမဟုတ်ပဲနဲ့ အခုတော့ ပူးတွဲစစ်ဆင်ရေးတွေ လုပ်လာတဲ့ အစိတ်အပိုင်းတွေရှိပါတယ်။ နောက်တခါ အဲဒီအရင်က အိန္ဒိယ စစ်တပ်ကနေပြီးတော့ မြန်မာစစ်တပ်ကို စစ်သုံးယာဉ်တွေနဲ့ အမြောက်တွေကို ကျနော်တို့ ပေးခဲ့တယ် ရောင်းခဲ့တယ်။ အရည်အသွေးကတော့ အကောင်းစားကြီးတော့ မဟုတ်သော်လည်း မြန်မာစစ်တပ်အတွက် အားထားရတဲ့ စစ်လက်နက်ပစ္စည်းဖြစ်တယ်။ အခုတဆင့်တက်ပြီးတော့ ရေတပ်ဆိုင်ရာ စစ်လက်နက် ပစ္စည်းတွေ ဝယ်တာ၊ ရောင်းတာ ဖြစ်လာတာအတွက် ဒါက တိုးတက်လာတာပေါ့။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ မနေ့ တနင်္လလာနေ့က အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာမှာ- အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံ စစ်ရေးဆက်ဆံရေး မြှင့်တင်တဲ့အနေနဲ့ ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါဟာလည်း ဗိုလ်ချုပ်မှူးကြီးရဲ့ ခရီးစဉ်အတွင်း အိန္ဒိယ ဒုတိယ ကာကွယ်ရေးဝန်ကြီး Shripad Yesso Naik နဲ့ အချိန်အတော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ရလာဒ်ဖြစ်တယ်လို့ ဆိုပါတယ်။

၉ ရက်ကြာခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးရာမှာ မြန်မာ့တပ်မတော် စွမ်းရည်တိုးတက်မြင့်မားရေးအတွက် အိန္ဒိယဘက်က စစ်ရေးအရသင်တန်းတွေ ပိုမို အထောက်အကူပေးရေးအပါအဝင် ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယ အရာရှိတွေဘက်က ပြောပါတယ်။ ဒါအပြင် ပင်လယ်ရေကြောင်း လုံခြုံရေးနဲ့ပတ်သက်လို့ နှစ်နိုင်ငံ ဘယ်လို တိုးမြှင့်ပူးပေါင်းဆောင်ရွက်မလဲ ဆိုတဲ့ နည်းလမ်းတွေကိုလည်း နှစ်ဘက် စစ်ခေါင်းဆောင်ပိုင်းက ဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယဘက်က မြန်မာနဲ့ဆက်ဆံရေး သမိုင်းစဉ်တလျောက်လုံးကိုကြည့်ရင် ပထဝီနိုင်ငံရေးအရ လုံခြုံရေးကို ဦးစားပေးတာတွေ့ရကြောင်း ဒေါက်တာတင့်ဆွေက ပြောပါတယ်။

အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံထားရတဲ့ မြန်မာဘက်ကကြည့်မယ်ဆိုရင်လည်း အရင်တုန်းက စစ်ရေးအရ ဆက်ဆံမှုရှိခဲ့တယ်ဆိုတဲ့ မြောက်ကိုရီးယား၊ လက်ရှိမှာလည်း စစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်ရင် အဓိက ဝယ်ယူနေရတဲ့ တရုတ်တို့နဲ့ နှိုင်းယှဉ်ရင် အိန္ဒိယနဲ့ ဆက်ဆံရေးက မြန်မာအတွက် ပိုပြီးလုံခြုံစိတ်ချရမှုရှိတယ်လို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“အိန္ဒိယ နဲ့ ဆက်ဆံရတာက နိုင်ငံရေးပဲ ဖြစ်ဖြစ်၊ စစ်ရေးပဲဖြစ်ဖြစ် သမိုင်းကြောင်းတလျောက်ကြည့်ရင် အိန္ဒိယ နဲ့ ဆက်ဆံရတာ အင်မတန်မှ နောက်ကျောလုံပါတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယက တိုက်ခဲ့တယ်ဆိုတဲ့ သမိုင်းမရှိပဲနဲ့ သူပဲ အတိုက်ခံရတဲ့ ကိစ္စ ။ ဒါကြောင့် မြန်မာ့တပ်မတော်ကပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံအစိုးရကပဲ ဖြစ်ဖြစ် အိန္ဒိယကို စစ်ရေးရော နိုင်ငံရေးရော ၊ စီးပွားရေးရော ဆက်ဆံတာကြည့်ရင် မြန်မာနိုင်ငံအတွက် အကျိုးယုတ်စရာအကြောင်းမရှိပါဘူး။

မေး။ ။ တဖက်မှာ မြန်မာစစ်တပ်က တိုက်နေတာဆိုလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပဲ ဖြစ်နေတာဆိုတော့ ဒီလို အိန္ဒိယဘက်က စစ်ရေးအရ ပိုပြီး အထောက်အကူတွေ ပေးနေတာဟာ ပြည်တွင်းပဋိပက္ခကို ပိုပြီး ဆိုးရွားစေမယ် ဆိုတာမျိုး ဖြစ်မနေဘူးလား ဆရာ။

ဖြေ။ ။အိန္ဒိယဘယ်လို စဉ်းစားတယ်ဆိုတဲ့သဘောကို ကျနော် ကြားထဲကနေပြီးတော့ သုံးသပ်လို့မရဘူး။ သို့သော် စစ်လက်နက်ပစ္စည်းတွေတင်သွင်းလို့ရှိရင် သူ့လိုအပ်ချက်ရှိတဲ့ နေရာတွေ ၊ ကာကွယ်ရေးကိစ္စတွေ အကုန်လုံးကို လုပ်ရပါတယ်။ ကျနော်တို့ တိုင်းရင်းသားပဲဖြစ်ဖြစ် ၊ ဘာသာမတူတဲ့ လူမျိုးစုတွေကိုပဲဖြစ်ဖြစ် ဆိုတာက အပေါ်ယံအပိုင်းဖြစ်ပြီးတော့ တကယ်တမ်းကျတော့ စစ်တပ်တခုဟာ သူ့စစ်အင်အားပြည့်မှီအောင် လုပ်ရမှာကတော့ သူ့ထုံးစံပါပဲ ။ လက်ရှိတိုက်ပွဲတွေကိုပဲ ကြည့်ရုံနဲ့တော့ မပြည့်စုံဘူးလို့ ကျနော်ထင်ပါတယ် ခင်ဗျ။”

ဇူလိုင် ၁၂ ရက်နေ့ကပဲ အမေရိကန်ဒေါ်လာ ၃၇ သန်းကျော် တန်ဖိုးရှိတဲ့ အိန္ဒိယနိုင်ငံလုပ် TLA လို့ အတိုကောက်ခေါ်တဲ့ ခေတ်မှီ ရှိုင်းအီနား အပေ့ါစား တော်ပီဒိုတွေကို အိန္ဒိယက မြန်မာကို ပို့ခဲ့ပါတယ်။

အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ဟာလည်း နှစ်နိုင်ငံ နယ်စပ်မှာရှိနေတဲ့ Manipur၊ Nagaland နဲ့ Assam ပြည်နယ်တွေက ခွဲထွက်ရေးသူပုန်အုပ်စု အမြောက်အများကို နှိမ်နင်းတဲ့ အိန္ဒိယ-မြန်မာ ပူးပေါင်း စစ်ဆင်ရေး ဆောင်ရွက်ခဲ့ပြီး ရက်သီတင်းပတ်တွေအကြာမှာ သွားခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူရဲ့ အိန္ဒိယ ခရီးစဉ်အတွင်း မွန်ဒရာ ဆိပ်ကမ်းမှာရှိတဲ့ Adani ဆိပ်ကမ်းကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီ Adani ဆောက်လုပ်ရေး ကုမ္ပဏီအုပ်စုဟာ ရန်ကုန် အလုံဆိပ်ကမ်းကို အမေရိကန် ဒေါ်လာ သန်း ၂၉၀ ကုန်ကျမယ့် နိုင်ငံတကာအဆင့်မှီ ကုန်တင်ကုန်ချ ဆိပ်ကမ်းအဖြစ် စက်တင်ဘာလမှာ စတင်တည်ဆောက်ဖို့ ကန်ထရိုက်ရ ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG