သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တပ်မတော်နေ့မိန့်ခွန်း အပေါ် ပြည်ပတုံ့ပြန်


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (Senior General Min Aung Hlaing)

မြန်မာနိုင်ငံအတွင်းက သဘောထားကွဲလွဲမှုတွေကို လက်နက်ကိုင်ပြီးတောင်းဖို့ မလိုအပ်တော့တာကြောင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီးအဖြေရှာရမယ်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။ ငြိမ်း ချမ်းရေးဆွေးနွေးတဲ့အခါမှာလည်း မဖြစ်နိုင်တာတွေကိုတောင်းဆိုနေမယ့်အစား ဖြစ်သင့်တာတွေကိုညှိနှိုင်းတာက လက် တွေ့ကျတယ်လို့လည်း ၇၃နှစ်မြောက်တပ်မတော်နေ့အခန်းအနားမှာ ဗိုလ်ချုပ်မှုးကြီးကပြောခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ အခုလိုသဘောထားတွေနဲ့ပတ်သက်ပြီး တိုင်းရင်းသားတွေဘက်က ဘယ်လိုတုံ့ပြန်ကြသလဲဆိုတာကို ကိုကျော်အောင် လွင်က ပြောပြပါလိမ့်မယ်။

" သဘောထားကွဲလွဲမှုများကို လက်နက်စွဲကိုင်တောင်းဆိုရန် မလိုအပ်တော့ သည့်အတွက် နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာကြရမည်ဖြစ်တယ်၊ ထိုသို့တွေ့ဆုံဆွေးနွေး အဖြေရှာသည့် အခါတွင်လည်း တိုင်းရင်းသားပြည်သူ လူထုအားလုံး၏ လိုလားချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးနိုင်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) လမ်းကြောင်းကိုအခြေခံပြီး ဆောင်ရွက်ရန်လိုအပ်မှာဖြစ်တယ်။”

အဲဒါက ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းတစိတ်တပိုင်းပါ။ ပထမဆုံး အမေရိကန်ပြည်ထောင်စုရောက် ရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ရဲ့ဥက္ကဌ ဒေါက်တာစိုင်းထွေးမောင်ရဲ့ အမြင်ကိုသိချင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် NCA လို့ခေါ်တဲ့ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက် လမ်းကြောင်းနဲ့သွားမယ်ဆိုတာ လက်တွေ့မှာ ဖြစ်နိုင်တဲ့ကိစ္စလို့ ထင်ပါသလား ခင်ဗျ။

“ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် NCA လက်မှတ်ထိုးစရာတောင်မလိုဘူး။ တပ်မတော်ကနေပြီးတော့ စစ်ပွဲရပ်ပြီ မတိုက်တော့ဘူး NCA မှာရေးထားတဲ့ အချက်အလက်တွေက တချို့က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မလိုက်လျောနိုင်တာတွေရှိတယ်။ ဆိုတော့ အဲဒါကို သူတို့အခု ညှိနေကြတာ ဘယ်လိုမှ ညှိလို့မရဘူး။ လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တောင်ရှိသေးတယ် လက်မှတ်မထိုးတာ။ ဆိုတော့ အဲဒီအဖွဲ့တွေကို စောင့်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် အတော်ကိုခက်မယ် ဒါကြောင့်မို့ ကျနော်ထင်တာက NCA ကိုအဓိကမထားပဲနဲ့ တကယ့် ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် တပ်မတော်အနေနဲ့က စစ်ပွဲကို ရပ်လိုက်ရုံပဲ။ အဲဒါဆိုရင် ငြိမ်းချမ်းရေးရဖို့ ပိုပြီးတော့ လွယ်မယ်ထင်တယ်။”

ဟုတ်ကဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က KNO ကချင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှုး ခန်းဖါ ဆာဒန်ရဲ့ အမြင်ကိုလည်းသိပါရစေ။ NCA လမ်းကြောင်းဆိုတာ တကယ်အလုပ်ဖြစ်မယ့်လမ်းကြောင်း ဟုတ် မ ဟုတ်။

“သူပြောတဲ့ NCA လမ်းကြောင်းဆိုတာတိုင်းရင်းသားတွေအားလုံး လက်နက်ချပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း သွားရမယ်လို့ ရာဇသံ ပေးတာလို့ ယူဆရတယ် လက်နက်မချလို့ရှိရင် ဆက်ပြီးတိုက်ဆိုတဲ့ ရာဇသံ ပေးတာလို့ကျနော်သုံးသပ်မိပါတယ်။”

တချို့လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေဆိုရင် မြန်မာစစ်တပ် နဲ့ပြေပြေလည်လည်ဖြစ်နေတာကို တွေ့ရပါ တယ်။ မနေ့က တပ်မတော်နေ့ အခမ်းအနားကိုတောင် လာတက်ကြတဲ့အဖွဲ့တွေရှိနေပါတယ်။ ဆိုတော့ ဒီအဖွဲ့တွေက လက်နက်ချတဲ့သဘောလား။ အခုတိုက်ခိုက် နေတဲ့အဖွဲ့တွေကရော လက်နက်ချဖို့မဖြစ်နိုင်ဘူးလားခင်ဗျ။

“မရှိနိုင်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က လက်နက်ကိုင်တယ်ဆိုတာက ကျနော်တို့ရဲ့ ရသင့်ရထိုက်တဲ့ တန်းတူညီတူအခွင့်အရေးကို မရလို့ ကျနော်တို့ တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။ ရသင့်ရထိုက်တဲ့ တန်းတူညီတူအခွင့်အရေးကို ရဖို့ ဂရန်တီလုပ်ထားပေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းမနိုင်ဘူးဆိုရင် စစ်ပွဲကအခု အပစ်အခတ်ရပ်စဲနေပေမယ့် ပြန်တိုက်ရမယ့်ပုံရှိနေပါတယ်။”

မြန်မာ စစ်တပ်က ငြိမ်းချမ်းရေးလိုလားတဲ့သဘောတွေအခုလိုပြောနေတယ်ဆိုပေမဲ့ တဘက်မှာကလည်း တိုက်ပွဲတွေက ရှိနေပါ သေးတယ်။ ဘာသဘောနဲ့ အခုလိုဖြစ်နေတယ်လို့ ထင်ပါသလဲ ဆရာစိုင်းထွေမောင်။

“အဲဒါအဓိကပြဿနာပဲ သူတို့က ငြိမ်းချမ်းရေးလိုချင်တယ်လို့လဲပြောတယ်။ အပစ်ရပ်မယ်လို့လဲပြောတယ်။ ဒါပေမယ့် အခုလည်း ဆက်တိုက်နေတယ်၊ ပိုပြီးတော့လည်း တိုက်တယ်။ ပိုပြီးဆိုးလာတာတွေ့တယ် ဆိုတော့ ဒါကို ကြည့်ချင်းအားဖြင့်မေးစရာမေးခွန်းဖြစ်လာတာ တခုကတော့ မြန်မာ့တပ်မတော်က တကယ်ပဲ ငြိမ်းချမ်းရေးလိုချင်သလား။ ငြိမ်းချမ်းရေးပြောပြီးတော့မှ တမျိုးဖြစ်နေတယ်။ ယုံကြည်မှုတွေက မရှိကြတော့ဘူး တိုင်းရင်းသားတွေအနေနဲ့လည်း မြန်မာ့တပ်မတော်အပေါ်မှာ ယုံကြည်မှုတွေမရှိတော့ဘူး”

ဗိုလ်ချုပ်မှုးကြီးရဲ့မိန့်ခွန်းထဲမှာ ငြိမ်းချမ်းရေးအတွက် မဖြစ်နိုင်တာတွေကို မတောင်းဆိုဖို့လည်းတိုက်တွန်းထားပါတယ်။

" ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးကြတဲ့အခါမှာ မဖြစ်နိုင်တာတွေကို တောင်းဆိုပြီး အချိန်ဆွဲနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာတွေကို အရှည်မျော်တွေး ညှိနှိုင်းကြတာက ပိုမိုလက်တွေ့ဆန်ကြမှာဖြစ်တယ်။ "

ဘယ်လိုသဘောရပါသလဲ ခန်းဖါဆာဒန်။ မဖြစ်နိုင်တာကိုတောင်းဆိုတယ်ဆိုတာ ဘာကိုပြောချင်တယ်လို့ထင်ပါသလဲ။

“မဖြစ်နိုင်တာကိုတောင်းဆိုတယ်ဆိုတယ်ဆိုတာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးက တပ်မတော်ကို နိုင်ငံရေးကနေ ထွက်သွားဖို့ အမျိုးသား နိုင်ငံရေးတောင်းဆိုတာမျိုး မဖြစ်စေချင်တဲ့သဘောနဲ့ သူက မဖြစ်နိုင်တာကို တောင်းဆိုတယ်လို့ပြောတယ်လို့ ယူဆပါတယ်။”

ဟုတ်ကဲ့ တိုင်းရင်းသားတွေဘက်က တောင်းဆိုချက်တွေက မဖြစ်နိုင်တာတွေကို တောင်းဆိုနေတာလားခင်ဗျ။ ဆရာ စိုင်းထွေးမောင်။

“တိုင်းရင်းသားတွေတောင်းဆိုနေတာက ဘာလဲဆိုရင် တန်းတူညီမျှ အခွင့်အရေးပေးဖို့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးဖို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့၊ ကိုယ်ပိုင်စီမံခန့်ခွဲမှုပေးဖို့ အဲဒါတွေကို တောင်းဆိုတာပါ။ အထူးသဖြင့် အဓိကတောင်းဆိုနေတာက တခုပဲ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းဖို့။ ဒီဖက်ဒရယ်ဒီမိုကရေစီတောင်းဆိုနေတာကို မဖြစ်နိုင်ဘူးလား၊ မပေးနိုင်ဘူးလား၊ဆိုပြီးတော့ ပြန်စဉ်းစားတဲ့အခါမှာ သူတို့ပဲ သဘောတူတာပဲ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်မယ် ဆိုတော့ အခုတောင်းနေတဲ့ ဖက်ဒရယ်တည်ထောင်ဖို့အတွက် ဆွေးနွေးဖို့ရန်တောင်းဆိုနေတာ မဖြစ်နိုင်တာကို တောင်းဆိုနေတယ်လို့ ပြောနေသလား။ သူဆိုလိုချင်တာက ဖက်ဒရယ်ဆိုတာက မဖြစ်နိုင်ဘူး ၊ မဖြစ်နိုင်တဲ့ ဖက်ဒရယ်ကိုတောင်းဆိုတာ အလကားပဲ၊ အချိန်ပဲ ကုန်တယ် တောင်းမနေနဲ့တော့လို့ ပြောချင်တာလား။”

ဟုတ်ကဲ့ ရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ဒေါက်တာ စိုင်းထွေးမောင်နဲ့ KNO ကချင်အမျိုးသား အစည်းအရုံးက ခန်းဖါဆာဒန် ကျေးဇူးတင်ပါတယ်။

တပ်မတော်နေ့မိန့်ခွန်းအပေါ် ပြည်ပတုံ့ပြန်
please wait

No media source currently available

0:00 0:05:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG