သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ချုပ်နဲ့ Washington Post မေးမြန်းခန်းအပေါ် အမြင်တချို့


(Credit: Washington Post)
(Credit: Washington Post)

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လာမယ့် ဒီဇင်ဘာလထဲမှာ တွေ့ဆုံသွားမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Washington Post သတင်းထောက်နဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု အပြည့်အဝ ရရှိရေးနဲ့ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အားလုံး အဆုံးသတ်သွားမှပဲ အရပ်သားအစိုးရလက်ထဲကို အာဏာ အပြည့်အဝ လွှဲပြောင်းရေး ဖြစ်နိုင်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မြန်မာ့တပ်မတော်ဟာ အရပ်သားအစိုးရလက်ထဲ အာဏာလွှဲပေးဖို့ တွန့်ဆုတ်နေပုံရတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေက သုံးသပ် ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ မဲအပြတ်သတ်အနိုင်ရခဲ့တဲ့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန် အပါအဝင်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ရော ပြည်ထောင်စု လွှတ်တော်ဥက္ကဌနဲ့ပါ တွေ့ဆုံလိုကြောင်း နိုဝင်ဘာလ (၁၀) ရက်နေ့က တွေ့ခွင့်တောင်းခဲ့ပြီးနောက်ပိုင်း လာမယ့် ဒီဇင်ဘာလထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Washington Post သတင်းထောက်ကို အခုလို ဖြေကြားခဲ့ပါတယ်။

“မကြာခင်တွေ့ဖို့ ရှိပါလိမ်မယ့်၊ လာမယ့် ဒီဇင်ဘာလောက် ဖြစ်နိုင်ပါတယ်။ ဒီဇင်ဘာလထဲမှာ ဖြစ်နိုင်ပါတယ်။ အဲ ကျနော်က မှန်းတာကတော့ ဒီ Election Commission ကနေပြီးတော့ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ ပြီးတယ်ဆိုရင် တွေ့မှာပါ”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ဟာ နိုင်ငံ့ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍမှာ နေရာယူထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံချိန်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ ပြဿနာတွေကို ညှိနှိုင်းနိုင်ကြမလားဆိုတာ အများက စိုးရိမ်နေကြပါတယ်။ အရပ်သားအစိုးရလက်ထဲကို အာဏာအပြည့်အဝ လွှဲပြောင်းရေး ဘယ်အချိန်မှာ ဖြစ်လာနိုင်မလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Washington Post သတင်းစာကို အခုလို ဖြေကြားပါတယ်။

“တိုင်းပြည်ရဲ့ပြောင်းလဲလာတဲ့ အခြေအနေပေါ်မှာလည်း တည်နိုင်ပါတယ်။ အခုအချိန်မှာတော့ ချက်ခြင်းကြီး ဒီလိုဒီလိုတော့ သွားမယ်ဆိုတာမျိုးကတော့ ဘယ်နေရာမှ မဖြစ်နိုင်သေးပါဘူး၊ မဖြစ်နိုင်ဘူး။ တဖြည်းဖြည်း ချိန်ဆပြီးတော့မှ ကျနော်တို့ တဖြည်းဖြည်း သွားရမှာ ဖြစ်ပါတယ်။ ကျနော်တို့သွားတာဟာ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း သွားတာပါ၊ ပြည်သူက သွားတဲ့လမ်းကြောင်းပါ။ ဒီပေါ်မှာ ခိုင်ခိုင်မာမာ ဖြစ်စေချင် ပါတယ်။ ခိုင်ခိုင်မာမာနဲ့ စနစ်တကျ ဖြစ်စေချင်တယ်။ ဒီလိုစနစ်တကျ ဖြစ်သွားမယ် ဆိုလို့ရှိရင်လည်း သင့်တော်တဲ့ တချိန်ကျလို့ရှိရင်လည်း ခင်ဗျားပြောတဲ့ အဓိပ္ပါယ်မျိုး ရောက်သွားနိုင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ပြဿနာတွေ ဒါ နံပါတ်တစ်ကတော့ တကယ်ကို အေးချမ်းသွားဖို့ လိုပါတယ်။ တကယ့်ကို ငြိမ်းချမ်းရေး ရဖို့လိုပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ တယောက်နဲ့တယောက် အထင်အမြင် လွဲမှားမှုတွေလည်း ရှိတယ်။ အစိုးရပေါ်မှာလည်း တချို့ဆို မကောင်းတဲ့ အမြင်လေးတွေ မြင်တာလဲ ရှိတယ်။ ဒါတွေကို ကျနော်တို့က အကုန်လုံး မျှမျှတတနဲ့ ရှိနေတယ်ဆိုတဲ့ဟာမျိုး အခြေအနေရောက်အောင် ကျနော်တို့ ထိန်းပေးဖို့လိုပါတယ်”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖြေကြားချက်နဲ့ ပတ်သက်ပြီး လတ်တလောမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ TNLA ခေါ် တအာင်းပလောင်တပ်ဖွဲ့ရဲ့ နိုင်ငံခြားရေးတာဝန်ခံ တာပန်လက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရပေါ့လေ၊ ဒါ စစ်တပ်ကိုပဲ ဦးစားပေးထားတယ်။ စစ်တပ်အမြင်နဲ့ပဲ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအရ အဲဒီ အောက်ကနေပြီးတော့ သူက ပြောဆိုသွားတာမျိုးလို့ မြင်တယ်။ နောက်တခုကျတော့ သူတို့တွေ အနေနဲ့က တကယ်ကိုပဲ အရပ်သား အစိုးရဖြစ်ပေါ် လာရေးကို သိပ်ပြီးတော့ ဆန္ဒမရှိဘူး။ ခုချိန်မှာ NLD က ဘာပဲဖြစ်ဖြစ် အောင်မြင်နေပြီ၊ အစိုးရတခု ချောချောမွေ့မွေ့ နဲ့ အစိုးရဖွဲ့ရမယ့် လွှဲပြောင်းပေးရမယ့် အခြေအနေမျိုးမှာကိုက တိုက်ပွဲတွေကို မြန်မာ့တပ်မတော်ဘက်ကပဲ ဖန်တီးပြီးတော့ လုပ်ဆောင်နေတာမျိုးတွေ ကျနော်တို့ တွေ့မြင်နေရတယ်။ ဒီနှစ်ခုကို ကျနော် ဆက်စပ်ကြည့်လိုက်မယ် ဆိုလို့ရှိရင်တော့ ဒါ တပ်မတော်ဘက်မှာက ဒီအရပ်သားအစိုးရ ဖြစ်ပေါ်လာရေး ဒီမိုကရေစီအစိုးရ ဖြစ်ပေါ်လာရေးကို အာသီသက တော်တော်လေး နည်းတယ် မေးခွန်းထုတ်စရာ အရမ်း ရှိတယ်လို့ ကျနော်မြင်ပါတယ်”

၂၀၀၈ ဖွဲ့စည်းပုံအရ ကာ/လုံလို့ခေါ်တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက နိုင်ငံရဲ့အရေးကြီးတဲ့ကိစ္စတွေကို ဆုံးဖြတ်နိုင်ခွင့်ရှိ ပါတယ်။ ကာ/လုံထဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားသူ ၆ ဦးနဲ့ အခြားသူ ၅ဦး စုစုးပေါင်း ၁၁ ဦး ပါဝင်တာပါ။ ဒါ့ကြောင့် မဲအပြတ်သတ် အနိုင်ရခဲ့တဲ့ NLD ပါတီက အစိုးရဖွဲ့နိုင်သည့်တိုင် နိုင်ငံ့ရဲ့ ကံကြမ္မာဆုံးဖြတ်ချက်တွေမှာ တပ်မတော်ရဲ့ဆုံးဖြတ်ချက်ကပဲ လွှမ်းမိုးနေတာကြောင့် ဒီကိစ္စမှာ တပ်မတော်ဘက် အလျှော့အတင်း ရှိလာနိုင်မှာလား ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြေတာက -

“ဒါကတော့ ဖွဲ့စည်းပုံက ကျနော်တို့ကို ပေးထားတာကိုး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ အမည်စာရင်း တင်သွင်းတဲ့ ကာကွယ်ရေးဝန်ကြီး ပြည်ထဲရေးဝန်ကြီး နယ်စပ်ရေးရာဝန်ကြီး ဒီသုံးဦးကို တပ်မတော်က အမည်စာရင်း တင်သွင်းတဲ့လူက သမ္မတတွေနဲ့ ညှိနှိုင်းပြီးတော့မှ သမ္မတက ခန့်အပ်ပေးတာဖြစ်ပါတယ်”

တပ်မတော်ရဲ့ ဒီရပ်တည်ချက်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က သိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးလည်းဖြစ် ဝါရှင်တန်ဒီစီ သံမှူးဟောင်းဖြစ်တဲ့ ဦးအောင်လင်းထွဋ်က အခုလို သုံးသပ်ပါတယ်။

“ဒီ ဖွဲ့စည်းပုံအရပေါ့လေ တပ်မတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ရှိရမယ်ဆိုတဲ့အတိုင်းပဲ ဒီကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ၆ ယောက် ၅ ယောက် အားလုံးသိပါတယ်။ အဲဒီတော့ အားလုံးကတော့ ကျနော် မျှော်မှန်းတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီတပ်မတော်နဲ့ ဆက်ဆံရေးပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း စိတ်လိုက်မာန်ပါ မပြောမိ မဆိုမိ မလုပ်မိဖို့ လိုပါတယ်။ တတ်နိုင်သမျှတော့ သိမ်သိမ်မွေ့မွေ့နဲ့ ပြည်သူလူထု အားကိုယူပြီးတော့မှ စည်းရုံးမယ်ဆိုရင်တော့ ကျနော်တို့ သွားချင်တဲ့ ဥစ္စာက တဖြည်းဖြည်းချင်း ပါသွားပါလိမ့်မယ်”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင့်သင့်ဖြစ်နေသလို တဘက်က ဆွေးနွေးလာမယ့် ပြဿနာတွေပေါ်မှာ ပြန်လည်ဆွေးနွေး ရှင်းပြနိုင်ဖို့ အနေအထားလည်း သူ့မှာရှိကြောင်း Washington Post ကို ဖြေကြားခဲ့ပါတယ်။

XS
SM
MD
LG