သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းလှအကြမ်းဖက်မှု ရာဘာကျည်နဲ့ လူစုခွဲ


မန္တလေးတိုင်း မိတ္ထီလာမြို့နယ်က ပဋိပက္ခတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပဲခူးတိုင်း ဒေသကြီးအနောက်ဘက်က မြို့နယ်တချို့ထိ ပျံ့နှံ့လာပါတယ်။ ဒီကနေ့ ညနေပိုင်းက မင်းလှမှာ ဖြစ်ပွားတဲ့ ပဋိပက္ခကို ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေး တပ်ဖွဲ့တွေက သေနတ်ပစ်ဖောက် လူစုခွဲတဲ့အတွက် ဆူပူသူတချို့ ဒဏ်ရာရတယ်လု့ိ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုကျော်ထင် ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီး မငြိမ်သက်မှုတွေ စတင်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်း မြို့နယ်တချို့က ပဋိပက္ခတွေဟာ ဒီကနေ့ ညနေပိုင်းမှာ မင်းလှမြို့ထိ ကူးစက်လာပါတယ်။

အခြေနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ဒေသခံ NLD ပါတီဝင် ကိုခင်ထွန်းက ဒီကနေ့ ညနေပိုင်း အခြေအနေကို အခုလို ပြောပြပါတယ်။

“၂၄ ရက်နေ့က မင်းလှမှာ ဖြစ်တယ်။ ၂၅ရက်နေ့နဲ့ ၂၆ ရက်နေ့မှာတော့ အုတ်ဖို၊ ကြို့ပင်ကောက်၊ စစ်ကွင်းမှာ ဖြစ်တယ်။ မင်းလှရဲ့ ရွာနီးချုပ်စပ်ပေါ့ဗျာ။ ရွာနီးချုပ်စပ်ကနေပြီးတော့ ၁ နာရီခွဲလောက်မှာ လူစုတယ်။ လူစုပြီးတော့ ၂ နာရီလောက်ကျတော့ ဇေယျဝတီ ရပ်ကွက်ထဲမှာ အစ္စလာမ် ဘာသာဝင် တယောက်ရှိတယ်။ သူက ကြက်ရောင်းတယ်။ သူ့အိမ်ကို စပြီးတော့ ဖျက်စီးတာပေါ့။ သူ့အိမ်ကို စပြီး ဖျက်ဆီးတယ်။ နောက်ပြီးတော့ မြို့ပေါ်မှာ ဗလီ ၃ လုံးရှိတယ်။ ဘီအိုစီလမ်းမှာ ဗလီတလုံးရှိတယ်။ ပေါက်ပင်တန်းလမ်းမှာ ဗလီတလုံးရှိတယ်။ ရုံးလမ်းမှာ ဗလီတလုံးရှိတယ်။ အဲ့ဒီ ၃ လုံးစလုံးကို ဖျက်စီးပစ်လိုက်တယ်။ ဒီနေ့ ၂ နာရီနဲ့ ၅ နာရီကြားဖြစ်တာ”

ညနေ ၅ နာရီလောက်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် လူစုခွဲတာကြောင့် အကြမ်းဖက်မှုတွေ ရပ်တန့်သွားတယ်လို့ သူက ဆက်ပြောပါသေးတယ်။

“မီးရှို့တာတို့၊ လူသတ်တာတို့ မဖြစ်သွားဘူး၊ နောက်ဆုံးကျတော့ ၅ နာရီမထိုးခင်လောက်မှာ လုံခြုံရေးကနေ ရာဘာကျဉ်တွေနဲ့ပစ်ပြီး လူစုခွဲလိုက်တယ်။ ၅နာရီလောက်မှာ လူစု ကွဲသွားတယ်။”

မေး။ ။ ရာဘာကျဉ်နဲ့ ပစ်တယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲဗျ။

“မိုးပေါ်ထောင်ပစ်တယ်လို့လည်း ပြောတယ်ဗျာ။ ဒါပေမဲ့လို့ ထိခိုက်ဒဏ်ရာ ရတဲ့သူတော့ ရှိသွားတာပဲ။ ၅ ယောက်လောက် ထိခိုက်ဒဏ်ရာ ရသွားတယ်။”

ပဲခူးတိုင်းဒေသကြီး အနောက်ဘက်က မြို့နယ်တချို့ထိ ဘာသာရေး အဓိကရုဏ်း ပုံစံမျိုး ဖြစ်လာတာကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် သာသနာရေး အဖွဲ့က အစ္စလာမ် ဘာသာဝင်တွေကို အကာကွယ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ထံ အိတ်ဖွင့်ပေးစာ တစောင်ကို မနေ့က ရက်စွဲနဲ့ ပေးပို့ခဲ့ပါတယ်။

အစ္စလာမ် သာသနာအဖွဲ့ ပြောခွင့်ရသူ ဦးဝဏ္ဍရွှေ က ပြည်မမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေက ရခိုင်ပြည်နယ်နဲ့ မတူဘူးလို့ ထောက်ပြပါတယ်။

“ပထမ ရခိုင်ပြည်နယ်မှာ ဖြစ်တာပေါ့နော်၊ ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ကိစ္စကျတော့ နိုင်ငံသားဖြစ်ခွင့်၊ တခါ လူမျိုးရေးဆိုင်ရာ ကိစ္စ၊ ဒီလို အငြင်းပွားယုံနဲ့ ဖြစ်တယ်လို့ ယူဆစရာပေ့ါ။ အခု အဲ့ဒီဟာကနေတဆင့် ရန်ကုန်မှာဆိုရင် သာကေတမှာ ဗလီကျောင်း အငြင်းပွားမှု ဖြစ်ခဲ့တယ်၊ နောက် လှိုင်သာယာမှာ ဖြစ်တယ်၊ ရွှေပြည်သာမှာ ဖြစ်တယ်။ နောက်ဆုံး မိတ္ထီလာမှာ ဖြစ်တဲ့ကိစ္စက အဆိုးရွားဆုံးပဲပေါ့နော်။ ဒါတွေ ဖြစ်လာပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်တွေ ထိန်းသိမ်းနေတဲ့ကြားက တခြားနေရာတွေကို ကူးစက်လာတယ်။ ကူးစက်လာတဲ့ အခါကျတော့ ဒါက သာမန် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ဟာမျိုး မဟုတ်ဘဲနဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့ကိစ္စ၊ ဘာသာ သာသနာ ကိုးကွယ်ယုံကြည်မှုကို အကြောင်းပြူပြီးတော့ ဖြစ်တဲ့ကိစ္စလို့ ယူဆစရာ ဖြစ်လာတဲ့အတွက် အရေးတကြီး သမ္မတကြီးဆီကို အကူညီ တောင်းတာပါ၊”

အစ္စလာမ် ဘာသာရေး အဆောက်အဦးတွေနဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးမှုတချို့ ရှိပေမဲ့ ဗုဒ္ဓဘာသာဝင်တိုင်းက ကျူးလွန်တာ မဟုတ်ဘူးလို့ ဦးဝဏ္ဍရွှေ က ဆက်ပြောပါသေးတယ်။

“ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် သာသနာဟာ နှစ်ပေါင်းများစွာ ဒီနိုင်ငံမှာ အတူယှဉ်တွဲ နေထိုင်ခဲ့တာပါ။ ကျနော်တို့ကို စာသင်ပေးတဲ့ ဆရာမတွေ ဗုဒ္ဓဘာသာပါ။ ကျနော်တို့ကို မိခင်ဝမ်းက ကျွတ်အောင် မွေးဖွားပေးတဲ့ အမျိုးသမီးတွေက ဗုဒ္ဓဘာသာ အမျိုးသမီးတွေပါ။ ကျနော်တို့ကို အခုထက်ထိ စောင့်ရှောက်နေတုန်း ရှိပါသေးတယ်။ ဗုဒ္ဓဘာသာထဲက လှုံ့ဆော်မှုကြောင့် တချို့ နိုင်ငံရေး ပယောဂ ရှိမယ်။ တချို့ ပစ္စည်းလိုချင်တဲ့ တောကြောင်တွေ ရှိမယ်။ ဒီလိုလူတွေက လုပ်တာပါ။ ဗုဒ္ဓသာသနာနဲ့ မပတ်သက်ဘူးလို့ ကျနော်တို့ ယူဆပါတယ်။”

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ကတော့ နှစ်ဘက်စလုံးက ငြိမ်းချမ်းရေးကို လိုလားမှ ပဋိပက္ခ မရှိနိုင်ဘူးလို့ မိန့်ပါတယ်။

“ငြိမ်းချမ်းရေးဆိုတာ ဗုဒ္ဓဘာသာ တခုတည်း မဟုတ်ဘူး။ တခြားသော အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာတွေလည်း ငြိမ်းချမ်းရေးကို အလိုရှိမှာပါပဲ၊ အဲ့ဒီတော့ ဘုန်းကြီးတို့ဘက်ကလည်း ဗုဒ္ဓဘာသာ မြန်မာလူမျိုး တိုင်းရင်းသား တွေဘက်ကလည်း တယောက်နဲ့တယောက် ပဋိပက္ခကို မလုပ်ဖို့၊ ငြိမ်းချမ်းရေးကို အခြေပြုဖို့၊ သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးကို အလိုရှိရင် ပြဿနာ ဖြစ်စရာ အကြောင်းမရှိဘူး။”

ရန်ကုန်တိုင်း ဒေသကြီးက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ အပတ်ထဲ အလားတူ ပဋိပက္ခတွေ ဖြစ် လာနိုင်တဲ့ ကောလဟာလတွေ၊ လှုံ့ဆော်မှုတွေ ရှိလာတာကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က အခြေအနေ တည်ငြိမ်အောင် နိုင်ငံရေး ပါတီတွေနဲ့ လူထု အခြေပြု အဖွဲ့အစည်းတွေကပါ ပူးပေါင်း လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
XS
SM
MD
LG