သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လာသူတွေ မိသားစုဝင်တွေအတွက် မင်းကိုနိုင်ဝမ်းမြောက်


လွတ်လာသူတွေ မိသားစုဝင်တွေအတွက် မင်းကိုနိုင်ဝမ်းမြောက်
လွတ်လာသူတွေ မိသားစုဝင်တွေအတွက် မင်းကိုနိုင်ဝမ်းမြောက်

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးသားအကျဉ်းသားတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းသာတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။ နိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာနေတာကိုလည်း ကြိုဆိုပေမဲ့ အချိန်သတ်မှတ်ချက် ရှိသင့်တယ်လို့ သူထင်ကြောင်းကိုလည်း ပြောလိုက်ပါတယ်။ ကျိုင်းတုံထောင်မှာ အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ထောင်ဝင်စာတွေ့ပြီး ပြန်လာခဲ့တဲ့ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွှန့်ကို မသင်းသီရိက ဆက်သွယ် မေးမြန်းထားပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်တွင်းက လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် အားလုံနဲ့ထပ်တူ ဝမ်းသာတယ်လို့ ကျိုင်းတုံထောင်မှာ နှစ်ရှည် အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က စကားပါးတယ်လို့ ကိုမင်းကိုနိုင်ကို ထောင်ဝင်စာတွေ့အပြီး ဒီကနေ့ ညနေကမှ ရန်ကုန်ပြန်ရောက်တဲ့ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွှန့်က ပြောပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေ အစဉ်တစိုက်တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးတွေ အခု ဖြစ်နေတာကို ကြိုဆိုပေမဲ့ အချိန်သတ်မှတ်ချက် ရှိဖို့တော့ လိုလိမ့်မယ်လို့ သူထင်ကြောင်းကိုလည်း ကိုမင်းကိုနိုင်က ပြောခဲ့တယ်လို့ ဆိုပါတယ်၊

“လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ကတော့ သူ မလွတ်မြောက်သေးသော်လည်း လွတ်လာတဲ့သူတွေ အတွက် ကာယကံရှင်တွေအတွက်ရော၊ သက်ဆိုင်ရာ မိသားစု အသိုင်းအဝိုင်းတွေ အတွက်ရော အားလုံးနဲ့ထပ်တူ ဝမ်းသာပါတယ်တဲ့ သူက ပြောလိုက်ပါတယ်။ သူတို့အဖွဲ့အနေနဲ့ အစဉ်တစိုက် တောင်းဆိုလာခဲ့တာ တွေ့ဆုံဆွေးနွေးရေး၊ အခု အဲဒီဟာက ဖြစ်လာပြီ။ ဖြစ်လာပြီဆိုတော့ ဒေါ်စုနဲ့ တခြား အဖွဲ့အစည်းနဲ့ စကားပြောနေတာကို သူ ကြိုဆို ထောက်ခံပါတယ်။ ဒါပေမဲ့ အချိန် သတ်မှတ်ချက်လေးတော့ ရှိသင့်တယ်လို့ ထင်တယ်တဲ့။ သူက အဲဒီလို ပြောပါတယ်။ နောက်ပြီးတော့ ဒီ တွေ့ဆုံဆွေးနွေးမှုကနေ ရလာမယ့် ရလဒ်အပေါ် အန်တီစု ချမှတ်မယ့် ဆုံးဖြတ်ချက်ကို သူ လက်ခံပါမယ်တဲ့။”

ဒါ့အပြင် NLD ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်ကိစ္စတွေနဲ့ ပတ်သက်လို့လည်း သူ့အနေနဲ့ ဘယ်လို သဘောထားမျိုးကိုမှ ကြိုတင် မှတ်ချက်ပေးတာမျိုး မလုပ်ခဲ့ဘူးလု့ိလည်း ပြောပါတယ်။

“ပါတီ တည်ထောင်ခြင်းကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့ ထောက်ခံတယ်တို့၊ ကန့်ကွက်တယ်တို့ ကြိုပြီး ပြောစရာအကြောင်း မရှိပါဘူးတဲ့။ ကာယကံရှင်ကိုယ်တိုင် တိတိကျကျ မပြောသေးတဲ့ကိစ္စကို သူ့အနေနဲ့ ကြိုပြီး ပြောပိုင်ခွင့် မရှိပါဘူးတဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ ဘယ်သူ့ကိုမှလည်း လမ်းကြောင်းမပေးပါဘူးတဲ့။ ဆရာလည်း မလုပ်နိုင်ပါဘူးတဲ့။ ဘာဖြစ်မယ်မှန်းမှ မသိတဲ့ကိစ္စကို ဘယ်သူ့ကိုမှလည်း မမှာခဲ့ပါဘူးတဲ့။ သူ အနှစ် ၂၀ ကျော် ထောင်ထဲမှာ ဒုက္ခခံခဲ့တာတွေဟာ အလကားဖြစ်သွားမယ်တဲ့။ ဂုဏ်သိက္ခာကို ထိခိုက်မှာ သူ အရမ်းစိုးလို့ပါတဲ့။ ဂုဏ်သိက္ခာကို အသက်ထက် တန်ဖိုးထားလို့ပါတဲ့။”

ကိုမင်းကိုနိုင်ဟာ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက သွေးတိုးတဲ့ဝေဒနာ ခံစားနေရပါတယ်။

“ဒီတစ်ခေါက် သူ သိပ်နေမကောင်းဘူး။ နေမကောင်းဘူးဆိုတာက လွန်ခဲ့တဲ့ နှစ်လသုံးလလောက် ကတည်းက စပြီးတော့ သူ ခေါင်းမူးနေတာလေ။ စာထဲမှာလည်း သူ ရေးတယ်လေ။ ခေါင်းမူးနေတယ်။ သွေးတိုးကလည်း ရှိတယ်။ တခါတလေကျရင် သွေးခုန်နှုန်းလည်း မြန်တယ်။ ဟိုတလောကတည်းက ဖြစ်နေတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်လသုံးလကတည်းက ဖြစ်နေတယ်လေ။ လက်ကျီးပါင်းကတော့ ရေရှည်ပေါ့လေ။ အဲဒါနဲ့ ခြေထောက် ဖနောင့်အတက် ထွက်တာပေါ့နော်။ အဲဒါကတော့ ရေရှည်ပေါ့။ တခါတလေကျတော့ သူက သွေးခုန်နှုန်းကလည်း မြန်တယ်။ သွေးတိုးကလည်း ရှိတယ်။ အစားအသောက် ဆင်ခြင်ရတာပေါ့နော်။”

ဒါကတော့ အောက်တိုဘာလ ၁၄ ရက်နေ့က ကျိုင်းတုံထောင်မှာ ကိုမင်းကိုနိုင်ကို ထောင်ဝင်စာ သွားတွေ့ခဲ့သူ အစ်မ ဒေါ်ကြည်ကြည်ညွန့် ပြောခဲ့တာဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှုကြောင့် တခြား ၈၈ မျိုးဆက် ကျောင်းသားတွေအပြင် နိုင်ငံရေး လှုပ်ရှားတက်ကြွသူများနဲ့ အတူ ၂၀၀၇ ခုနှစ်မှာ စစ်အစိုးရက ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်နဲ့ အကျဉ်းချ ခံထားရတာ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်ဟာ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ ဆန္ဒပြပွဲ အရေးအခင်းကို ဦးဆောင်ခဲ့တဲ့ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သလို သူဟာ လာမယ့်အောက်တိုဘာ ၁၈ ရက်နေ့မှာ အသက် ၄၉ နှစ် ပြည့်မှာမို့ မိတ်ဆွေသူငယ်ချင်းတွေက ကိုမင်းကိုနိုင်အတွက် မွေးနေ့ပွဲတစ်ခု ပြုလုပ်ဖို့လည်း စီစဉ်ထားကြပါတယ်။

XS
SM
MD
LG