သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက်ခေါင်းဆောင်တွေ ဒီမိုကရေစီဆု လက်ခံရယူ


မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လေ့လာဆန်းစစ်ခြင်းလို့ နာမည်ပေးထားတဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ အပါအဝင် မနေ့က အမေရိကန် ကွန်ဂရက် လွှတ်တော် အဆောက်အဦးမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ကို ကမ္ဘာတဝန်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ပံ့ပိုး ကူညီပေးနေတဲ့ NED အဖွဲ့ရဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီဆုကိုလည်း ဂုဏ်ပြု ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ အမေရိကန် နိုင်ငံရေးမှာ သြဇာညောင်းတဲ့ အထင်ကရ လွှတ်တော်အမတ်တွေပါ တက်ရောက်ခဲ့တဲ့ ဒီအခမ်းအနားအကြောင်းကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို နှစ်ပေါင်းများစွာ ထောက်ခံအားပေး ကူညီလာခဲ့တဲ့ ဝါရှင်တန်ဒီစီအခြေစိုက် NED အဖွဲ့က ကမ္ဘာတဝှမ်းက ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးစွန့် ကြိုးပမ်းလှုပ်ရှားသူတွေကို နှစ်စဉ် ပေးအပ်တဲ့ ဒီမိုကရေစီဆုကို ၂၀၁၂ ခုနှစ်တုန်း ကိုမင်းကိုနိုင်နဲ့အတူ မြန်မာနိုင်ငံက လှုပ်ရှားသူ ၄ ဦးကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

မနှစ်က ဆုပေးပွဲအခမ်းအနားကို အကြောင်းအမျိုးမျိုးကြောင့် ကိုမင်းကိုနိုင် မတက်ရောက်နိုင်ခဲ့တဲ့အတွက် ဒီနှစ်မှာ သူ့ကို သီးသန့် အခမ်းအနားပြုလုပ်ပြီး ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။ ဒီဆုဟာ မြန်မာ့ဒီမိုကရေစီရေးကို ခွန်အားတွေဖြစ်စေတဲ့ ဆုတစ်ခုပါလို့ ကိုမင်းကိုနိုင်က ပြောသွားပါတယ်။

“ကျနော်ကတော့ ကျနော်ရခဲ့သမျှ ဆုတွေအားလုံးကို ကျနော့်တစ်ယောက်တည်းကို ပေးတယ်လို့ ဘယ်သောအခါမျှ မခံယူဘူး။ ကျနော်နဲ့အတူ တိုက်ပွဲဝင်ကြတဲ့သူတွေ အားလုံးကိုယ်စား ကျနော့်ကိုပေးတယ်လို့ပဲ ဘယ်ဆုကိုမဆို ခံယူထားပါတယ်။ အဲ့ဒီပေးအပ်တဲ့ ဆုတိုင်းဟာ ကျနော့်အနေနဲ့ကတော့ ကျနော်တို့ အထီးကျန်ဖြစ်နေတဲ့အချိန်ပေါ့ ဒီတိုက်ပွဲထဲမှာ ကျနော်တို့ လူးလိမ့်ခံနေရတဲ့အချိန်မျိုးမှာ သြော် ငါတို့ အထီးကျန် မဟုတ်ပါလား။ ကမ္ဘာကြီးက ငါတို့နဲ့အတူ ရှိနေသေးပါလား ဆိုတဲ့ စိတ်ဓာတ်ခွန်အားမျိုး အနည်းဆုံး ရပါတယ်။ အဲ့ဒါဟာ ကျနော်တို့ ရှေ့ဆက်ပြီးတော့ တိုက်ပွဲဝင်ဖို့ စွန့်လွှတ်ရုန်းကန်ဖို့အတွက် ကြီးစွာသော အထောက်အပံ့တွေ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအတွက် ကျနော် ဒီ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေအားလုံး ကိုယ်စား သူတို့ရဲ့ မိသားစု အားလုံးကိုယ်စား ဒီမိုကရေစီ မြတ်နိုးတဲ့ ပြည်သူပြည်သားများ အားလုံးရဲ့ကိုယ်စား ကျနော် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။”

ကိုမင်းကိုနိုင်ကို ဒီမိုကရေစီဆု ပေးအပ်တဲ့ အခမ်းအနား မတိုင်ခင်မှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ပတ်သက်ပြီး ကိုမင်းကိုနိုင်အပြင်၊ သူနဲ့အတူ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးနဲ့ NED အဖွဲ့ရဲ့ အာရှနဲ့ ကမ္ဘာ့ရေးရာ လုပ်ငန်းများဆိုင်ရာ အကြီးတန်း ညွှန်ကြားရေးမှူး ဘရိုင်ယန် ဂျိုးဇက် (Brian Joseph) တို့က ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ အရင်ထက်စာရင်တိုးတက်မှုတွေ ရှိလာတယ်ဆိုပေမဲ့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ ရတဲ့အဆင့်ကို ရောက်ဖို့တော့ အများကြီး ရှေ့ဆက် ဆောင်ရွက်သွားရဦးမယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

“ကျနော်တို့ နိုင်ငံမှာ ပြောကြစို့ ဆိုရင် ဒီမိုကရေစီ အခင်းအကျင်းနဲ့ ဝေးခဲ့တာ ကျနော်တို့ တသက်ပေါ့။ အဲ့တော့ အခုမှစပြီး ပြောင်းတဲ့အချိန်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ၊ နောက် ပြုပြင်ပြောင်းလဲမှုနဲ့ အဆင်သင့် မဖြစ်သေးတဲ့ institution ပေါ့နော် အဲ့ဒီအခက်အခဲတွေတော့ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော လက်ရှိ နိုင်ငံရဲ့ ထိပ်ပိုင်းတာဝန်ယူထားတဲ့ သူတွေကိုယ်တိုင်က ဒါ ပြုပြင်ပြောင်းလဲမှ ဖြစ်မယ်ဆိုတဲ့ အသိပေါ့နော်။ အဲ့ဒါရှိလာတာဟာ ဒါ တိုးတက်မှုပါ။ နောက်တစ်ခုကတော့ ပုံသဏ္ဍန်အားဖြင့် အာဏာခွဲေ၀ ကျင့်သုံးတဲ့ ပုံသဏ္ဍန်တစ်ခုတော့ ပေါ်ပေါက်လာတယ်။ ဒါပေမဲ့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီတော့ မဟုတ်သေးဘူး။ ကျနော်တို့က စပ်ကူးမတ်ကူး ကာလတစ်ခုထဲမှာ ကျနော်တို့ ရောက်နေတယ်။ အဲ့ဒီအချိန်မှာ ကျနော်တို့ ဒီမိုကရေစီ ရင့်ကျင့်ပြီးသားဖြစ်တဲ့ အမေရိကန်ကို လာပြီးတော့ လေ့လာခွင့်ရတယ်။ ဒီမှာရှိတဲ့ နိုင်ငံတကာ မိသားစုတွေနဲ့ တွေ့ဆုံခွင့်ရတယ်ဆိုတာ ကျနော်တို့နိုင်ငံရဲ့ အခြေအနေတွေကို ပြောပြခွင့်ရတယ်။ နိုင်ငံတကာရဲ့ အကူအညီတွေ အတွေ့အကြုံတွေဟာ ကျနော်တို့အတွက် အင်မတန်မှ အထောက်အကူ ဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ ပိုပြီးတော့ လေးလေးနက်နက် ခံစားမိတယ်ပေါ့။

မနေ့ကကျင်းပတဲ့ အခမ်းအနားကို အမေရိကန်နိုင်ငံရေးမှာ သြဇာညောင်းတဲ့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain)၊ လွှတ်တော်သဘာပတိဟောင်း နန်စီပလိုးစီ (Nancy Pelosi) နဲ့ နယူးယောက်ပြည်နယ် အောက်လွှတ်တော်အမတ် ဂျိုးဇက်ခရော်လီ (Joseph Crowley) တို့လည်း တက်ရောက် အမှာစကား ပြောခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်း တိုးတက်ပြောင်းလဲမှုတွေဟာ အားရစရာကောင်းတဲ့ တချိန်တည်းမှာ ဒီတိုးတက်မှုတွေဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ဆက်ပြီး ရှိသွားနိုင်ဖို့မှာ ရှေ့ဆက် ဆောင်ရွက်စရာတွေ အများကြီး ရှိနေသေးတဲ့အကြောင်း အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ကပြောသွားပါတယ်။

“ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ရှိနေပေမဲ့ မြန်မာအစိုးရအနေနဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေကို သန္ဓိဌာန် ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွေ ရှေ့ဆက်နိုင်ဖို့ ဒါဟာ သိပ်ကို အရေးကြီးပါတယ်။ ဥပမာ - မြန်ဆန်ပြီး ရလဒ်ကောင်းတွေရှိတဲ့ ဆောင်ရွက်ချက်တွေ မြင်ရဖို့ အရေးကြီးပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့လိုသလို၊ မြန်မာနိုင်ငံထဲမှာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးရုံး ဖွင့်ပေးသင့်တာ ကြာပါပြီ။ ဒီကုလသမဂ္ဂရုံးအနေနဲ့ မြန်မာနိုင်ငံထဲက ပဋိပက္ခဒေသတွေမှာ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်စစ်ဆေးနိုင်သလို၊ တရားဥပဒေပိုင်းဆိုင်ရာ ကိစ္စတွေမှာ အစိုးရကို အကြံဉာဏ်တွေ ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လမ်းကြောင်းပေါ်မှာ ဆက်ပြီးသွားနိုင်ဖို့ အများကြီး ဆက်လုပ်ရပါဦးမယ်။”

လွှတ်တော်သဘာပတိဟောင်း နန်စီပလိုစီ (Nancy Pelosi) ကလည်း မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို ကမ္ဘာကြီးက မေ့မထားခဲ့ပါဘူးလို့ ပြောသွားပါတယ်။

“ဒီအကျဉ်းသားတွေရဲ့ နံမည်ကို လူတွေက မေ့လိုက်ကြပြီလို့ ရှင်တို့ထင်ရင်တော့ ကျမကို ဒီကိစ္စပြောဖို့ မစဉ်းစားပါနဲ့တော့။ မှားပါလိမ့်မယ်။ သူတို့ကို ဘယ်တော့မှ မေ့ပစ်လိုက်မှာမဟုတ်ပါဘူး။ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူတို့ကို အမှတ်ရနေမှာပါ။ ဒါကို ပြသဖို့အတွက်လည်း ခုလို ဂုဏ်ပြုပွဲတွေ ဖြစ်လာရတာပါ။”

အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီ (Joseph Corwley) ကလည်း ဖိနှိပ်မှုတွေ ဘယ်လောက်ပဲလုပ်လုပ် ပြည်သူတွေရဲ့ လွတ်လပ်ချင်တဲ့ဆန္ဒကို ပိတ်ပင်ထားလို့ မရတဲ့အတိုင်း၊ အခု မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေ ဖြစ်လာခဲ့ပြီလို့ ပြောသွားပါတယ်။

မနေ့က အခမ်းအနားမှာ NED အဖွဲ့ ဥက္ကဋ္ဌ ကား ဂရက်ရှ်မန်း (Carl Gershman) ကလည်း မြန်မာနိုင်ငံရဲ့ တိုးတက်မှုဟာ ခေတ်သစ် ဒီမိုကရေစီရဲ့အောင်မြင်မှုတွေကို ပြောတဲ့အခါ သိပ်ကိုကောင်းတဲ့နာမူနာတခုဖြစ်တယ်လို့ ဆိုပြီးတော့၊ ဒီတိုးတက်မှုတွေ ရှေ့ဆက်ခိုင်မာဖို့ကတော့ လုပ်ဆောင်စရာတွေ အများကြီး ရှိနေတုန်းပဲလို့ ပြောသွားပါတယ်။

NED အဖွဲ့ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပေါင်းများစွာကို နှစ်ပေါင်းများစွာ အကူအညီ အထောက်အပံ့တွေ ပေးလာခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံက လူမှုနယ်ပယ်အသီးအသီးမှာ တက်ကြွလှုပ်ရှားသူ ၅ ဦးကို ပထမဆုံးအကြိမ်အဖြစ် NED အဖွဲ့ရဲ့ နှစ်ပတ်လည် ဒီမိုကရေစီဆုကို ချီးမြင့်ခဲ့တာဖြစ်ပါတယ်။ ဒီအထဲမှာတော့ အခု ကိုမင်းကိုနိုင် နဲ့အတူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ကြိုးပမ်းလှုပ်ရှားခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ထိုင်းမြန်မာနယ်စပ်မှာ ကျန်းမာရေး ပြုစုစောင့်ရှောက်ရေးလုပ်ငန်းတွေ စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ ဒေါက်တာစင်သီယာမောင်၊ မြန်မာနိုင်ငံတွင်း ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ နဲ့ ဝါရှင်တန်အခြေစိုက် US Campaign for Burma အဖွဲ့ ညွှန်ကြားရေးမှူးဟောင်း ဦးအောင်ဒင်တို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၀ ရက်နေ့မှာပြုလုပ်တဲ့ ဒီဆုပေးပွဲအခမ်းအနားကို အဲဒီအချိန်က အမေရိကန် ပြည်ထောင်စုကို အလည်အပတ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ဂုဏ်ပြုခဲ့ပါသေးတယ်။
XS
SM
MD
LG