သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ ပြင်ဆင်ရေး NLD နှင့် ၈၈ အဖွဲ့ ပူးတွဲ ကြိုးပမ်းသွားမည်


၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင် အား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ရှင်းလင်းဟောပြောပွဲမှာ တွေ့ရစဉ်။
၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင် အား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ရှင်းလင်းဟောပြောပွဲမှာ တွေ့ရစဉ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး NLD နဲ့ ပူးတွဲလှုပ်ရှားနေတဲ့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ရှေ့နှစ်ရွေးကောက်ပွဲ မတိုင်မီ အဓိကကျတဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။ လွှတ်တော်တွင်းမှာ လတ်တလော ပြင်ဆင်ဖို့ ကြိုးစားမှုတွေကို ဖိအားပေးဖို့ လူထုထောက်ခံမှုရအောင် ကြိုးစားနေတဲ့ ၈၈ မျိုးဆက်တွေရဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲတွေအတွင်းပြောဆိုချက်တွေဟာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ ရွေးကောက်ပွဲကော်မရှင်က သတိပေးထုတ်ပြန်ခဲ့ပေမယ့် သူရဲ့မိန့်ခွန်းတွေထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်တွင်းမှာပဲ ကြိုးစားသွားမှာဖြစ်တယ်လို့ ဥပဒေနဲ့အညီ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တဲ့အကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။


“ကျနော်တို့က ခြုံပြီးတော့ သုံးသပ်မယ်ဆိုလို့ရှိရင် အရေးပါတဲ့ကျောရိုးတွေ ရှိတယ်။ အဲဒါက ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ မိန့်ခွန်းထဲမှာလည်းပဲ ၄၃၆ ပြင်ဆင်ရေးကို လွှတ်တော်ထဲကနေပြီးတော့ပဲ ပြင်ဆင်ဖို့ဆိုတာကို သူပြောသွားတယ်။ ဒါက ပြင်ဆင်ပုံ ပြင်ဆင်နည်း၊ ဘယ်လို ပြင်ဆင်မလဲဆိုတာနဲ့ ပတ်သက်လို့ တိကျတဲ့ သူ့ရဲ့မှတ်ချက်ပဲလို့ ကျနော်က မြင်တယ်။ တပ်မတော်အနေနဲ့လည်း နိုင်ငံသား မဲဆန္ဒရှင်တွေအားလုံးက ပြင်ချင်တာတောင်မှ ပြင်လို့ မရဘူးဆိုတဲ့ အခြေအနေကို ဖန်တီးထားတာဟာ အရင်တာဝန်ရှိတဲ့သူတွေက သူတို့ရဲ့ စိုးရိမ်ကြောင့်ကျမှုတွေအပေါ်မှာ မူတည်ပြီးတော့ ဒီလို ပိတ်ပင်ထားတာ ဖြစ်နေတယ်။”

ပုဒ်မ (၄၃၆) ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံသားမဲဆန္ဒရှင်တွေ ပြင်ဆင်ချင်တာတောင်မှ မပြင်နိုင်အောင် ထိန်းချုပ်ထားတဲ့ ပုဒ်မဖြစ်နေတာပါ။ ဒါကိုလည်း ရေးဆွဲခဲ့တဲ့အရင်စစ်အစိုးရက ဖန်တီးထားတာဖြစ်တယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။ ဒီပုဒ်မကြောင့် နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နေပြီး နိုင်ငံတော် ဂုဏ်သိက္ခာရှိလာအောင် ဒီပုဒ်မကိုပြင်ဆင်ဖို့ စစ်တပ်အပါအဝင် အားလုံးပူးပေါင်းပြီး ကြိုးစားရမှာဖြစ်တယ်လို့ ဦးကိုကိုကြီးက ဆိုပါတယ်။

“ရရှိတဲ့လက်မှတ်တွေအားလုံးကို စုဆောင်းတဲ့နေရာမှာလည်းပဲ စာပေ၊ အနုပညာနယ်ပယ်ဆိုတဲ့ ပုဂ္ဂိုလ်များကလည်း သူတို့ရဲ့စိတ်ဆန္ဒအလျှောက် ပူးပေါင်းပါဝင်တယ်။ အရေးကြီးတာက ကျနော်တို့က တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ ရှိပါတယ်။ ဥပမာအားဖြင့် UNA တိုင်းရင်းသား မဟာမိတ်အဖွဲ့တို့၊ နောက် အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့- NCCT တို့၊ KNU အဖွဲ့က လာတုန်းကလည်း ဆရာမကြီး နော်စီဖိုးရာစိန်တို့၊ အားလုံးနဲ့ ၄၃၆ ကိစ္စကို ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းထားတာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လက်မှတ်ကောက်ယူတဲ့အခါမှာ အထူးသဖြင့်တော့ ကျနော်တို့က နယ်ပယ်အသီးသီး၊ တိုင်းရင်းသားဒေသတွေက တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ အားလုံးပါ ပူးပေါင်းပါဝင်ဖို့ ကျနော်တို့ ဖိတ်ခေါ်သွားမှာပါ။ ကြိုးစားသွားမှာပါ။”

လွှတ်တော်တွင်းမှာလည်း ဖွဲ့စည်းပုံပြန်လည်သုံးသပ်ရေး ပြင်ဆင်ရေးကော်မတီက ပုဒ်မ (၄၃၆) ကိုပြင်ဖို့ သဘောထားထုတ်ပြန်ထားပြီးသားဖြစ်ပေမယ့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် မိမိတို့ရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြဖို့ လိုအပ်နေတယ်လို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။

“လွှတ်တော် ကိုယ်စားလှယ်များအပိုင်းက ကျနော်တို့ ဆန္ဒဖော်ထုတ်သလိုမျိုး သူတို့လည်း ဖော်ထုတ်ခွင့်ရှိတယ်။ သို့သော် ပွင့်ပွင့်လင်းလင်းတော့ လူသိရှင်ကြား ဖော်ထုတ်ဖို့ လိုတယ်။ လက်ခံတယ်၊ လက်မခံဘူး၊ နောက်တစ်ခုကလည်း ကျနော်တို့က ဖွဲ့စည်းပုံ ပြင်ဆင်ရေးလို့ ပြောနေတဲ့အခါမှာ၂၀၁၅ မတိုင်ခင် သက်သက် မဟုတ်ဘူး။ ၂၀၁၅ အလွန်မှာလည်း နိုင်ငံတော်ရဲ့လိုအပ်ချက်အရ ကျနော်တို့က ဆက်ပြီး ကြိုးစားနေရမှာပဲ။ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာဟာ လုပ်ငန်းစဉ်ကြီးဖြစ်တယ်။ တနေ့တည်း တထိုင်တည်း ပြီးသွားမယ့် ကိစ္စမဟုတ်ဘူး။ သို့သော် ၂၀၁၅ မတိုင်ခင်မှာ ၄၃၆ ဟာဖြင့်ရင် အင်မတန် အရုပ်ဆိုး၊ အကျည်းတန်တဲ့ ပုဒ်မဖြစ်နေတဲ့အတွက်ကြောင့် ဒီပုဒ်မကို ဦးစားပေးပြီးတော့ ပြင်ပါ၊ ပြီးလို့ရှိရင် ကျနော်တို့ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို တတ်နိုင်သလောက် ၂၀၁၅ မတိုင်ခင်မှာ ပြင်ဆင်သွားဖို့ ကြိုးစားပါ ဆိုတာကို ကျနော်တို့ရဲ့ အမြင်သဘောထားကို တင်ပြတာပဲ ဖြစ်ပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးကို ၈၈ မျိုးဆက်ခေါင်းဆောင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး လူထု ဟောပြောပွဲ၊ လက်မှတ်ထိုးဆန္ဒပြုပွဲတွေကို တိုင်းနဲ့ပြည်နယ်အနှံ့ ကျင်းပနေပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ ဟင်္သတမြို့တွေမှာ ကျင်းပခဲ့ပြီး မေလ (၂၈) ရက်နေ့မှာ ကရင်ပြည်နယ် ဖားအံမြို့မှာကျင်းပဖို့ရှိပါတယ်။
XS
SM
MD
LG