သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ခေါင်းဆောင်တွေ နော်ဝေးရောက် မြန်မာမိသားစုနဲ့တွေ့


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်။
မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြား ဖြစ်ပေါ်နေတဲ့ ပြဿနာကို အမျိုးသားရေးကိစ္စလို သဘောထားပြီး ဝိုင်းဝန်း ဖြေရှင်းကြဖို့ နော်ဝေနိုင်ငံမှာ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့ချင်းစီနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတာမှာ၊ တိုင်းရင်းသားတွေအနေနဲ့ စည်းစည်းလုံးလုံး လက်တွဲဖြေရှင်းဖို့ကို ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က ပြောဆိုခဲ့ တာပါ။ နော်ဝေးနိုင်ငံ အော်စလို မြို့မှာ ရှိနေကြတဲ့ မြန်မာမိသားစုအသိုင်းအဝိုင်းနဲ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက တွေ့ဆုံချိန် အဲ့ဒီလို ပြောဆိုခဲ့တာဖြစ်တဲ့အကြောင်း ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကိုထက်အောင်ကျော် က ဗွီအိုအေ ကို အခုလို ပြောပြပါတယ်။

“အခု မြန်မာပြည်နိုင်ငံရေးမှာ ကွင်းသုံးကွင်း ရှိတယ်ပေါ့ဗျာ။ ၂၀၁၀ ကွင်းကတော့ သူတို့ မကွဲဘူးပေါ့။ လက်ရှိ အနိုင်ရနေတဲ့သူတွေကပဲ ယူသွားတယ်ပေါ့လေ။ ကြားဖြတ်ရွေးကောက်ပွဲ ဆိုတာလည်း နည်းနည်းပဲရတော့ လက်ရှိ လွှတ်တော်ကတော့ သိပ် အလုပ် လုပ်လို့မရဘူးပေါ့။ ဒါပေမဲ့ ကျန်တာ နှစ်ကွင်းရှိတယ်တဲ့ သူပြောတာက။ အဲဒါကတော့ အခုလောလောဆယ်တကွင်းက ငြိမ်းချမ်းရေး ပြဿနာ။ အဲဒီမှာ အခု တိုင်းရင်းသားတွေ အားလုံးက ဆွေးနွေးတဲ့အခါမှာ စည်းစည်းလုံးလုံးနဲ့ပေါ့ဗျာ။ လက်သီးကိုဆုပ်ပြီးတော့ ဆွေးနွေးပါ။ လက်တချောင်းချင်းကို ဆွဲဆန့်တာမခံရပါစေနဲ့၊ ဆိုပြီးတော့ သူက အဲဒီလိုပြောသွားတယ်။ ဆိုလိုတာ ဒီ တိုင်းရင်းသား ပြဿနာ၊ ပြည်တွင်းစစ်ပြဿနာကို တဖွဲ့ချင်း ပြဿနာရယ်လို့ မလုပ်ဘဲ တမျိုးသားရေး ပြဿနာ၊ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ပြဿနာဖြစ်အောင် ဆွေးနွေးတင်ပြဖို့လိုတယ်ပေါ့။ ဥပမာ၊ သူက ဧရာဝတီမြစ်ဆုံဆည် ကိစ္စကို ပြောသွားတယ်ဗျ။ ဒါ မြစ်ဆုံက မြစ်ကြီးနားမှာဖြစ်တဲ့ ကိစ္စပေါ့၊ တကယ်လို့ အဲဒီလို သဘောထားမယ်ဆိုရင် ဘာမှဖြစ်မလာဘူးပေါ့လေ။ ဒါပေမဲ့ အမျိုးသားရေးအနေနဲ့ လုပ်လိုက်တဲ့အခါကျတော့ သမ္မတကိုယ်တိုင်က သူသက်တမ်းငါးနှစ်မှာ မလုပ်ဘူးဆိုတဲ့ဟာမျိုး လုပ်ပေးလိုက်တယ်ပေါ့လေ။ ဒါက အောင်မြင်တဲ့ဟာပေါ့။ ပြည်တွင်း စစ်ပြဿနာ၊ တိုင်းရင်းသားပြဿနာ၊ ငြိမ်းချမ်းရေး ပြဿနာကို အမျိုးသားရေးအနေနဲ့ တင်ပြဖို့လိုတယ်။ အဲဒါဆိုရင် ဒီ ဒီမိုကရေစီမိသားစုတွေက နိုင်မယ်ပေါ့လေ။”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချို ဟာ ၄ ရက်ကြာ နော်ဝေနိုင်ငံ ခရီးစဉ်အတွင်း - တတိယမြောက်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့ကတော့ အော်စလိုမြို့မှာ နေထိုင် တဲ့ မြန်မာမိသားစု အသိုင်းအဝိုင်းနဲ့ ၃ နာရီကြာ တွေ့ဆုံခဲ့ပြီး၊ လက်ရှိ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေအပြင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ အခန်းကဏ္ဍတွေကို အပြန်အလှန် မေးမြန်း ဆွေးနွေးပြောဆို ဖြစ်ခဲ့တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုပြုံးချို က ပြောပါတယ်။

“နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုဖြစ်စဉ်မှာ ဘယ်နိုင်ငံတွေကိုပဲ ရောက်နေရောက်နေ၊ အကုန်လုံးက ဒီနိုင်ငံသားတွေ ဖြစ်ကြတဲ့အတွက် အတူတကွ ပူးပေါင်း ပါဝင်ရေးနဲ့ လုပ်ပိုင်ခွင့်တွေ ပိုမို ချဲ့ထွင်နိုင်အောင် ဝိုင်းပြီး စဉ်းစားကြဖို့၊ တတ်နိုင်သလောက် အကြံဉာဏ်တွေ ပြုကြဖို့ သူတို့ရဲ့ အဓိက သိချင်တဲ့ အခြေအနေတွေက နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်မှာ ကျနော်တို့ ဘယ်အခန်းကဏ္ဍကနေ ဆက်လက်ပြီးတော့ ပါဝင်မလဲ ဆိုတာရယ်၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကာလဖြတ်သန်းမှု အခြေအနေတွေမှာ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်ဖို့ ပြင်ဆင်ထားသလဲ ဆိုတာတွေလည်း မေးကြတယ်။ အကုန်လုံး ကတော့ နိုင်ငံကို ချစ်စိတ်တွေရှိကြတယ်။ နောက်ပြီးတော့ ဒီနိုင်ငံ ပြုပြင် ပြောင်းလဲရေးမှာလည်း ကိုယ့်နိုင်ငံကို သူတို့ရောက်ရှိနေတဲ့ နိုင်ငံတွေလိုပဲ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှုတွေကို မြင်ချင်ကြ တယ်။ အဲဒီအပြင်ကို တတ်နိုင်သလောက် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ဖို့အတွက် သူတို့တွေအတွက် ရည်မှန်းထားတာတွေ ရှိတယ်။ အခြေအနေကောင်းတွေကို ဖန်တီးဖို့အတွက် ကျနော်တို့တွေ အများကြီး ပူးပေါင်းဆောင်ရွက် ရမယ်ဆိုတာကတော့ တထပ်တည်းကျပါတယ်။”

ဒီအခမ်းအနားကို ပရိသတ် ၁၀၀ လောက် တက်ရောက်ခဲ့ပြီး၊ ရင်းရင်းနှီးနှီးနဲ့ ကျေနပ်အားရမှု ရှိတယ်လို့ အော်စလို မြန်မာအသိုင်းအဝိုင်းက ပြောကြပါတယ်။ ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ အရင်လို တိုက်ရခိုက်ရမယ့် အနေအထားမျိုး မဟုတ်တော့ဘဲ၊ ထောက်ပြဝေဖန်မှုနဲ့ နိုင်ငံတည်ဆောက်ရမယ့်အချိန် ဖြစ်တာကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း အတတ်ပညာအရ တဖက်တလမ်းကနေ ဝိုင်းဝန်းကူညီကြဖို့ကိုလည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက တိုက်တွန်းသွားခဲ့ပါတယ်။

နော်ဝေနိုင်ငံခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ တနင်္လာနေ့ကျရင်တော့ မနက်ပိုင်းမှာ နော်ဝေးနိုင်ငံခြားရေး ဝန်ကြီးဌာနက အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံ မှာဖြစ်ပြီး၊ နေ့ခင်းပိုင်းမှာ အော်စလိုတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပြီး အဲ့နောက်တော့ နော်ဝေအခြေစိုက် အရပ်သား လူမှုအဖွဲ့အစည်းတွေနဲ့ လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံတဲ့ အခါကျရင်တော့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ နော်ဝေနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေကို ဆွေးနွေးဖြစ်လိမ့်မယ်လို့လည်း ကိုပြုံးချို က ပြောဆိုခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နဲ့ ကိုပြုံးချို ဟာ နော်ဝေနိုင်ငံ ထရွန်ဟိုင်းမြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ကျောင်းသားများ ငြိမ်းချမ်းရေး ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်တုန်းက ကိုမင်းကိုနိုင် ကို ပေးအပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆုကို ဒီ ၂၀၁၃ ခုနှစ်မှာ ကိုယ်တိုင် လက်ခံ ရယူခဲ့တာဖြစ်ပါတယ်။

နော်ဝေနိုင်ငံ ခရီးစဉ်ပြီးရင်တော့ အင်္ဂါနေ့မှာ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး၊ အဲ့ဒီနောက် ဒိန်းမတ်နိုင်ငံကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ အဲ့ဒီခရီးစဉ်တွေအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ ဒိန်းမတ်ပါလီမန်အဖွဲ့ အပါအဝင် မြန်မာ မိသားစုအသိုင်းအဝိုင်းတွေ လည်း တွေ့ဆုံသွားဖို့ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG