သုံးရလွယ်ကူစေသည့် Link များ

ကိုမင်းကိုနိုင် အော်စလိုတက္ကသိုလ်မှာ ဟောပြောမည်


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်။
နော်ဝေးနိုင်ငံက ကျောင်းသားတွေရဲ့ ညီညွတ်မှု၊ သူတို့ရဲ့စုပေါင်း စွမ်းအားနဲ့ လုပ်ကိုင်နိုင်စွမ်းရည်တွေကို အားကျမိတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။ နော်ဝေနိုင်ငံကို ရောက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ ဟာ ထရွန်ဟိုင်း (Trondheim) မြို့ကနေ အော်စလိုမြို့ကို ရောက်ရှိနေပြီး အော်စလို တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ တွေ့ဆုံ ဟောပြောမှာဖြစ်သလို နော်ဝေးရောက် မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ နော်ဝေး စံတော်ချိန် မနက် ၁၀ နာရီခွဲမှာ အော်စလိုလေဆိပ်ကိုအရောက် ကိုမင်းကိုနိုင်ကို ဒေါ်ခင်မျိုးသက် က ဆက်သွယ်မေးမြန်းတဲ့အခါ ကိုမင်းကိုနိုင်က အခုလို စပြောပါတယ်။

“ကျနော် ဒီမှာ နိုင်ငံခြားရေးဌာနက ပုဂ္ဂိုလ်တွေနဲ့ တွေ့မယ်။ နောက်ပြီးတော့ နော်ဝေရဲ့ Telecommunication ကုမ္ပဏီတချို့က ကိုယ်စားလှယ်တချို့နဲ့လည်း တွေ့မယ်။ ဒီမှာရှိတဲ့ ကျောင်းသားတွေနဲ့တွေ့မယ်။ ကျောင်းသား ဆိုတာ မြန်မာကျောင်းသားတွေလည်း ပါမယ်။ အော်စလိုက တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ ကျနော်တို့ တွေ့ဖို့ရှိပါတယ်။”

အဲဒီတော့ တက္ကသိုလ်မှာ စကားပြောဖို့ရော ရှိသေးလားလား ကိုမင်းကိုနိုင်။

“ဟုတ်ကဲ့ခင်ဗျ။ ရှိပါတယ်၊ ရှိပါတယ်။ ကျနော် မိနစ်လေးဆယ် စာလောက်တော့ ပြောရပါလိမ့်မယ်။ သူတို့ တောင်းဆိုထားတာ ရှိပါတယ်။”

နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့တာ ဘယ်အချိန်လောက် တွေ့မလဲ။

“မနက်ဖြန် ကျနော်တို့ တွေ့မှာပါ။”

Telecommunication က လူတွေနဲ့ တွေ့မယ်ဆိုတာကရော ဘာကိစ္စပါလဲ။

“အဲဒါကတော့ဗျာ ကျနော်တို့ မြန်မာပြည်မှာ နောက်ဆုံးပေါ့ဗျာ။ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ သူတို့လည်း သိချင်တာတွေ ရှိမှာပေါ့။ ကျနော်တို့လည်း လက်ရှိအခြေအနေတွေကို သူတို့ကို ပြောပြရမှာပေါ့။ ပြီးတော့ သူတို့ဆီက သူတို့ပေးချင်တဲ့ သတင်းစကားကိုလည်း နားထောင်ရမှာပေါ့ဗျာ။”

နော်ဝေနိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးမှာ အထူး ကြိုးစားခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီနိုင်ငံကို ရောက်နေတဲ့အချိန်မှာ နော်ဝေအစိုးရကိုရော ဘာများပြောချင်ပါလဲ။

“အခုကတော့ ကျနော်တို့က ထရွန်ဟိုင်းမြို့မှာ တက်ခဲ့တဲ့ ကျောင်းသား ငြိမ်းချမ်းရေး ညီလာခံကိုတော့ အားအရဆုံးပဲဗျာ။ နိုင်ငံပေါင်း ၁၁၆ နိုင်ငံက ကျောင်းသားတွေ တော်တော်အင်အား များပါတယ်။ ၅၀၀ လောက်ရှိမယ် ဆုံကြတာ။ အဲဒီမှာ စီတန်းပြီးတော့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ပွဲတွေလိုဟာမျိုး။ ဆိုလိုတာက နိုင်ငံတကာ ကျောင်းသားတွေရဲ့ ပေါင်းစည်းညီညွတ်မှုအားနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကြိုးစားတာကို ကျနော် ပိုပြီးတော့ အားရပါတယ်။ ကျန်တဲ့ကိစ္စတွေ ကတော့ဗျာ၊ နိုင်ငံရေး အကြောင်းအရာတွေ ကတော့ အမြဲ ပြောနေဆိုနေကြတဲ့ အကြောင်းအရာတွေ ဆိုတော့ သိပ်ပြီးတော့ မထူးပါဘူး။ ကျနော် ၀မ်းသာအားရတာ ကျောင်းသားတွေရဲ့ ညီညွတ်ရေးရယ်၊ သူတို့ရဲ့ စုပေါင်း စွမ်းအားတွေ တော်တော်ကောင်းတာပဲဗျ။ အဲဒါကို တော်တော်အားရမိတယ်။”

မြန်မာနိုင်ငံက ကျောင်းသားတွေလည်း နော်ဝေမှာ အများကြီး ရှိပါတယ်။ ဒီကျောင်းသားတွေရော၊ နောက်ပြီးတော့ မြန်မာလူထုလည်း ၅,၀၀၀ လောက် ရှိပါတယ်။ သူတို့ကိုရော….

“နှစ်နေရာခွဲပြီးတော့ တွေ့မှာပါ။ ထရန်ဟိုင်းမှာ တပွဲ တွေ့ပြီးပါပြီ။ အဲဒါ နီးစပ်ရာမြို့တွေက အားလုံးလိုလို လာကြပါတယ်။ အခု ဒီမှာလည်း အော်စလိုမှာလည်း တခါ တွေ့မှာပါ။ မြန်မာအစုအဖွဲ့ အသီးသီးက ကျနော် ခုပဲတွေ့တယ်။ ကယားအမျိုးသမီးတွေရော၊ ကျနော်တို့ တိုင်းရင်းသားဝတ်စုံတွေနဲ့ လာပြီး နှုတ်ဆက်တာတွေ တွေ့ပါတယ်။ ကျနော်တို့ တွေ့ကြမှာပါ။ ကျနော်တို့ ဝေးကွာနေတဲ့ မိသားစုတွေ ပြန်တွေ့ကြတဲ့ အထိမ်းအမှတ်ပါ။ ကျနော်တို့ နွေးနွေးထွေးထွေးနဲ့ ကြိုတာကို တွေ့ရပါတယ်။ ကျနော် အားရ၀မ်းသာရှိပါတယ်။”

ဘာများ အထူး ပြောချင်ပါသေးလဲ ကိုမင်းကိုနိုင်။


“အထူးသဖြင့်ကတော့ဗျာ။ ကျနော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ အင်မတန် အားပေးခဲ့တဲ့နိုင်ငံ၊ အေးချမ်းပြီးတော့ တကယ်ကို ငြိမ်းချမ်းတဲ့တိုင်းပြည်တပြည်က နွေးထွေးတဲ့ ဆက်ဆံမှုတွေကို ကျနော်တို့ ရတယ်။ ပြီးတော့ သူတို့က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အင်မတန် ဂရုစိုက်တယ်။ သူတို့စွမ်းအားရှိသမျှ စနစ်တကျ ပြင်ဆင်ပြီးတော့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကူညီတယ်ပေါ့ဗျာ။ အဲဒါတွေ အကုန်လုံးကို အသိအမှတ် ပြုရပါလိမ့်မယ်။”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ ဟာ တနင်္လာနေ့မှာ နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို အင်္ဂါနေ့မှာတော့ ပြင်သစ်ကိုသွားရောက်မှာဖြစ်ပါတယ်။ နောက် ပြင်သစ်ကနေ ဒိန်းမတ်ကို ဆက်သွားမှာဖြစ်ပြီး ပြင်သစ်နဲ့ ဒိန်းမတ် နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG