သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ဖို့ မင်းကိုနိုင် တိုက်တွန်း


မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးအတွက် လက်တွေ့ကျတဲ့ အလုပ်တွေ လုပ်ဆောင် ကြဖို့ အချိန် တန်ပြီလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်း လိုက်ပါတယ်။ မနက်ဖြန် အင်္ဂါနေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့၊ ကိုဖုန်းမော်ကွယ်လွန်ခြင်း
၂၄ နှစ်ပြည့်နေ့ အကြိုအဖြစ်နဲ့ ပြည်တွင်း ပြည်ပက တက်ကြွ လှုပ်ရှားသူတွေကို အခုလို ပြောကြား လိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မနက်ဖြန် မတ်လ ၁၃ ရက် နေ့ဟာ မြန်မာ့ လူ့အခွင့်အရေး နေ့လို့ သတ်မှတ် ထားတဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ ၂၄ နှစ်ပြည့်နေ့ဖြစ်ပါတယ်။

အခုလို ထူးခြားတဲ့ နေ့တနေ့မှာ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးအတွက် လက်တွေ့ ကျတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ကြဖို့ ပြည်တွင်း ပြည်ပမှာရှိနေကြတဲ့ လုပ်ဖော် ကိုင်ဖက်တွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်တာပါ။

“ပြည်တွင်းက ကျနော်တို့ လုပ်ဖော် ကိုင်ဖက်တွေ အားလုံးက ပြည်သူလူထု ကြားထဲကို ဆင်းပြီးတော့၊ နယ် အသီးသီးကို သွားပြီးတော့ အဲဒါတွေ လုပ်သင့်ပြီလို့ ကျနော် ယူဆတယ်။ နိုင်ငံတကာ မှာရှိနေတဲ့ ကျနော်တို့ ရဲဘော်တွေ ကျတော့လဲ ဒီထက်ပိုပြီးတော့ ဘာလုပ်နိုင်မလဲပေါ့ဗျာ။ ကျနော် မေးချင်တာက ကျနော်တို့ ပြည်တွင်းမှာ ဒီထက်ပိုပြီး အထောက်အပံ့ ကောင်းအောင်၊ လက်တွေ့ကျတာကို ဘာလုပ် ပေးနိုင်ကြမလဲ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အတွက်ပါ။ ကျနော် ပြောပြသလိုပါပဲ၊ အခမ်းအနားတွေ ကျင်းပရုံနဲ့ မပြီးဘူး ဆိုတာတော့ ကျနော် ထပ်ခါတလဲလဲ တိုက်တွန်းချင်တယ်ဗျာ။ လက်တွေ့ကျတဲ့ အလုပ်ကိုပေါ့။ ဝိုင်းစဉ်းစားကြပါ။ ခေါင်းတွေ ပေါင်းပြီးတော့ စဉ်းစားလိုက်လို့ ရှိရင်တော့ လက်တွေ့ကျတဲ့ အလုပ်တွေ ထွက်လာပါလိမ့်မယ်။”

မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တဲ့ အာဏာရှင် ဆိုရှယ်လစ် အစိုးရရဲ့ လက်ချက်ကြောင့် ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရတာပါ။ ဒါကြောင့်လည်း ကိုဖုန်းမော်ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ရယ်လို့
၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ စတင် သတ်မှတ်ခဲ့ကြတာ ဖြစ်တယ်လို့လည်း ဖြစ်ပါတယ်။

“ကျနော်တို့က ကိုဖုန်းမော် ကျဆုံး ပြီးတော့ နောက် တနှစ်အကြာမှာ ၁၉၈၉ မတ်လ ၁၃ ရက်မှာ အဲဒီ နိုင်ငံရေး အင်အားစုတွေ အားလုံး ပေါင်းပြီးတော့ တညီတညွှတ်ထဲ ပေါင်းပြီးတော့ ဆုံးဖြတ် ခဲ့တာ ကတော့ အဲဒီ ကိုဖုန်းမော် ကျဆုံးတဲ့နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအိမ်မှာ အဲဒီ အခမ်းတွေ ၇ ရက်၊ တစ်ပတ် ကျင်းပတာပေါ့။ အဲဒါနဲ့ပဲ အပြီးသတ် ကျတော့ ကျနော် အဖမ်းခံရတယ်။ အဲဒီမှာ ၁၆ နှစ် ကြာခဲ့တယ်ပေါ့။ အဲဒီတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ လို့ သတ်မှတ် ပြီးတော့ ကျနော်တို့ တိတိကျကျ လုပ်နိုင်ခဲ့တာ အဲဒီ တနှစ်ပဲ ရှိတယ်။ အခု ၂၃ နှစ်ကြာမှ ပြန်ပြီးတော့ လုပ်ကြရတာ။ လုပ်ကြတဲ့ အခါမှာတော့ ကျနော့် သဘော အရကတော့ အခမ်းအနား ကျင်းပရုံ မကပဲနဲ့ အဲဒီ လူ့အခွင့်အရေးနဲ့ ပတ်သက် တာတွေ ကျနော်တို့ တစ်ပြည်လုံးက သိရှိအောင်၊ အဲဒီ လူ့အခွင့်အရေးကို ကျနော်တို့ နိုင်ငံသား တွေ အားလုံး ခံစား နိုင်ရအောင် အကုန်လုံးက လူထုထဲဆင်းပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ မြင့်တင်မှုတွေ၊ အသိပေးမှုတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အကာကွယ် ပေးမှုတွေကို ဥပဒေ ကြောင်းအရရော၊ ပြည်သူတွေ အကုန်လုံး သိရှိ ခံစားနိုင်အောင်၊ နားလည်နိုင်အောင် အတွက် အင်တိုက် အားတိုက် လုပ်ကြဖို့လိုပြီလို့တော့ ကျနော် ယုံတယ်ဗျာ။”

မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ရယ်လို့ သတ်မှတ် ခဲ့ကြပေမယ့်လည်း စစ်အစိုးရ လက်ထက် ဖမ်းဆီး ထိန်းချုပ်မှု တွေကြောင့် မြန်မာနိုင်ငံ အတွင်းမှာ လူ့အခွင့်အရေး နေ့ရယ်လို့ တရားဝင် ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။ ပြည်ပမှာ ရောက်နေကြတဲ့ ရဲဘော် ရဲဘက် တွေကပဲ စုပေါင်းပြီးတော့ ကျင်းပကြတာ ရှိပါတယ်။

လက်ရှိမှာတော့ အစိုးရ အပြောင်းအလဲ ဖြစ်လာတာနဲ့အတူ အတိုင်းအတာ တခုအထိ နိုင်ငံရေး လှုပ်ရှားခွင့် တွေလည်း ရနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရင်က ထောင်က ပြန်လွှတ် လာတာနဲ့ အခုတကြိမ် ထောင်က ပြန်လွှတ်လာတဲ့ အခြေအနေတွေ သိသိသာသာ ကွာခြားနေတာကို တွေ့ရတယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

“အရင်တခေါက်နဲ့စာရင် လုပ်သာ ကိုင်သာရှိတယ်။ လူထုရဲ့ နိုင်ငံရေး ရေချိန် တက်လာတာရော၊ စိတ်ဓါတ် အင်အား မြင့်မားလာတာရော၊ အတိုင်းမသိကို ကွာခြားပါတယ်။ တခုပဲရှိတယ်၊ ကျနော်တို့ဖက်က အဲဒီ အခြေအနေတွေကို နံပတ်တစ် - ထိန်းနိုင်ရမယ်။ ပြီးရင် ထပ်မံ တိုးချဲ့နိုင်ရမယ်။ ထိန်းတယ်၊ တိုးချဲ့တယ် ဆိုတဲ့နေရာမှာလည်း ကျနော်တို့ လက်ရှိအစိုးရက နောက်ဆုံး ပြည်သူလူထုကို ပြောထားတဲ့မိန့်ခွန်းက အင်မတန် နူးညံ့ပြီးတော့ နွေးထွေးတဲ့လက်တွေနဲ့ ကမ်းထားတာဆိုတော့ ကျနော်တို့က အဲဒီ ကမ်းတဲ့ လက်ကိုလဲ ခိုင်ခိုင်မာမာ ပြန်ဆုပ်ရမယ့် အနေအထား ဖြစ်တဲ့အတွက်ကြောင့် ဒီမိုကရေစီရေးကို တကယ်လုပ်မယ့် ပြုပြင် ပြောင်းလဲရေးသမား တွေ အားလုံးနဲ့ လက်တွဲတဲ့ နည်းလမ်းကို သွားမှာပါ။

ဟို အောက်ခြေ မှာရှိနေတဲ့ တချို့ တချို့တွေ၊ ဒါကို သမ္မတရဲ့အမိန့်၊ သမ္မတရဲ့ ပြောင်းလဲလာတဲ့ သဘောထားကို မလိုက်နာနိုင်တဲ့ လူတွေနဲ့ကတော့ ကျနော်တို့ ရင်ဆိုင် နိုင်ရမှာပေါ့။ အဲဒီ အားလုံး အတွက်တော့ ကျနော်တို့ ပြင်ဆင် ထားပါတယ်။ ကျနော်တို့ ပြည်သူ လူထုမှာ အဲဒါတွေ ရင်ဆိုင်နိုင်ဖို့ စိတ်ဓါတ် သတ္တိရော၊ ပူးပေါင်း ဆောင်ရွက်ဖို့ ရင့်ကျက်တဲ့ စိတ်ဓါတ် အခြေခံ တွေရော ကျနော်တို့ နေရာတကာမှာ လှည့်ပြီးတော့ လျှောက်ကြည့် တဲ့အခါမှာ အားရစရာ ကောင်းလောက်အောင် တုန့်ပြန်မှုတွေ တွေ့ပါတယ်။ ကျနော်တို့ အားရပါတယ်။ အဲဒီတော့ ရှေ့ဆက်ရမယ့် ခရီးအတွက် ကတော့ ပြည်သူ လူထုနဲ့အတူ လက်တွဲ ပြီးတော့ သွားနိုင်ပါလိမ့်မယ်။”

ကိုဖုန်းမော်နေ့ဟာ ခေတ်သစ် မြန်မာနိုင်ငံ သမိုင်းမှာ ထင်ရှားတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက် လာအောင်၊ မြန်မာနိုင်ငံကို ၂၆ နှစ်တာ အုပ်ချုပ်လာခဲ့တဲ့ တပါတီ အာဏာရှင်စံနစ် ပြုတ်ကျအောင် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာအောင် အစပျိုးပေးခဲ့တဲ့ နေ့ဖြစ်ပါတယ်။

ကိုဖုန်းမော်နေ့ အထိမ်းအမှတ် အဖြစ်နဲ့ ပြည်ပမှာ ရောက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေ အတွက်လည်း ကိုမင်းကိုနိုင်က ၈၈ မျိုးဆက် ကျောင်းသားများကိုယ်စား Youtube က တဆင့် အင်တာနက်မှာ ရုပ်သံဖိုင် ပေးပို့ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG