သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက်မြန်မာတွေ အမိမြေကူညီဖို့ မင်းကိုနိုင်တိုက်တွန်း


မေရီလန်းပြည်နယ် က ဦးမင်းကိုနိုင်ရဲ့ စာပေဟောပြောပွဲမြင်ကွင်း
မေရီလန်းပြည်နယ် က ဦးမင်းကိုနိုင်ရဲ့ စာပေဟောပြောပွဲမြင်ကွင်း

ပြည်တွင်း အကူအညီလိုအပ်နေသူတွေအတွက် ပြည်ပရောက် မြန်မာတွေ ဘယ်လိုအကျိုးပြုနိုင်မလဲ ဆိုတဲ့ သတင်းစကားတွေပေးခြင်းအားဖြင့် အမိဇာတိမြေ လိုအပ်ချက်တွေကို ဝိုင်းဝန်းဖြည့်ဆည်းဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သူရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ် အတွင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဆရာအော်ပီကျယ်နဲ့အတူ အမေရိကန်ပြည်နယ် အနှံ့အပြား စာပေဟောပြောပွဲခရီးစဉ်အဖြစ် မေရီလန်း ပြည်နယ် မှာ စနေနေ့ ညနေပိုင်း ဟောပြောပွဲအစီအစဉ်မတိုင်ခင် ပြည်ပရောက် မြန်မာ မိသားစုတွေအနေနဲ့ မြန်မာနိုင်ငံအတွက် အကျိုးပြုနိုင်ရေးနဲ့ပတ်သက်လို့ ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။

“ဒီမှာက ရောက်နေတဲ့သူတွေက အမျိုးမျိုး အစားစားရှိတယ်ဗျာ။ အမေရိကန်နိုင်ငံသားဖြစ်သွားတဲ့လူ ရှိတယ်။ အစိမ်းရောင်ကဒ် ကိုင်ထားတဲ့လူရှိတယ်။ တခြားတခြားသောအဆင့်တွေနဲ့ နေကြတဲ့ သူတွေလည်း ရှိတာပဲ။ အဲဒီတော့ အကုန်လုံးကို ကျနော်တို့က တခွန်းတည်းနဲ့တူအောင်ပြောလို့ မရဘူး။ ဘာဖြစ်လို့ဆိုတော့ သူတို့မှာ စိတ်စေတနာရှိတယ်၊ လုပ်ပေးနိုင်တဲ့အင်အားကျတော့ အကန့် အသတ်ရှိတယ်။ အဲဒီတော့ ကျနော်တို့ ပြောတာကတော့ ဒီမှာဆွေးနွေးပြီးတိုင်းမှာ အဆုံးသတ်ရင် တိုင်းပြည်ကို အပြီးပြန်လာပါ၊ မပြန်လာပါနဲ့ဆိုတာကို ယတိပြတ်မပြောပါဘူး။ ဘယ်နေရာ ရောက်ရောက် ကိုယ့်ရဲ့မွေးရပ်ဇာတိမြေကို ဘယ်လို အကျိုးပြုနိုင်မလဲဆိုတဲ့ အချက်ကိုသာလျှင် သတင်းစကားပေးပါ။ ဟိုမှာရှိတဲ့ လိုအပ်နေတဲ့လူတွေနဲ့ သိသမျှ ချိတ်ဆက်ပေးမယ်၊ ကျနော်တို့ လည်း လက်တွဲလို့ရသလောက် တွဲမယ်ပေါ့ဗျာ။ အဲဒါကိုပဲ ကျနော် သတင်းစကားပေးပါတယ်။”

ဒါ့အပြင် အရင် စစ်အစိုးရခေတ်က နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် ပြည်ပကို ထွက်ခွာခဲ့ရသူတွေအနေနဲ့ မြန်မာနိုင်ငံကို အခုချိန် ပြန်လာဖို့မှာ အကန့်အသတ်တွေ မရှိသင့်ဘဲ ဂုဏ်သိက္ခာရှိရှိ ချောချောမွေ့မွေ့ ဖြစ်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ဆောင်ရွက်ဖို့ လိုအပ်နေသေး ကြောင်း ကိုမင်းကိုနိုင်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်း ကိုမင်းကိုနိုင်နဲ့ ဆရာအော်ပီကျယ်တို့ နှစ်ဦးရဲ့ စာပေဟောပြောပွဲ ခရီးစဉ်အတွက် ပြည်နယ်အသီးသီးမှာရှိတဲ့ပြည်သူ့ဂုဏ်ရည်အဖွဲ့ခွဲတွေက တာဝန်ယူစီစဉ်ခဲ့တာ ဖြစ်ပြီး ကယ်လီဖိုးနီးယား၊ ဝါရှင်တန်၊ အင်ဒီယားနား၊ ကန်တက်ကီ၊ နယူးရောက်၊ မေရီလန်း အပါ အဝင် ပြည်နယ်ပေါင်း ရှစ်ခုမှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဟောပြောခဲ့ပါတယ်။ ခရီးစဉ် အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေး၊ လူမှုရေး စတာတွေကို တတ်နိုင်သလောက် လေ့လာနိုင်ခဲ့တယ် လို့လည်း ကိုမင်းကိုနိုင်က ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG