သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းပြားလှေမှောက်မှု ၇ ဦးသေဆုံး


စက်လှေတစင်း
စက်လှေတစင်း

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းမှာ ဘုရားဖူးစက်လှေတစင်း တိမ်းမှောက်ခဲ့တာ ကြောင့် အနည်းဆုံး လူ၇ယောက်သေဆုံးပြီး တယောက်ပျောက်ဆုံးနေပါတယ်။ စက်လှေပေါ်လိုက်ပါလာသူ ၆၀ကျော်ရှိပြီး သေဆုံးသူအများစုဟာ ကလေးငယ်တွေဖြစ်ပါတယ်။ ကယ်ဆယ်ရရှိထားသူတွေကို မင်းပြားဆေးရုံမှာ ဆေးကုသပေးထားသလို အစိုးရအာဏာပိုင်တွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက ကူညီစောင့်ရှောက်ထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်တွင်း စက်လှေတိမ်းမှောက်တာဟာ ဒီကနေ့ သင်္ကြန်အကြိုနေ့ မနက်အစောပိုင်းက မင်းပြားနဲ့ ၁၀ မိုင်လောက်အကွာ တောင်ဘုတ်ကေရွာအနီး မေလွမ်း - ကျိန်ချောင်းအသွား မြစ်ပြင်မှာ ဖြစ်ပွားခဲ့တာပါ။

အခင်းဖြစ်ပွားပုံကို မင်းပြားမြို့ ကျိန်းရိပ်ကရုဏာလူမှုကူညီရေးအသင်း အတွင်းရေးမှုး ဦးသိန်းထွန်းက အခုလို ပြောပါတယ်။

“ဖြစ်စဉ်ကတော့ ရခိုင်ပြည်နယ် အန်းမြို့နယ်က ကံဘွေကျေးရွာက သူတို့ မြောက်ဦးတို့ မင်းပြားတို့ဘက်ကို ဘုရားဖူးထွက်လာကြတာ ။ မနက်မိုးလင်းအာရုံတက်အချိန်မှာ သူတို့က ရေဆင်းမှာ ပိုင်းခြားထားတဲ့ ကြိုးကနေပြီးတော့ စက်လှေရဲ့တက်မနဲ့ ငြိမိပြီးတော့ စက်လှေက မှောက်သွားတဲ့ဟာမျိုး။ စက်လှေမှာပါလာတာက လူက ၆၁ ယောက် အဲဒီ ၆၁ ယောက်ထဲမှာ ၈ ယောက်က သေပါတယ်။ ကလေးတွေက များပါတယ်။ ရုပ်အလောင်းကတော့ ၇ လောင်းရပြီ အဲဒါ ၈ တန်းဖြေထားတဲ့ ကျောင်းသူ တယော်ကအလောင်းကတော့ မရသေးဘူး။”

စက်လှေမှောက်ချိန်မှာ အနီးအနားကျေးရွာတွေက သွားရောက်ကယ်ဆယ်ခဲ့သလို မင်းပြားမြို့က အာဏာပိုင်တွေကို အကြောင်းကြားခဲ့တာကြောင့် ရဲ၊ မီးသတ်အပါအဝင် ဒေသခံအာဏာပိုင်၊ နိုင်ငံရေးပါတီနဲ့ လူမှုအဖွဲ့အစည်းတွေက သွားရောက်ကူညီခဲ့ပါတယ်။

လောလောဆည်မှာတော့ ကယ်ဆယ်ထားသူတွေကို မင်းပြားမြို့ခံတွေက စောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။

“အဲဒီလောင်း ၇ လောင်းကတော့ မင်းပြားပြည်သူ့ဆေးရုံကြီးကိုရောက်ပြီ မနက်ကတည်းက။ ကျန်တဲ့လူတွေကိုတော့ အကုန်လုံးကယ်ဆယ်ထားတယ်၊ အခုမင်းပြားမြို့ရဲ့ဓမ္မာရုံအရှေ့မှာသူတို့ကို ဒုက္ခသည်အဖြစ်နဲ့ မြို့ပေါ်က အာဏာပိုင်အဖွဲ့အစည်းနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းအတွေအားလုံးဝိုင်းပြီး ကူညီနေပါတယ်။”

မင်းပြားမြို့နယ် ရဲတပ်ဖွဲ့က ဒုရဲအုပ် ထွန်းငွေအောင်က အခင်းဖြစ်ပွားတာကို အတည်ပြုပြီး စက်လှေမောင်းနှင်သူကို အရေးယူဖို့ ဆောင်ရွက်ထားကြောင်း ပြောပါတယ်။

“၇ ယောက်သေတယ်၊ ၁ ယောက်ကတော့ ပျောက်ဆုံးနေတာပေါ့နော် မိန်းကလေးတယောက်ကတော့ ပျောက်နေတယ် ရှာလို့မတွေ့သေးဘူး လက်ရှိကတော့ ဒဏ်ရာရတဲ့လူတွေ ခေါင်းမူးနေတဲ့လူတွေကို ဆေးရုံတွေဘာတွေပို့ထားတာရှိတယ်။ ပေါ့ဆစွာမောင်းနှင်မှု လူတွေသေဆုံးဒဏ်ရာရမှုနဲ့ မောင်းနှင်တဲ့လူကိုတော့ ကျနေ်ာတို့ အမှုဖွင့်အရေးယူမှာပါ။”

ပြီးခဲ့တဲ့နှစ် ဇွန်လဆန်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် အတွင်း ကျောင်းသူကျောင်းသား တွေ လိုက်ပါလာတဲ့ စက်လှေနစ်မြှပ်ခဲ့ရာမှာ ကျောင်းသူကျောင်းသား ၇ဦးသေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဒေသအတော်များများမှာ ရေလမ်းခရီးကို အဓိက အားထားသွားလာနေရပြီး ခုလို စက်လှေ၊ မော်တော်၊ သင်္ဘောတွေ မကြာခန နစ်မြှပ်တာကြောင့် အစိုးရအနေနဲ့ လမ်းပန်းဆက်သွယ်ရေးကို တိုးချဲ့ ဆောင်ရွက်ဖို့နဲ့ ရေယာဉ်တွေ တိတိကျကျ ကြီးကြပ်ဖို့ လိုအပ်ကြောင်း ဝေဖန်တာတွေရှိခဲ့ပါတယ်။

မင်းပြားလှေမှောက်မှု ၇ ဦးသေဆုံး
please wait

No media source currently available

0:00 0:02:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG