သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းပြားဈေး မီးလောင်


မင်းပြားဈေး မီးလောင်
မင်းပြားဈေး မီးလောင်

ရခိုင်ပြည်နယ် မင်းပြားမြို့က မြို့မဈေးကြီးမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ညက လောင်ခဲ့တဲ့မီးကြောင့် ဈေးထဲကဆိုင်ခန်း အားလုံးနီးပါး မီးထဲပါသွားပါတယ်။ အခုလို ဆုံးရှုံးမှုတွေများခဲ့ရတာဟာ မင်းပြားမြို့ထဲမှာ မီးသတ်ကားမရှိခဲ့လို့ မီးလောင်လောင်ချင်း နိုင်အောင်မငြိမ်းနိုင်ခဲ့တာကြောင့်လို့ မြို့ခံတွေက ပြောကြပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြထားပါတယ်။

နိုဝင်ဘာလ ၁၂ ရက်၊ စနေနေ့ဈေးပိတ်အပြီး ည ၇ နာရီဝန်းကျင်လောက်က စလောင်ခဲ့တဲ့မီးဟာ နောက်တနေ့ တနင်္ဂနွေနေ့ ၁၃ ရက်ကိုအကူး မနက် ၁ နာရီခွဲလောက်မှ မီးညွှန့်စကျိုးတယ်လို့ မင်းပြားမြို့ခံတွေက ပြောပါတယ်။ ပေါ့စမီးလို့ ယူဆရတဲ့ မီးကနေ တဖြည်းဖြည်း များလာခဲ့ပြီးတော့ ၆ နာရီကျော်ကြာ လောင်ခဲ့တဲ့မီးကြောင့် ဆိုင်ခန်းပေါင်း ၆၀၀ ကျော်ရှိတဲ့ ဈေးကြီးအတွင်းမှာ ဆိုင်ခန်း ၅၀၀ ထက်မနည်း မီးထဲပါသွားတယ်လို့ မင်းပြားမြို့ခံတစ်ဦးဖြစ်တဲ့ ဒေါက်တာ တင်မြင့်ဦးက ပြောပါတယ်။

“မီးအညွှန့်သေသွားတာကတော့ ည ၁ နာရီခွဲလောက်မှပဲ သေပါတယ်။ ဆိုင်ခန်းပေါင်း ၆၀၀ ကျော်မှာ ၅၀၀ လောက်ပါသွားတယ်လို့ ပြောပါတယ်။ ဈေးပိတ်အပြီး စားအုန်းဆီတွေကို မီးနွေးတဲ့ကိစ္စကနေပြီးတော့ ပေါ့စမီးပေါ့နော်။ အဲဒီကိစ္စကနေစပြီးတော့ လောင်တာလို့ကြားပါတယ်။ လောင်စာဆီကလည်း တချို့က ဈေးထဲမှာ ထားကြတယ်လေ။ အဲဒီကတဆင့် လောင်တာဆိုတော့ တော်တော် ငြိမ်းသက်ရခက်ပါတယ်။ ဆိုင်ရှင်တွေကတော့ ဘယ်တတ်နိုင်တော့မလဲ။ ဒီအတိုင်း လက်ပိုက်ကြည့်နေရတယ်။ ဘာမှဆွဲထုတ်လို့မှ မရတော့တာလေ။”

အဓိက ကတော့ မင်းပြားမှာရှိတဲ့ မီးသတ်ကားဟာ မီးလောင်ချိန်မှာ နိုးမရဘဲ ဖြစ်နေခဲ့လို့ စည်ပင်က ရေဖျန်းတဲ့ကားတွေနဲ့ ငြိမ်းခဲ့ရသလို အနားက မြောက်ဦးမြို့ကနေလာတဲ့ မီးသတ်ကားတွေကို စောင့်ပြီး မီးသတ်ခဲ့ရတယ်လို့ ပြောပါတယ်။

“မြို့မှာ မီးသတ်ကားကလည်း အဆင်သင့် မရှိဘူး။ မြောက်ဦးကနေ မီးသတ်ကား လာရဖို့အချိန်က ၇ နာရီစတာတောင် ၉ နာရီလောက်မှ ရောက်လာတယ်။ အဲဒီမီးသတ်ကားကို အားကိုးပြီး မီးသတ်ဖို့က တော်တော်ကို ခက်ခဲပါတယ်။ အဲဒါကြောင့် တဈေးလုံး ပါသွားတာ။ ကိုယ့်မှာ မီးသတ်ကားမရှိတဲ့ ပြဿနာ၊ အဲဒါ အဓိက ပြဿနာပဲ။”

အခု မင်းပြားဈေးကြီးဟာ အနီးအနားက ရွာတွေနဲ့ မြို့နယ်တွေကပါ အားထားရတဲ့ ဈေးကြီးဖြစ်သလို အရောင်းအဝယ်ကောင်းတဲ့ဈေး ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ အခုတော့ ဈေးပိတ်ချိန် ညပိုင်းအတွင်းမှာ မီးလောင်ခဲ့တာမို့ ဆိုင်ရှင်တွေဟာ ပစ္စည်းတွေကို ရွှေ့ပြောင်းသယ်ယူခွင့် မရကြတော့သလို မီးကြောင့် ဆုံးရှုံးမှု ပမာဏအတော်များတယ်လို့ ပြောပါတယ်။

“ဒီ မင်းပြားမြို့ကို မှီခိုနေတဲ့ရွာက တမြို့နယ်မကဘူးခင်ဗျ။ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောမြို့နယ် အဲဒီမြို့နယ်တွေက နီးစပ်ရာရွာတွေက မင်းပြားက ကုန်လမ်းရေလမ်းဆုံတဲ့ နေရာမိုလို့ ဒီမြို့ကိုပဲလာပြီး ဈေးဝယ်ကြတယ်လေ။ ဒီမြို့က ရောင်းဝယ်ဖောင်ကားမှု စီးပွားရေး လမ်းဖြောင့်တယ်ပေါ့နော်။ အဲဒီလို ရောင်းဝယ်ဖောင်ကားမှု အရမ်းကောင်းတဲ့နေရာပါ။ ပြီးတော့ ဒီဆိုင်ခန်းတွေ ပြန်ပြီး သူတို့လည်ပတ်ဖို့ဆိုတာ မလွယ်တော့ဘူး။ ကျနော်တို့အိမ် ခေါင်းရင်းက အန်တီကြီးဆိုရင် သူ တသက်လုံးလုပ်လာတဲ့ ပစ္စည်းတွေ သိန်း နှစ်ထောင်ဖိုးလောက် ရှိတယ်တဲ့။ အထည်ဆိုင်က။ အိမ်ထဲမှာ ဘာမှမထားဘူး၊ ဈေးထဲမှာပဲ ထားတာလေ။ ဆိုင်ခန်း သုံးခန်းတွဲ။ အခု သူ့ဘဝမှာသွားပြီ တသက်လုံးစုဆောင်းလာခဲ့တာတွေ။ အဲဒီလို လူမျိုးတွေ အများကြီးပဲဗျ။ သုံးပုံတစ်ပုံတောင် ပြန်ပြီး ရင်းနှီးနိုင်တော့မယ်မထင်ဘူး။ ကျနော့်မှာ ဘာမှမဆုံးရှုံးတာတောင် အလိုလို စိတ်ထိခိုက်တယ်။ ဘဝမှာ အခုလို တခါမှမမြင်ဖူးဘူး။”

ဒါကတော့ မင်းပြားမြို့ခံ ဒေါက်တာ တင်မြင့်ဦး ပြောပြခဲ့တာဖြစ်ပါတယ်။ မင်းပြားမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ ညက လောင်ခဲ့တဲ့မီးကြောင့် အသေအပျောက်နဲ့ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။ မနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကတော့ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးက မီးလောင်ခဲ့တဲ့ဈေးကို လာကြည့်ခဲ့ပေမဲ့ အခုချိန်ထိတော့ ဆုံးရှုံးမှုစာရင်းကို တရားဝင်ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

XS
SM
MD
LG