သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်္ဂလာဈေး မီးဘေးသင့် ဆိုင်ရှင်များ ဆုံးရှုံးမှုကြီးမား


မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးကြီးမှာ တနင်္လာနေ့မနက်ပိုင်း ရှစ်နာရီခွဲလောက်က စတင် လောင်ကျွမ်းခဲ့တဲ့မီးဟာ ညဖက်မိုးရွာပြီးမှပဲ ထိမ်းနိုင်တဲ့ အခြေနေကိုရောက်ခဲ့ပါတယ်။

ဆိုင်ခန်းပေါင်း လေးထောင်လောက်ရှိတဲ့ မင်္ဂလာဈေးဟာ နိုင်ငံတဝှမ်းကို ဆေး၊ အထည်အလိပ်နဲ့ လူသုံးကုန်ပစ္စည်း အမျိုးမျိုး လက်ကားဖြန့်ဖြူးပေးတဲ့ ဈေးကြီးတခုဖြစ်ပါတယ်။ မင်္ဂလာဈေး မီးလောင်ကျွမ်းတဲ့ အခြေနေကိုသိရဖို့ အတွက် ရန်ကုန် ဗဟိုမီးသတ်အဖွဲ့ကို ဆက်သွယ်မေးမြန်းတဲ့အခါ မီးကိုထိမ်းနိုင်ပြီဖြစ်ကြောင်း မီးသတ်တာဝန်ခံတဦးက ခုလိုပြောပါတယ်။

မီးထိမ်းနိုင်ပြီ၊ မီးထိမ်းနိုင်ပြီ

ဒါပေမဲ့ မင်္ဂလာဈေးက မီးစတင်လောင်ခဲ့တဲ့ လေးထပ်မှာ ဆေးဆိုင်ဖွင့်ထားသူ တဦးကတော့ မီးစတင်လောင်ချိန်ကစပြီး ဖိဖိစီးစီး ညှိမ်းသတ်ဖို့အတွက် တာဝန်ရှိသူတွေ မဆောင်ရွက်နိုင်ခဲ့ဖူးလို့ ပြောပါတယ်

ထိမ်းနိုင်တယ်ဆိုတာက တိုက်ကလဲ ပြိုတော့မယ်လေ။ ကုန်ခါနီးကျမှ ထိမ်းနိုင်တယ်ပြောတော့ တနေကုန်ကျတော့ မီးသတ်ကားကနဲ ရေကအဆင်မပြေနဲ့ ဘာနဲ့၊ ဒီဟာကိုဖိဖိစီးစီး ညှိမ်းသတ်ပြီးလုပ်ဖို့ကို သူတို့မှာ အစီအစဉ်သိပ်ရှိပုံ မရဘူး၊ မီးတွေလောင်ရင် အဲ့ဒီအတိုင်းချည်းပဲ၊ အစိုးရပိုင်းမှာလည်း တာဝန်ယူမှုက အားနဲလွန်းအားကြီးပါတယ်။ ခေတ်မှီ ပစ္စည်းပစ္စယက တကယ်တမ်းကျ ဘာမှမရှိဘူး။ ဖြစ်သလို ဖြစ်သလိုနဲ့။

နောက်ပြီးတော့ ရေပိုက်ကနဲနဲလေး၊ မီးကများ၊ ရေပိုက်ကလည်းမပက်နိုင်တော့ မီးကိုဆွပေးသလို ဖြစ်နေတယ်။ ဘာမှ အလုပ်မဖြစ်ပါဖူးဗျာ။ အခုဟာက မီးသတ်ကားအရေအတွက်ထက်၊ ရဲအရေအတွက်၊ လုံထိမ်းအရေအတွက်၊ ဝါယာလက် ဟာ တိုင်းကရော အဲဒါတွေကများနေတယ်။ မီးသတ်ကားကနဲနေတယ်။ နဲတော့ ရေတခေါက်ပြန်ကဲ့လိုက်၊ လာလိုက်။ အဲဒီနားမှာရှိတဲ့ ဂျိုးဖြူပိုက်ကနေ တဆင့်စောင့်လိုက်ဆိုတော့ အဓိကက မီးသတ်အင်အားနဲလို့ အဲလောက်အထိ ဆုံးရှုံးတာပေါ့ဗျာ။ ဒါကတော့ ထုံးစံပါပဲ

မီးသတ်အင်အား နဲပါးပေမဲ့ ညဖက်မှာ မိုးရွာသွန်းခဲ့တဲ့ အတွက် မီးကိုထိမ်းသိမ်းနိုင်တဲ့ အခြေနေကိုရောက်ခဲ့တယ် လို့လဲတွက်ပါတယ်။

တနာရီလောက်ဝန်းကျင် လောက်ကမိုးရွာတယ်။ ဆယ့်ငါးမိနစ် လောက်မိုးရွာလိုက်တာ ရေပါသွားလို့ သက်သာသွားတာ ဖြစ်မယ်။ အဲဒီမိုးမရွာရင်တော့ တမြေ့မြေ့နဲ့ အခုတောင် အထဲမှာ မငြိမ်းနိုင်ဘူးဗျ တနေကုန်လောင်ထားတဲ့ မီးက။ တမြေ့မြေ့နဲ့တော့ ကျန်အုံးမယ်ထင်တာပဲဗျာ။

မီးညွန့်ကျိုးသွားတဲ့သဘောလား။ မိုးကလည်း ရေပါတဲ့ မိုးဆိုတော့ ဆယ့်ငါးမိနစ် မိနစ် ၂၀လောက် ရေပါတဲ့မိုးဆိုတော့ ထိရောက်သွားပုံရပါတယ်။ နေ့ခင်းတုန်းကရွာတဲ့မိုးက အထဲမှာ လှိုက်လောင်နေတဲ့ အချိန်ဆိုတော့ဗျာ၊ ခေါင်မိုးကလည်း မပွင့်သေးဖူး။ အဲဒီမိုးက ဘာမှမထိရောက်လိုက်ဖူး။ အဲဒီမိုးရွာပြီးမှ မီးခိုးတွေက အကုန်လုံး ထွက်ပြေးရတယ် မခံနိုင်ဘူး

လေးထပ်မှာ မီးစတင်လောင်ကျွမ်းချိန်ဟာ ဆိုင်ခန်းတွေ စဖွင့်ချိန်မှာဖြစ်ပြီး လေးထပ်တထပ်လုံး တနေကုန် လောင်ကျွမ်းခဲ့ပေမဲ့ အောက်ထပ်တွေတော့ လွတ်နိုင်တယ်လို့ ပြောပါတယ်။

လေးထပ်က ဒိုရူး မိတ်ကပ်တို့၊ facial ကုမ္ပဏီ ဆိုင်တွေမှာ ပစ္စည်းသွင်းတဲ့သူပေါ့။ အဲဒီဆိုင်ကလို့ ပြောတာပဲ။ ကျနော်က လေးလွှာပဲ။ ကျနော်တို့က ဆေးတန်း။ ဆိုင်ခန်းတွေ လာဖွင့်ကြရင်း အဲဒီမှာ ပန်ကာ ကနေ ဝိုင်ယာရှော့ ဖြစ်တယ် ပြောတာပဲဗျ။ အောက်ထပ်ကို မရောက်ဘူးခင်ဗျ။ လေးလွှာမှာပဲ တော်တော်များများ နှံ့အောင် လောင်ပြီးမှ အလယ်က စက်လှေကား ပြုတ်ကျတယ်။ ဒါကတော့ ဘယ်သူမှ ဝင်လို့မရတော့လည်း ပြောလို့မရဘူးပေါ့။ မနက် ၈ နာရီလောက်မှာ စလောင်တယ်။ မီးများတာက ၉ နာရီကျော်လောက်မှာ လေးထပ်တခုလုံး လောင်တယ်။ နောက်ပြီးတော့ ဆက်လောင်တယ်။ ပစ္စည်းတွေကများတော့ တနေကုန်လောင်နေတာပဲ။ အဲဒါကိုလည်း မီးကို ငြိမ်းအောင် မငြိမ်းသက်နိုင်ဘူး။ ညနေ ၆ နာရီကျော်တော့ အပေါ်ထပ်ပါ ကူးသွားရော။ စားသောက်တန်းပေါ့ဗျာ။ အဲဒါပါ ကုန်သွားတယ်။ အခုဟာကတော့ တတိယထပ်တွေမှာလည်း နည်းနည်း မီးစွဲမယ်ထင်တယ်။ မီးအပူရှိန်နဲ့ တိုက်က အက်နေတယ်ဗျ။ အက်နေတော့ အောက်မှာရှိတဲ့ ပစ္စည်းပစ္စယတွေလည်း ကျွမ်းမယ်ထင်တယ်။ ဒီမီးအပူရှိန်နဲ့။ အဲဒါကြောင့် မလွယ်လှဘူး။ မြေညီထပ်တို့၊ ပထမထပ်တို့တော့ လွတ်ဖို့ များတယ်။

ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး လူအသေအပျောက် ရှိမရှိ အခုထိ မသိရသေးပါဘူး။ ဒါပေမဲ့ အခုလောင်ကျွမ်းခဲ့တဲ့ လေးထပ်မှာ ဆိုင်ခန်းပေါင်း ၈၀၀ ရှိပြီး ထပ်ဝက်ကတော့ ဆေးရောင်းတဲ့ ဆိုင်ခန်းတွေ ဖြစ်ပါတယ်။ အခု မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု များမယ့်အပြင် ဈေးကွက်တွေလည်း ကမောက်ကမ ဖြစ်ဖို့ရှိတယ်လို့ ပြောပါတယ်။

သင်္ကန်းကျွန်းဈေး မီးလောင်ပြီးတော့ မင်္ဂလာဈေး လာတော့မယ်လို့ ပြောနေကြတာပဲ။ အခုလာလည်း လာရော မထင်ဘူးပေါ့ဗျာ။ ကျနော်တို့ဆို ဘာမှမရဘူး။ ဆုံးရှုံးမှုက တအားကြီးတာကိုး။ လူတွေလည်း ကိုယ်တယောက်တည်းတင် မကဘူးပေါ့။ အကုန်လုံး စိတ်ဆင်းရဲကြရတာပေါ့။ ထိခိုက်စရိတ် အတွက်ပေါ့။ ဆေးဈေးကွက်ကတော့ ဒီမှာပဲ ရှိတာပေါ့။ ပိုက်ဆံကတော့ မနည်းဘူး ဆုံးရှုံးတာပေါ့ဗျာ။ တဆိုင်ကို သိန်းတရာနဲ့ တွက်မယ်ဆိုရင်တောင်မှ ဆိုင်ခန်း အဲဒီတထပ်မှာတင် ၇၉၆ ခန်း၊ ၇၉၇ ခန်းလောက် ရှိတယ်။ အပေါ်ထပ်မှာ ဂိုထောင်တွေလည်း ပါသွားတယ်လေ။ ဂိုထောင်တွေမှာရှိတဲ့ တန်ကြေးကလည်း မနည်းဘူးဗျ။ ဒီအတိုင်းဆို ဈေးကွက်ကတော့ ကမောက်ကမတော့ ဖြစ်မှာ ကျိန်းသေတာပေါ့ဗျာ။ အခုက လက်ကျန်ဈေးကွက်က ဗိုလ်ချုပ်ဈေးမှာရှိတော့ မင်္ဂလာဈေးသမားတွေ အကုန်လုံး ဗိုလ်ချုပ်ဈေးကို ပြုံဆင်းသွားကြပြီ။ ဒီနေ့တောင်မှ ဆိုင်ခန်းတွေ အပြိုင်အဆိုင် ရှိတဲ့ပိုက်ဆံနဲ့ ငှားကြတယ်ဆိုတော့ ဈေးကလည်း တက်ဦးမှာပဲ။ နောက်ပြီးတော့ ဈေးကွက်ကလည်း လည်ပတ်တာ ထုံးစံအတိုင်းပေါ့၊ နည်းနည်းပါးပါး အကြွေးစနစ် ဘာစနစ်နဲ့ လည်ပတ်ကြတာကိုး။ အခုဟာ အကုန်လုံး ဆုံးရှုံးသွားတော့ လက်ထဲမှာ ငွေရှိတဲ့သူကပဲ သာတာပေါ့ဗျာ။

မီးလောင်ရာမှာ ဆိုင်ခန်းတခုလုံး ဆုံးရှုံးခဲ့ရတဲ့ ဆေးဆိုင်ပိုင်ရှင်တဦးက ပြောခဲ့တာပါ။

XS
SM
MD
LG