သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့ မင်္ဂလာဈေးကြီး မီးလောင်


မီးလောင်နေဆဲ မင်္ဂလာဈေး။ မေလ ၂၄၊ ၂၀၁၀
မီးလောင်နေဆဲ မင်္ဂလာဈေး။ မေလ ၂၄၊ ၂၀၁၀

ခေါင်မိုးထပ်အပါအဝင် စုစုပေါင်းငါးထပ်ရှိတဲ့ ရန်ကုန် မင်္ဂလာဈေးမှာ ခုချိန်ထိ မီးလောင်နေဆဲ ဖြစ်ပါတယ်။ မနက်ကတည်းက လောင်နေတဲ့ မီးကို မီးသတ်တပ်ဖွဲ့က ခုချိန်ထိ မငြှိမ်းသတ်နိုင် ကြသေးပါဘူး။ ဗွီအိုအေက ရန်ကုန် ဗဟိုမီးသတ်တပ်ဖွဲ့ကို အသံမလွှင့်ခင် အချိန်လေးမှာ ဆက်သွယ် မေးကြည့်တော့ တာဝန်ရှိသူတယောက်က အခုလို ပြန်ပြောပြပါတယ်။

“ကျနော်တို့ မီးငြှိမ်းနေဆဲပါ၊ အပျက်အစီးအခြေအနေ အပြည့်အစုံ ဘာမှ မရသေးဘူးခင်ဗျ၊ မသိသေးဘူး။”

ပျက်ဆီးဆုံးရှုံးမှု အတိအကျ မသိရသေးပေမယ့် ဈေးဆိုင်ခန်း ၄,၀၀၀ လောက်ရှိတဲ့ မင်္ဂလာဈေးမှာ ထိခိုက် ပျက်စီး ဆုံးရှုံးမှုတွေ တော်တော်လေး များနိုင်တယ်လို့ ရန်ကုန်မြို့ခံတွေ ခန့်မှန်းနေကြပါတယ်။ ဒီနေ့ မနက်ပိုင်း ခန့်မှန်းခြေ မနက် ၈ နာရီလောက်ကစပြီး ဆေးဝါး အလှကုန်နဲ့ စာရေးကိရိယာ၊ ပရိဘောဂတွေရောင်းတဲ့ ၄ ထပ်ကစပြီး မီးလောင်ခဲ့တာဖြစ်ပါတယ်။ ဈေးသူဈေးသားတွေရဲ့အပြောအရ ဈေးရဲ့အောက်ထပ် အထည်အလိပ်တန်းတွေကို ညနေစောင်းမှာ မီးကူးတယ်လို့ပြောပြပါတယ်။ မီးလောင်တဲ့နေရာကို ကိုယ်တိုင် သွား ကြည့်တဲ့ ရန်ကုန်မြို့ခံတယောက်က သူမြင်ရတဲ့အခြေအနေကို ပြောပြတာက -

“လမ်းလည်း ပိတ်ထားတယ်၊ အဲဒီနားက မီးခိုးတွေတောင် အရမ်းမွှမ်နေသေးတယ်။ ဒီနေ့ မိုးရွာသွားလို့သာ တော်သေးတာ။ မိုးမရွာဘူး ဆိုရင်တော့ တော်တော်လောင်မယ့်ပုံပဲ။ အတွင်းထဲမှာ လှိုက်ပြီး လောင်နေတုန်းပဲ။"

မီးလောင်ကျွမ်းတဲ့နေရာဟာ ကန်တော်ကြီးကနေ ရေတွေ လွယ်လွယ်ကူကူ စုတ်ယူလို့ ရတဲ့နေရာဖြစ်တာကြောင့်ရော၊ ဒီနေ့ နေ့ခင်းပိုင်း မိုးနည်းနည်း ရွာလိုက်တဲ့အတွက်ပါ မီးညွန့် အတော်အတန် ကျိုးသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ မီးငြှိမ်းသတ်နေတဲ့ အခြေအနေကိုလည်း မျက်မြင်သက်သေ ရန်ကုန်မြို့ခံက အခုလို ပြောပြပါတယ်။

“အဲဒီအထပ်က အဓိကကတော့ ဆေးဝါးနဲ့ ပရိဘောဂတွေ ရောင်းတယ်ဗျ။ အဲဒီမှာတော့ ထုံးစံအတိုင်း လူတောင်မှ လမ်းလျှောက်လို့မရဘူး ပေါ့ဗျာ၊ သူက ကျပ်လည်းကျပ်တာကိုး၊ ဆိုင်ခန်းလေးတွေကကျဉ်းတော့။ မီးသတ်သမားတွေက စွန့်စွန့်စားစား ငြိမ်းပါတယ်။ ကားတွေက ကန်တော်ကြီးနဲ့နီးတော့ ကန်တော်ကြီးက ရေသွားစုပ်လို့ရလို့ တော်သေး တာပေါ့လေ။ ဟိုတလောတုန်းကတော့ မီးငြိမ်းသတ်တာ ရဟတ်ယာဉ်တွေ ဘာတွေ ရှိတယ်ပြောတာပဲ၊ အခုတွေ့တာတော့ ကားတွေပဲ တွေ့တယ်၊ သဲကားတွေ တွေ့တယ်။”

မင်္ဂလာဈေး မီးလောင်ကျွမ်းမှု နောက်ဆုံးအခြေအနေကို ရန်ကုန်မြို့ခံတယောက် ပြောပြသွားတာပါ။

စတင် မီးလောင်ကျွမ်းတဲ့ လေးထပ်ကိုတက်ပြီး မီးငြှိမ်းတဲ့ မီးသတ်သမားတယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအဖွဲ့ဝင် တယောက် ပြောတာကို AFP သတင်းမှာ ဖော်ပြပါတယ်။ တခြား ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေတော့ ထွက်လာတာ မတွေ့ရသေးပါဘူး။

အခုလို လူသုံးကုန်မျိုးစုံနဲ့ ဆေးမျိုးစုံရောင်းတဲ့ မင်္ဂလာဈေးရဲ့ လေးထပ်ကစပြီးတော့ လောင်ခဲ့တဲ့မီးဟာ နာရီပေါင်းများစွာ လောင်နေ တာမို့လို့ မီးကြောင့် ပျက်စီးဆုံးရှုံးမှုတွေက တော်တော်လေးများတယ်လို့ ဈေးသူဈေသားတွေကပြောပါတယ်။

မီးစလောင်တုန်းကအခြေအနေကို ဘန်ကောက်ကနေ ကိုသားညွန့်ဦးက သတင်းပို့ထားပါတယ်။

လေးထပ်အမြင့်ရှိတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးမှာ ဒီကနေမနက် ၈နာရီခွဲလောက် မီးစလောင်တဲ့နေရာကတော့ ဆေးဝါး အလှကုန်နဲ့ စာရေးကိရိယာတွေ ရောင်းချတဲ့ ၄ လွှာမြောက်ဖြစ်ပါတယ်။ မီးလောင်ချိန်ဟာ ဈေးဖွင့်စအချိန်ဖြစ်တာမို့ ဈေးအတွင်းမှာ လူများများစားစားမရှိသေးပေမဲ့ အပေါ်ဆုံးထပ် ခေါင်မိုးပေါ်ဖွင့်ထားတဲ့စားသောက်တန်းမှာတော့ ဈေးသည်အချို့ ကနဦး ပိတ်မိနေခဲ့ ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ မီးသတ်က လှေကားတွေနဲ့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ အဲဒီမှာ မျက်မြင်တွေ့ခဲ့သူတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ဆယ်နာရီထိုးခါနီးလောက်က ဝုန်းဆိုပေါက်တော့ လူတွေ ဒီဘက်ကို အတင်းပြေးလာတယ်။ နောက် နှစ်ခေါက်လောက် ပေါက်တဲ့အသံတွေ ကြားရတယ်။”

ဘာပေါက်တာလဲ၊ ဂက်စ်ပေါက်တာ ဖြစ်နိုင်လား။
“ဂက်စ်ပေါက်တာ ဖြစ် မဖြစ်တော့ မသေချာဘူး။ သူများတွေပြောတာတော့ ဂက်စ်ပေါက်မှာ ကြောက်တယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ဂက်စ်ပေါက်တာ မဖြစ်နိုင်ဘူး။ ဂက်စ်ပေါက်ရင် ဒီ့ထက်ပိုပြီးတော့ ကျယ်မယ်လို့ ထင်တာပဲ။”

အခုဟာ မီးလောင်တာ ဘယ်နေရာတွေ လောင်ထားတာ တွေ့ပြီးပြီလဲ။
“ကျနော် ပြန်လာတဲ့အချိန်ထိတော့ အပေါ်ထပ်က ဒန်ပေါက်ဆိုင်နားနဲ့ မျက်နှာချင်းဆိုင်အထပ် က လောင်နေတယ်။ ပြီးတော့ ဒီဘက်ကို ကူးသွားတယ်။ ကျနော် ပြန်လာတဲ့အချိန်တော့ အပေါ် ထပ် တထပ်လုံးကုန်ပြီ။ ပြိုကျလုနီးပါးရှိနေပြီ။ မှန်တွေ အကုန်လုံးလဲ ကုန်သွားပြီ။”
ဘယ်အချိန်က စ လောင်တာလဲ၊ ဘာကြောင့် လောင်တယ်လို့ သိထားလဲ။

“၈ နာရီ၊ ၈ နာရီခွဲလောက်က စတယ်။ ဘာ့ကြောင်လောင်လဲဆိုတာတော့ ဝါယာရှော့ခ်လို့တော့ ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာက မီးထိုးဖို့ပဲပေးတယ်၊ ဒါပေမယ့် တချို့တွေက ဟင်း တွေ ဘာတွေချက်တာလား ဘယ်လိုလဲတော့မသိဘူး၊ တခုခု မီးအား ပိုပြီး သုံးတယ် လို့တော့ ပြောတယ်။”

လူအသေအပျောက်တွေရော ရှိလား၊ ထိခိုက်ဒဏ်ရာရတာတွေ။
“ပထမတုန်းက လူတယောက်က အဲဒီ ပြူတင်းပေါက်ကနေပြီးတော့ လှမ်းအော်တယ်၊ သူ့ကို ကယ်ဖို့၊ ကရိန်းနဲ့ ဟိုဘက်ကနေပြီးတော့ ကယ်သွားတယ်လို့ ပြောတယ်၊ အရင်တုန်းက ဆယ်ယောက်လောက်ရှိတယ်တဲ့၊ ခုနောက်ပိုင်းကျတော့ တယောက်မှ မရှိတော့ဘူးတဲ့။”
ဈေးအတွင်းက ပစ္စည်းတွေကိုတော့ ဆိုင်ပိုင်ရှင်တွေ သယ်ယူခွင့်မရလိုက်တာကြောင့် ဈေးတခုလုံး လောင်မယ်ဆိုရင်တော့ ပစ္စည်းတွေအားလုံးပါ ဆုံးရှုံးမယ့်သဘောရှိတယ်လို့ ရန်ကုန်မြို့ခံ မျက်မြင်တဦးကလည်း ပြောပါတယ်။
“စ လောင်ခါစက ဈေးက တာဝန်ရှိတဲ့လူတွေ သူတို့ မီးသတ်ကို အကြောင်းကြားတယ်၊ စိတ် မပူနဲ့၊ တာဝန်ယူတယ်ပေါ့နော်၊ ဘာမှ မဖြစ် စေရဘူး၊ မသယ်ကြပါနဲ့ ဘာညာ သူတို့က စိတ် အေးအောင်ပြောတော့ တချို့လူတွေက သယ်ဖို့ ပြင်ဆင်ပြီးမှ မသယ်ဘဲနဲ့ ပြန်ထုတ်ထားလိုက် တဲ့လူတွေ၊ ပြန် ပစ္စည်းထည့်လိုက်တဲ့လူတွေလည်း ရှိတယ်ဗျ။ မနက် ၉ နာရီလောက်မှာ မီးရှိန်ကတက်လာတော့ မနိုင်တော့မှန်းသိတော့ အဲဒီအချိန်မှာ နည်းနည်းပါးပါးပဲ သယ်နိုင်ကြတော့တယ်၊ သယ်ဖို့ အချိန်မရှိတော့ဘူးပေါ့။ ၉ နာရီကျော်တော့ လုံခြုံရေးတွေ၊ စစ်တပ်တို့ ဘာတို့တက်လာတော့ အားလုံးကို ဆင်းခိုင်းတော့၊ အန္တရာယ်ရှိတယ်ဆိုပြီး ဆင်းခိုင်းတာ။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်းက မီးလောင်မှု ၇၁၉ ခု ရှိခဲ့ပြီး မီးလောင်မှုတွေကြောင့် ၂၈ ဦး သေဆုံးခဲ့တယ်လို့ အစိုးရ ကိန်း ဂဏန်းကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

XS
SM
MD
LG