သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်စီစစ်ရေး မြန်မာ-ဘင်္ဂလားဒေ့ရ်ှ အရှိန်မြင့်ဆောင်ရွက်မည်


ဒီကနေ့ကျင်းပတဲ့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ။ ( ဧပြီ ၁၉-၂၀၁၈)
ဒီကနေ့ကျင်းပတဲ့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ။ ( ဧပြီ ၁၉-၂၀၁၈)

ရခိုင်ပြည်နယ်က တိမ်းရှောင်သွားသူတွေ နေရပ်ပြန်နိုင်ရေး အတွက် အရေးကြီးဆုံး အဆင့်ဖြစ်တဲ့ မြန်မာအစိုးရက ပေးပို့ထားတဲ့ စိစစ်ရေးပုံစံစာရွက် Form တွေကို တိကျမှန်ကန်စွာဖြည့်ပို့နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ခရီးစဉ်မှာ ဆွေးနွေးနိုင်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒီကနေ့ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ရောက် ဒုက္ခသည်တွေဟာမြန်မာအစိုးရက ပေးပို့ထားတဲ့စိစစ်ရေးပုံစံစာရွက် Form တွေကို မသိကြောင်းပြောဆိုတဲ့အတွက် ဒီကိစ္စကို အဆင်ပြေအောင်ဆောင်ရွက်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရ်ှအစိုးရအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ကြောင်းပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇာမြို့နဲ့ ဒါကာမြို့တို့ကို ဧပြီလ ၁၁ရက်ကနေ ၁၃ရက်အထိ သွားရောက်ခဲ့တာဖြစ်ပြီး ဒီခရီးစဉ်အတွင်း ဆောင်ရွက်ခဲ့တာတွေကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာသံတမန်တွေနဲ့ နိုင်ငံခြားသတင်းဌာနတွေကိုပါ ဖိတ်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါက်တာဝင်းမြတ်အေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့က ဒုက္ခသည်စခန်းမှာ လူ၂၅ယောက်လောက်နဲ့တွေ့ဆုံခဲ့ရပြီး သူတို့အားလုံးက မြန်မာပြည်ကို အမြန်ဆုံးပြန်လိုတယ်လို့ ပြောဆိုကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ ဒါပေမဲ့ ဒီတွေ့ဆုံခဲ့ရသူတွေဟာ နေရပ်ပြန်ရေးအတွက်မြန်မာအစိုးရကပေးပို့ထားတဲ့ စိစစ်ရေးပုံစံစာရွက် Form တွေကို မသိရှိကြောင်း ပြောဆိုတဲ့အတွက် အံအားသင့်မိကြောင်း အခုလို ပြောဆိုခဲ့ပါတယ်။

“ မြန်မာပြည်ကို ပြန်ဖို့ဆိုရင် ပထမဆုံးလုပ်ရမယ့်အချက်က စိစစ်ရေးပုံစံစာရွက်ကို ဖြည့်ပေးဖို့ ဖြစ်ပါတယ်။ အံအားသင့်စရာကောင်းတာက သူတို့တွေဟာ အဲဒီပုံစံစာရွက်ကို လုံး၀ မတွေ့ဖူးသလို ဒီပုံစံစာရွက်ဖြည့်ဖို့နဲ့ ပတ်သက်ပြီးလို့လည်း ဘာသတင်းအချက်အလက်လည်း ရမထားကြပါဘူး။ ဒါဟာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။”

ဒီစိစစ်ရေး ပုံစံစာရွက် Form ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၃ရက်နေ့က မြန်မာနိုင်ငံ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်နဲ့ အညီ ပေးပို့ထားတာလည်း ဖြစ်ပါတယ်။

ဒီစိစစ်ရေးပုံစံစာရွက်တွေအရေးနဲ့ပတ်သက်ပြီး ဒါကာမြို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နဲ့ ဆွေးနွေးရာမှာ အမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက် သဘောတူခဲ့ကြောင်းလည်း ဒေါက်တာဝင်းမြတ်အေးက ဆက်ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြည်ထဲရေးဝန်ကြီးကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်သလဲ၊ ဒါအမှန်ပဲလားလို့မေးမြန်းခဲ့ပြီး သူတို့ဖက်ကဟုတ်မှန်ကြောင်း ဝန်ခံခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးက ဒီပုံစံစာရွက်တွေကို ပြန်လည်ရေးသားဖြည့်စွက်ပြီး အမြန်ဆုံးမြန်မာပြည်ကို ပြန်ပို့မယ်လို့ ပြောဆိုပါတယ်။ ဒါဟာ ကျနော်တို့အတွက် အောင်မြင်မှုပါပဲ။ ဒါဟာ နှစ်နိုင်ငံသဘောတူညီချက်နဲ့အညီ လုံလုံခြုံခြုံ၊ ဂုဏ်သိက္ခာရှိရှိနဲ့ မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအစီအစဉ် စတင်ဖို့အတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်ကို ဒေါက်တာဝင်းမြတ်အေးနဲ့အတူ လိုက်ပါခဲ့တဲ့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု ဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲ့ UEHRD က ဒေါက်တာအောင်ထွန်းသက် နဲ့ အခြားကိုယ်စားလှယ်အဖွဲ့ဝင်တွေကလည်း သူတို့ အတွေ့အကြုံတွေကို တင်ပြခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကလည်း

“လာမယ့်အပတ်တွေအတွင်းမှာ မိုးကျလာတော့မှာဖြစ်တယ်။ မိုးမကျမီအချိန်မှာ ဒုက္ခသည်တွေ နေရပ်ပြန်လာတာကို ကျနော်တို့ တွေ့မြင်လိုပါတယ်။ ကျနော်တို့ဟာ ပြန်လည်လက်ခံဖို့အတွက် လိုလားသလို အဆင်သင့်လည်းဖြစ်နေပါပြီ။ ဒီသတင်းစကားကို ပြောကြားလိုပါတယ်။ မိမိတို့ စိတ်သဘောဆန္ဒ အလျောက်ပြန်လာ လိုသူတွေအတွက် ကျနော်တို့ဟာ ပြန်လည်လက်ခံဖို့အတွက် လိုလားသလို အဆင်သင့်လည်းဖြစ်နေပါပြီ။ ပြန်လာသူတွေဟာ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိမှုတွေလည်း ရရှိစေမှာဖြစ်ပါတယ်။”

ဒီအတွက်လည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လည်း လိုအပ်နေကြောင်း ထည့်သွင်းပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဘင်္ဂလားဒေရ်ှနိုင်ငံဖက်က မြန်မာပြည်ပြန်မယ့်သူ ၈၀၀၀ကျော်ပါ စာရင်းကို ပေးပို့ခဲ့ပေမဲ့ မြန်မာအစိုးရက စိစစ်ရာမှာ အထောက်အထား ခိုင်မာသူ လူ ၈၀၀ကျော်သာရှိကြောင်း ပြန်လည်တုံပြန်ထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မြန်မာနိုင်ငံကို နေရပ်စွန့်ခွာသွားသူ ၅ဦး ပြန်လည်၀ င်ရောက်လာကြောင်းမြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG